အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, August 4, 2019
ရဟန္တာ ဖြစ်ချင်ရင် ဥပုသ်စောင့် ~~~~~~~~~~~~~~~~~~~~ သိကြားမင်းကြီးက တစ်ခါက ပြောတယ်၊ လူ့လောကမှာရှိတဲ့ ပုဂ္ဂိုလ်တွေ လဆန်း၈-ရက် လဆုတ်၈-ရက် လပြည့် လကွယ်တွေမှာ ဥပုသ်စောင့်ကြမယ်ဆိုလို့ရှိရင်- အဲဒီပုဂ္ဂိုလ်တွေ သူ့လို သိကြားဘဝ ရောက်ချင်လို့ရှိရင်တဲ့ ဥပုသ်စောင့်ကြပါ လို့ သိကြားမင်းကြီးက နတ်သဘင် အစည်းအဝေးတစ်ခုမှာ မိန့်ခွန်းပြောသတဲ့။ 🔹 အဲဒီလို မိန့်ခွန်း ပြောတာကို မြတ်စွာဘုရားက ဘာပြောတုန်းဆို - သိကြားမင်းပြောတဲ့ *ငါလို သိကြားဖြစ်ချင်လို့ ရှိရင် ဥပုသ်စောင့်* ဆိုတဲ့ စကားဟာ မပြည့်စုံဘူးတဲ့၊ တကယ်ပြောရမှာက ရဟန္တာပုဂ္ဂိုလ်က `ငါ့လို ရဟန္တာ ဖြစ်ချင်ရင် ဥပုသ်စောင့်´ လို့ ပြောရမယ်တဲ့။ 🔹ဒါကြောင့်မို့လို့ ဥပုသ်စောင့်တယ်ဆိုတာ နည်းတဲ့ကုသိုလ် မဟုတ်ဘူးတဲ့၊ ရဟန္တာပုဂ္ဂိုလ်ကသာလျှင် `ငါ့လို ရဟန္တာဖြစ်ချင်တဲ့ ပုဂ္ဂိုလ်တွေ ဥပုသ်စောင့်ကြပါ´လို့ ပြောရတဲ့ - အဓိပ္ပါယ်ရှိလှတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ ကျင့်စဉ်တစ်ခုဟာ တစ်ပါးသီလစောင့်မယ် နှစ်ပါးသီလစောင့်မယ်စတဲ့ ပုံပျက်ပန်းပျက်ဥပုသ်မျိုး မဖြစ်စေဘဲနဲ့ အဓိပ္ပါယ်ရှိရှိ ဥပုသ်ကို စောင့်သုံးနိုင်ဖို့ အင်မတန်မှအရေးကြီးပါတယ်၊ 🔹ဥပုသ်လို့ ပြောလိုက်တာနဲ့ ဘာသာခြားတွေက သူတို့လည်း ဥပုသ်၊ ဗုဒ္ဓဘာသာကလည်းဥပုသ် အတူတူပဲလို့ တချို့က ထင်နေတတ်ကြတယ်ပေမယ့် အနှစ်သာရပိုင်းမှာ အလွန်ကွာခြားတယ်ဆိုတာအားလုံးသဘောပေါက် နားလည်ပြီး ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တကယ့်စစ်မှန်တဲ့`အရိယုပေါသထ´လို့ ခေါ်တဲ့ သူတော်စင်သူတော်မြတ်တို့ စောင့်သုံးတဲ့ ဥပုသ်ကို ကိုယ်စီကိုယ်ငှ ကျင့်ကြံကြိုးကုတ် အားထုတ် စောင့်သုံးနိုင်ကြပါစေ။ 🔸သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ။ ဣဒံ မေ ပုညံ ဗောဓိဉာဏဿ ပစ္စယော ဟောတု။ ဒေါက်တာအရှင်နန္ဒမာလာဘိဝံ🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/2ZxmL1M
Newer Post
Older Post
Home