Thursday, August 8, 2019

ကိုယ်ရဲ့စိတ်ကလေးကို ကိုယ်နိုင်အောင် ဆုံးမသွားနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတော် ကောင်း ဖြစ်သွားတာပဲ။ 🙏🙏🙏🙏🙏🙏 မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာ လူရဲ့စိတ်ကို ဗဟိုပြုပြီး ဆုံးမတာ ဖြစ်တယ်။ လောကလူတိုင်းလူတိုင်းဟာ ဘုရားရဲ့အဆုံးအမနဲ့အညီ စောင့်ကြည့်ပြီး ပြုပြင်ပေးရမှာက စိတ်ပဲဖြစ်တယ်။ ကိုယ့်စိတ်လေးကို ကိုယ်ပြုပြင်ပေးလေ ကောင်းလေပဲ။ လောကလူတွေက စိတ်ရဲ့အလိုလိုက်နေကြတာ။ စိတ်ထဲမှာ ဖြစ်ပေါ်ရာကို လူတွေက လိုက်လုပ်နေကြရတာ။ အဲဒါကို ပြောင်းပြန် ပြန်သွားအောင် လုပ်ရမယ်။ စိတ်အတိုင်း မလိုက်ရဘူး။ အချို့က စိတ်သွားတိုင်း ကိုယ်ပါ ပါရစေနဲ့ဆိုပြီးတော့ စိတ်ကို မြှောက်ပင့်ပေးတတ်တယ်။ စိတ်ဆိုတာ ဘယ်မှာ ပျော်မွေ့တတ်တုန်းဆို " ပါပသ္မိံ ရမတိ မနော " မကောင်းတဲ့ အာရုံတွေပေါ် မှာ ပျော်တယ်။ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အတွေး တွေမှာပဲ ပျော်တာ။ ဒါကြောင့်မို့ စိတ်ကို ဟန့်တားဖို့ တားဆီးဖို့၊ ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတွေဟာ အင်မတန်မှ များတယ်။ " စိတ္တံ ဒန္တံ သုခါဝဟံ။ စိတ္တံ ဂုတ္တံ သုခါဝဟံ " စိတ်ကလေးကို ထိန်းသိမ်းနိုင်ပြီ၊ ထိန်းချုပ်နိုင်ပြီဆိုရင် ချမ်းသာတွေ ရလာမယ်လို့ မြတ်စွာဘုရားက ဒီလို ဟောတာ။ စိတ်ကို လွှတ်ထားရမယ်လို့ ဘယ်တော့မှ မဟောဘူး။ အဲဒီတော့ အရေးကြီးဆုံးက ကိုယ့်စိတ်ကလေးကို ကောင်းတဲ့ အာရုံတွေနဲ့ တွဲဖက်နေအောင် လေ့ကျင့်ရမယ်။ လူရဲ့သဘာဝကို လေ့လာတဲ့အခါမှာ လူရဲ့ရုပ်ပိုင်းဆိုင်ရာကို ဒီလောက် အဓိကထားတာ မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာကို လေ့လာဖို့ အင်မတန်မှ အရေးကြီးတယ်ပေါ့။ အဲဒီစိတ်ပိုင်းဆိုင်ရာ လေ့လာဖို့အတွက် ကိုယ်ရဲ့စိတ်ကလေးကို ကိုယ်နိုင်အောင် ဆုံးမသွားနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ သူတော် ကောင်း ဖြစ်သွားတာပဲ။ #ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ Credit#Posted_by_Words_of_Buddha [ဆရာတော်ဟောကြားတော်မူသော " သလ္လေခသုတ်အနှစ်ချုပ်" တရားတော်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါ၍ အကျယ်အား အဆိုပါ တရားတော်မှ လေ့လာဖတ်ရှုနိုင်ပါသည်။ "


via အလင်းရောင် ဓမ္မ https://ift.tt/2TgRnlP