အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 9, 2019
မာနတွေကြီးနေတာလား 🌷🌷🌷🌷🌷🌷🌷 ---အစွယ်ရှိသူကအစွယ်အားကိုး၊ ဂျိုရှိသူက ဂျိုအားကိုးနေတဲ့ ခေတ်ကြီးထဲမှာ-အလှတွေပိုင်ဆိုင်လို့ မာနတွေ ငယ်ထိပ်ရောက်နေသလား။ မိတ်ကပ်လေး တစ်ချက်တို့လိုက်တာနဲ့ အရေပြားမှာအဖုအပိတ်တွေ ထပြီး တစ်ခဏ အတွင်း အရုပ်ဆိုး အကျည်တန်သွားနိုင်တယ်ဆိုတာ။ ---ကျန်းမာရေးကောင်းတယ်ဆိုပြီး ဘ၀င်မြင့် လက်မတွေထောင်နေသလား။ကိုယ့်အိမ်ထဲချည်း အမြဲနေလို့မရတဲ့ကမ္ဘာ့ရွာကြီးထဲမှာ အပြင်ထွက်လိုက်တာနဲ့ ရုတ်တရက် အက်ဆီးဒင့်ဖြစ်ပြီး လက်ခြေကျိုးတာကအစ၊ နောက်ဆုံးအသက်ပါဆုံးသွားနိုင်တယ်ဆိုတာ။ --- နေ့မြင်ညပျောက်-တဲ့။ အမှည့် တ၀င်းဝင်း၊ အကင်း တဖြုတ်ဖြုတ်-တဲ့။ ---ငါ- ပိုက်ဆံတွေ ပေါတယ်ဆိုပြီး မလုပ်ဖူးတဲ့ အကုသိုလ်ဟူသမျှ အကုန်လုပ်ပြီး ထင်ရာကျဲနေသလား။ အမှီကောင်းလေးရှိလို့ ၊နောက်ခံ ဘက်ခ်ရောင်း တောင့်တင်းလို့-အဟောက် အဟမ်း၊ အငေါက် အငမ်းတွေနဲ့ တဖက်လူကို နိုင်ထက်စီးနင်းဆက်ဆံနေသလား။ ပညာတွေတတ်လို့၊ ဘွဲ့ထူးဂုဏ်ထူးတွေရလို့ ခါးကော့ ရင်မော့နေသလား၊ နာမည်ကြီးလို့ ထင်ပေါ်လို့ ငါ့စကားနွားရ ပြောချင်ရာ လျှောက်ပြောနေသလား။ ငါ အာဏာရှိတယ်၊ ဆင်သွားရင် လမ်းဖြစ်တယ်ဆိုပြီး လုပ်ချင်ရာ လုပ်နေသလား။ ----မှန်ကင်းတလှည့်၊ ထင်းတလှည့်၊ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံ။ ရေစီးတစ်ခါ၊ ရေသာတလှည့်-တဲ့။ ကြွေတစ်လှည့် ကြက်တစ်ခုန်-တဲ့။ ---အစားတလုပ်ကြောင့် သေသွားနိုင်သလို၊ စကားတခွန်းကြောင့် ထောင်ကျသွားနိုင်ပါတယ်။ အသွားတလှမ်းကြောင့် ရေတိမ်နစ်သွားနိုင်သလို-အကြည့်တစ်ချက်ကြောင့် ငရဲနဲ့လဲ မတန်၊ နတ်ပြည်နဲ့လဲ မထိုက်တဲ့အဖြစ်ဆိုးနဲ့ အလစ်တိုးသွားနိုင်တယ်ဆိုတာ။ --အကောင်းနဲ့ အဆိုး၊ အသိုးနဲ့ အသန့်ဟာ ခေါင်းနဲ့ပန်းပမာ ကျောချင်းကပ်နေသလို--သုံးနဲ့လေးလို အနီးလေးဆိုတာ မမေ့ပါနဲ့။ --မထင်မှတ်ဘဲ ကိုယ့်အလှည့်ရောက်လာမှ လောကကြီးက မတရားဘူးဆိုပြီး ငိုချင်းတွေရှည်နေလို့လဲ ကယ်မယ့်သူ-ကူမယ့်သူက ရောက်လာမှာမဟုတ်ဘူး၊ရောက်လာတဲ့သူတွေကလဲ အကျနာတဲ့သူကို နှိပ်နယ်ပေးဖို့ မဟုတ်ဘူး။ လက်ဆွဲ ထူပေးဖို့ မဟုတ်ဘူး။ ခါးထောက်ပြီး ရပ်ကြည့်နေကြမယ့်သူတွေပါ။ --- ဒါကြောင့်-ကိုယ့်အားသာချက်ရှိတုန်း ကိုယ့်ကိုယ်ကိုယ်နှိမ့်ချ ဆက်ဆံရတာဟာ အရသာအရှိဆုံးပဲ။ ကိုယ့်မှာ အခွင့်အရေးတွေပိုင်ဆိုင်တုံး တန်းတူ ရည်တူ ဆက်ဆံခွင့်ပေးတာဟာ မရိုးနိုင်တဲ့ယဉ်ကျေးမှုတစ်ခုပဲ။ ဘယ်တော့မှ မဆင်းရဲဘူး။ ဘယ်တော့မှ အထီးကျန် မဆန်ဘူး-ဆိုတာ ။ ဥုးကိတ္တိသဒ္ဒ ဓဗရင်း .Crd.
via အလင်းရောင် ဓမ္မ https://ift.tt/2MaxXP6
Newer Post
Older Post
Home