အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 7, 2019
🌳 တွေးမိတိုင်းပျော်တယ်၊၊🌳 💎 စိတ်ဓာတ်ကျခြင်း 💎 🌷🌷🌷 ကိုယ့်အရည်အချင်းတွေ ကိုယ့်လုပ်ရည်ကိုင်ရည်တွေ မြင့်လာရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာပြီးတော့ အဆင်ပြေတာ ပိုများလာမှာပါ၊၊ ဒါကြောင့် စိတ်ဓာတ် မကျချင်ရင် အရည်အချင်းကို အမြဲတမ်း မြှင့်တင်ပေးပါ၊၊ 🌷🌷🌷 နှောင်ကြိုးမပါပဲ၊ ဘာမှ ပြန်ပြီး မမျှော်လင့်တဲ့ စေတနာနဲ့ အများအကျိုးကို ဆောင်ရွက်နိုင်ရင် အဲဒီလွတ်လပ်တဲ့ မေတ္တာဟာ အင်မတန်ကောင်းတဲ့ ဆေးဖြစ်ပါတယ်၊၊ ကရုဏာဟာလည်း စိတ်ရဲ့ မြင့်မြတ်တဲ့ အရည်အသွေးတမျိုး ဖြစ်လို့ တကယ်စစ်မှန်တဲ့ ကရုဏာ ထားနိုင်ရင် စိတ်ရဲ့ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ပါတယ်၊၊ ကိုယ့်ကြောင့် သူများ ဒုက္ခ မရောက်ရအောင် သတိနဲ့ ဥာဏ်နဲ့ ထိမ်းသိမ်းမယ်ဆိုရင် အဲဒီ စိတ်စေတနာ မြင့်မားမှုကြောင့် ကိုယ့်မှာ စိတ်အေးချမ်းတယ်၊၊ သူများအဆင်ပြေနေတာ၊ ကြီးပွားနေတာ၊ ပျော်ပျော်ရွှင်ရွှင် နေကြတာ မြင်ရ ကြားရရင် မနာလိုဝန်တိုစိတ် မဖြစ်ဘူး၊၊ ငြူစူစောင်းမြောင်းပြီး မပြောဘူး၊၊ သူတပါးရဲ့အဆင်ပြေမှုကို ဝမ်းသာ အားရတဲ့စိတ် ဖြစ်တယ်၊၊ အဲဒီလို မုဒိတာစိတ်ဟာလည်း စိတ်ကျမ်းမာရးအတွက် ဆေးပါပဲ၊၊ ကိုယ်တတ်နိုင်သလောက် ကိုယ့်အတွက်ကော အများအတွက်ပါ အဆင်ပြေအောင် ကြိုးစားပြီးတော့ ကိုယ်မတတ်နိုင်တဲ့ အဆင်မပြေမှုတွေ တွေ့ရတဲ့အခါ စိတ်မညစ်ပဲ ဥပက္ခာစိတ်နဲ့ နေနိုင်ရင်လည်း အဲဒီဥပက္ခာက စိတ်အတွက် ဆေးဖြစ်ပါတယ်၊၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာနဲ့ သတိပဋ္ဌာန် တရားတွေကို ဘဝထဲရောက်လာအောင် လုပ်နိုင်ရင်၊ ကျင့်သုံးနိုင်ရင် depression မဖြစ်ဘူး၊၊ 🌷🌷🌷 တချို့လူတွေဟာ လူတယောက်နဲ့ အဆင်မပြေရင် အဲဒီလူကို အဆက်ဖြတ်တယ်၊၊ နောက်တယောက်နဲ့ အဆင်မပြေရင် အဲဒီလူကိုလည်း အဆက် ဖြတ်တယ်၊၊ အဲဒီလို လုပ်တဲ့သူဟာ ကြာရင် တယောက်တည်း ဖြစ်သွားလိမ့်မယ်၊၊ ကိုယ့်လောကကြီးဟာ ကြာလေ ကျဉ်းလေ ဖြစ်လာတယ်၊၊ လောကကြီးတင်မကပါဘူး စိတ်ပါ ကြာလေ ကျဉ်းလေ ဖြစ်လာတယ်၊၊ သဘောထားတွေ သေးသိမ်လာတယ်၊၊ လောကကြီးကို အပြစ်မြင်လာတယ်၊ စိတ်ပျက်လာတယ်၊ ကိုယ့်ကိုယ်ကိုလည်း အားမရဖြစ်ပြီး အားငယ်လာတယ်၊ သိမ်ငယ်လာတယ်၊ စိတ်ဓာတ် ကျလာတယ်၊၊ သူ့စိတ်ထဲမှာရှိတဲ့ သိနိုင်တဲ့ အင်အားတွေ၊ ကောင်းတာကို လုပ်နိုင်တဲ့ အင်အားတွေ၊ ယုံကြည်နိုင်တဲ့ အင်အားတွေက လုပ်ရမဲ့အလုပ်ကို မလုပ်ရတဲ့ အတွက်ကြောင့် စိတ်ရောဂါ ဖြစ်သွားတယ်၊၊ လူရဲ့ စိတ်ဓာတ်အင်အားတွေ အသိဥာဏ် အင်အားတွေဟာ ကောင်းတာကို လုပ်နေရင် ကောင်းတဲ့ဘက်ကို သွားနေတယ်၊၊ ကောင်းတာကို မလုပ်ရရင် ဆိုးတာကို လုပ်တော့တာပဲ၊၊ လူဆိုတဲ့ သတ္တဝါဟာ မကောင်းမဆိုး ဆိုတာ တော်တော်ရှားတယ်၊၊ ကောင်းရင်ကောင်း၊ မကောင်းရင်တော့ ဆိုးတော့မှာပဲ၊၊ 🌷🌷🌷 စိတ်ဝေဒနာရဲ့ အကြောင်းရင်းခံက ဘာလဲဆိုတော့ ကိုယ်တကယ်လိုချင်တာ ဘာလဲဆိုတာကို မသိတာပဲ၊၊ ကိုယ့် personality ကိုယ့်စရိုက် ဝါသနာနဲ့ ကိုက်တာ ဘာလဲဆိုတာ မသိဘူး၊၊ ကိုယ့်ရဲ့ပါရမီနဲ့ကိုက်တာ ဘာလဲဆိုတာ မသိဘူး၊၊ ကိုယ့်စိတ်ထဲမှာ အဆိုးကို တွေးတိုင်း အဲဒီ အဆိုးတွေးတာကို မြင်အောင်ကြည့်ပါ၊၊ငါအခု ဘာတွေး နေသလဲ၊ ငါ့တွေးပုံတွေးနည်းက ဘယ်လို တွေးပုံတွေးနည်းလဲ ဆိုတာ သတိထားပြီးကြည့်တဲ့ အကျင့်ကို လုပ်ပါ၊၊ အဆိုးတခုခု ဖြစ်တော့မယ်လို့ ယုံကြည်ထားရင် အဲဒီ ယုံကြည်မှုက ကိုယ့်စိတ်ကို လွှမ်းမိုးပြီးတော့ အဆိုး ဖြစ်လာအောင် ဖန်တီး ပေးတတ်တယ်၊၊ ယုံကြည်မှုဟာ စွမ်းအား အင်မတန်ကြီးပါတယ်၊၊ ဖြစ်လာတဲ့အခါ ငါပြောသားပဲဆိုပြီး ကိုယ့်အဆိုးဟောကိန်းမှန်ကြောင်း အထောက်အထား ဖြစ်တတ်တယ်၊၊ အဲဒါမျိုးကို self-fulfilling prophecy လို့ ခေါ်တယ်၊၊ ကြိုတင် ဟောကိန်းထုတ်လို့ ဖြစ်ရတာ၊၊ တချို့ အတိတ်ကောက်တာ နမိတ်ကောက်တာ ဝါသနာပါတဲ့သူတွေ၊ ယုံတဲ့သူတွေဟာ တခုခု မြင်ရကြားရရင် အဓိပ္ပါယ်ကောက်ပြီ၊ အဆိုးအဓိပ္ပါယ် ကောက်မိရင် စိတ်ပူပြီ၊ စိတ်ဆင်းရဲပြီ၊၊ ဘာမှ အဓိပ္ပါယ်မကောက်တဲ့သူမှာ ဘာမှ ခံစားမှု မဖြစ်ဘူး၊၊ အဲဒီလိုပဲ လူတယောက်ရဲ့ အမူအရာနဲ့ စကားကို တခြားတယောက်က အဓိပ္ပါယ် ကောက်တယ်၊၊ အဆိုးကိုမှ ပိုပြီး အဓိပ္ပါယ် ကောက်ချင်တဲ့သူ ဆိုရင်တော့ မကြာမကြာ စိတ်ဆင်းရဲရမယ်၊၊ 🌷🌷🌷 လောကရဲ့ သဘာဝဆိုတာ အကောင်းလည်း ရှိတာပဲ၊ အဆိုးလဲ ရှိတာပဲ၊၊ အဆိုးမြင်တတ်တဲ့သူဟာ ဒီလို အဆိုးမြင်တာမှ သဘာဝကျတယ်လို့ ထင်တတ်တယ်၊၊ အဆိုးမြင်တာမှ အမှန်အတိုင်း မြင်တာလို့ ထင်တတ်တယ်၊၊ ဘဝမှာ တခါတလေ အကောင်းဖြစ်တာ ရှိတယ်၊ တခါတလေ အဆိုးဖြစ်တာ ရှိတယ်၊၊ ရာသီဥတု လိုပဲပေါ့၊၊ အဆိုးဖြစ်ပြီးရင်လည်း အကောင်း ပြန်ဖြစ်တာပဲ၊၊ တခါတလေ အဆိုးထဲက အကောင်း ပြန်ထွက်လာတတ်သေးတယ်၊၊ အဆိုးနဲ့ ကြုံလိုက်ရလို့ အကြံဥာဏ်တွေရပြီးတော့ ကောင်းတာကို လုပ်နိုင်တဲ့သူ ဖြစ်သွားတယ်၊၊ အကောင်းအဆိုး နှစ်မျိုးလုံးကို နားလည်လက်ခံပြီး ခံနိုင်ရည်ရှိမှ ပိုပြီး ရင့်ကျက်တဲ့သူ ဖြစ်မယ်၊၊ အဆိုးနဲ့ လုံးဝ မကြုံဘူးတဲ့ သူဟာ ပိုပြီး ရင့်ကျက်လာဖို့ရာ မလွယ်ဘူး၊၊ အမှန်တော့ ဘဝနဲ့ ပတ်သက်ပြီး အလေးနက်ဆုံး အသိဥာဏ်ကို အဆိုးနဲ့ ကြုံရပြီး ဒီအဆိုးကို ခံနိုင်ရည်ရှိပြီးတော့ အဆိုးထဲက အသိဥာဏ်ရပြီး လွန်မြောက်လာတဲ့ သူတွေကမှ ရတယ်၊၊ အဆိုးနဲ့ မကြုံဘူးတဲ့သူ၊ အဆိုးထဲက အသိဥာဏ်မရတဲ့သူ၊မလွန်မြောက်ဘူးတဲ့ သူဟာ အသိဥာဏ် လေးနက်မှုကို မရနိုင်ဘူး၊၊ 🌷🌷🌷 ကိုယ့်ကိုယ်ကို အထင်မသေးတဲ့သူဟာ ကိုယ့်ချို့ယွင်းချက်၊ အမှား နဲနဲပါးပါး အသေးစားလောက်လေးနဲ့ ကိုယ့်ကိုယ်ကို စိတ်ပျက်တဲ့အတွေးမျိုး မတွေးဘူး၊၊ တခြားလူတွေကို ကြည့်တဲ့အခါ အပြစ်ကို ရှာကြည့်တတ်တဲ့သူ၊ အဆင့်အတန်းကို ကြည့်တတ်တဲ့သူဟာ ကိုယ့်မှာ ချို့ယွင်းချက် တခုခု ရှိနေရင် ကိုယ့်ကို လူတွေ အပြစ်တင်နေပြီလို့ တွေးမယ်၊၊ ကိုယ့်မှာ ကိုယ်အထင်ကြီးတဲ့ အဆင့်အတန်းမျိုး မရှိတော့ရင် ကိုယ့်ကိုယ်ကို အထင်သေးပြီး သိမ်ငယ်စိတ် ဖြစ်မယ်၊၊ သူများကို ကိုယ်က တိုင်းတာတဲ့ အတိုင်းအတာ အတိုင်းပဲ ကိုယ့်ကိုယ်ကို ပြန်ပြီး တိုင်းတာရတော့တယ်၊၊ လူတွေကို ဂုဏ်တွေ၊ အဆင့်တွေ၊ ရာထူးတွေ၊ ရုပ်ရည်တွေ၊ အသားဖြူတာ၊ မဲတာ၊ ဘာလူမျိုး ညာလူမျိုး ဆိုတာတွေနဲ့ လုံးဝ မတိုင်းတာပဲနဲ့ စိတ်နေသဘောထားကိုပဲ ကြည့်ပြီး တန်ဖိုးထားတတ်တဲ့လူဆိုရင် ကိုယ့်မှာ ဂုဏ်တွေ အဆင့်အတန်းတွေ ရာထူးတွေ မရှိရင်လည်း စိတ်ဓာတ် မကျဘူး၊၊ အားမငယ်ဘူး၊၊ စိတ်ထားကို တန်ဖိုးထားတတ်တဲ့သူဟာ စိတ်ချမ်းသာမယ်၊၊ ရုပ်ကိုသိပ်တန်ဖိုး ထားတဲ့သူ၊ ငွေကြေး၊ ဂုဏ်၊ အဆင့်အတန်း၊ ရာထူး၊ လူအထင်ကြီးမှု၊ ကျော်ကြားမှု အဲဒါတွေကို သိပ်တန်ဖိုး ထားတဲ့သူဟာ ဧကန်မုချ depression ဖြစ်မယ်၊၊ ငွေရှာနိုင်တာ တခုထဲနဲ့ ကိုယ့်တန်ဖိုးကို တိုင်းတာရင် စီးပွားရေး ကျတာနဲ့ စိတ်ဓာတ်ကျတာဟာ ထပ်တူလို ဖြစ်နေမယ်၊၊ 🌷🌷🌷 အခုခေတ်မှာ ပစ္စည်းဂုဏ် ရာထူးဂုဏ် တို့ကို ပိုမက်လာကြတယ်၊၊ ရုပ်ဝတ္တု ပစ္စည်းကို တန်ဖိုးထားမှုကို ပိုပြီး အရေးပေးတယ်၊၊ ကိုယ့်တန်ဖိုးကို ရုပ်ရည်နဲ့ တိုင်းတာတယ်၊ ဘွဲ့ထူးတွေနဲ့ တိုင်းတာတယ်၊ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာနဲ့ တိုင်းတာတယ်၊ ရာထူးအဆင့်နဲ့ တိုင်းတာတယ်၊၊ ယှဉ်ပြိုင်မှုတွေ ပိုများလာတယ်၊ ဂုဏ်တုဂုဏ်ပြိုင် ပိုများလာတယ်၊၊ ကိုယ့်တန်ဖိုးကို အကျင့်စာရိတ္တကောင်းတာ၊ မေတ္တာ ကရုဏာ ထားနိုင်တာ၊ သည်းခံနိုင်တာ၊ ခွင့်လွှတ်နိုင်တာ၊ ရောင့်ရဲတင်းတိမ်နိုင်တာတို့နဲ့ တိုင်းတာ မဟုတ်တော့ဘူး၊၊ တိုင်းတာတာက ရုပ်ဖြစ်သွားတဲ့အတွက် စိတ်က ပိုပြီးခံရတယ်၊၊ မတတ်နိုင် လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့၊၊ ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့ လိုတယ်၊၊ ကိုယ့်ရည်မှန်းချက်ကို နဲနဲချင်း တဖြည်းဖြည်း မြှင့်ပါ၊၊ 🌷🌷🌷 ရသလောက်နဲ့ စိတ်ချမ်းသာအောင် နှလုံးသွင်းပြီးတော့ နောက်ထပ် ရနိုင်သလောက် ရအောင် စိတ်ချမ်းချမ်းသာသာနဲ့ ကြိုးစားနိုင်မှ နောက်ထပ် ရလာတဲ့အခါ စိတ်ချမ်းသာမယ်၊၊ ရသလောက်ဆိုတာ ပြင်ပရုပ်ဝတ္တုကိုတင် မကဘူး၊ စိတ်ပိုင်းကိုပါ ပြောလိုတယ်၊၊ ပညာ တတ်ချင်တဲ့သူဟာ အခု ရသလောက်ကို သင်ထား၊ လေ့လာ ထားလိုက်၊၊ နောက် တဖြေးဖြေး ကိုယ်တတ်ထားတာအပေါ် အခြေခံပြီးတော့ ထပ်ဆင့်သွားလို့ ရတယ်၊၊ အလုပ်လုပ်ချင်တဲ့သူဟာ အခု လုပ်လို့ရတာ၊ လုပ်လို့ ဖြစ်တာကို လုပ်နေ၊၊ အတွေ့အကြုံ ရလာတဲ့အခါ ဒီထက် အဆင့်မြင့်တာကို တဖြည်းဖြည်း တိုးပြီး လုပ်သွားပေါ့၊၊ ဘာမှမလုပ်ပဲ နေရင် ဘာမှဖြစ်မလာနိုင်ဘူး၊၊ ရသလောက်ကို ယူထား၊ ဖြစ်သလောက်ကို လုပ်ထား၊ ပြီးမှ တိုးတက်မှုရှိအောင် ဆက်ပြီးကြိုးစားပါ၊၊ 🌷🌷🌷 လူတွေဟာ ရာခိုင်နှုန်းပြည့် နေရာတိုင်းမှာ တော်တဲ့သူမရှိဘူး၊၊ တနေရာမှာတော်မယ်၊ နောက်တနေရာမှာ သင့်ရုံပဲ၊၊ ကိုယ်အားသန်တဲ့ အလုပ်ကိုလုပ်ပြီး ကိုယ့်ဘဝကိုယ် အဆင်ပြေအောင် စိတ်ချမ်းသာအောင် နေသွားနိုင်ဖို့ပဲ အရေးကြီးပါတယ်၊၊ တခါမအောင်မြင်ရုံနဲ့၊ တနေရာမှာ မထူးချွှန်ရုံနဲ့ ဘယ်နေရာမှာမှ သုံးမရတော့ဘူး၊ ဘယ်တော့မှ အဆင်မပြေနိုင်တော့ဘူး၊ ဘယ်တော့မှ လူရာမဝင်တော့ဘူးလို့ မတွေးသင့်ဘူး၊၊ ကျောင်းမှာ ခြောက်တန်းလောက်ပဲ နေရတဲ့ Thomas Edison ဆိုတဲ့ လူဟာ ကမ္ဘာကျော် တီထွင်သူ သိပ္ပံပညာရှင်ကြီး ဖြစ်လာတယ်၊၊ ကိုယ့်ကိုယ်ကို အကျဉ်းအကျပ်ထဲရောက်အောင် မလုပ်သင့်ဘူး၊၊ ကိုယ်မှန်းသလောက် ရာနှုန်းပြည့်ဖြစ်မှ၊ ကိုယ်စိတ်ကူးယဉ် ထားသလို ဖြစ်မှလို့ တွေးထားရင် ကိုယ် တကယ် တွေ့ကြုံရတာတွေ၊ အခြေအနေတွေ၊ လူတွေ (ဒီအထဲမှာ ကိုယ်လည်းပါတယ်) ဟာ ကိုယ်မှန်းထားတာနဲ့ အံဝင်ဂွင်ကျ ဖြစ်မှာ မဟုတ်တဲ့အတွက် စိတ်ဆင်းရဲရမယ်၊ စိတ်ဓာတ်ကျမယ်၊ ကိုယ့်ကိုယ်ကို အထင်သေးမယ်၊၊ အဲဒီတော့ လက်တွေ့မဆန်တဲ့ မြင့်လွန်းတဲ့အဆင့်ကို မှန်းထားရင် မမှီနိုင်တော့ဘူး၊၊ ပေးရတဲ့အချိန်နဲ့ အင်အားလည်း မတန်တဆကုန်မယ်၊၊ တတ်နိုင်မှာ မဟုတ်ဘူး၊၊ အဲသလိုဆိုရင် ကိုယ့်ကိုယ်ကို အကျပ်အတည်းထဲရောက်အောင်၊ အပြစ်တင်စရာ မလွတ်အောင်၊ အကွက်ဆင်ပြီး ချောက်ချသလို ဖြစ်နေပြီ၊၊ ကောင်းအောင် မကြိုးစားရဘူးလို့ မဆိုလိုဘူးနော်၊ စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ဖို့လိုတယ်လို့ ပြောချင်တာပါ၊၊ စိတ်ရောဂါ အဖြစ်ခံပြီး မလုပ်သင့်ဘူး ဆိုတာကို သဘောပေါက်စေချင်တယ်၊၊ 🌷🌷🌷 အတိတ်အနာဂတ်နဲ့ ပတ်သက်ပြီးတော့ အဆိုးတွေးတာနဲပြီးတော့ ပစ္စုပ္ပန်မှာ လုပ်သင့်တာလေးတွေကို လုပ်ပြီးတော့ သိနေတဲ့အကျင့်ကို လုပ်ပါ၊၊ အတိတ်ကို တွေးတဲ့အခါ သင်ခန်းစာယူတဲ့အနေနဲ့ တွေး၊၊ သင်ခန်းစာကိုကျေအောင် ပြန်နွေးတဲ့အနေနဲ့ တွေး၊၊ ဒီအတွေ့အကြုံထဲက ငါ ဘာပညာရမလဲ ဆိုတာမျိုး တွေးဖို့လိုတယ်၊၊ အနာဂတ်ကို တွေးတဲ့အခါလည်း အနာဂတ်မှာ အဆင်ပြေအောင် အခု ဘာတွေ ကြိုလုပ်ထားသင့်သလဲဆိုတာ တွေးပါ၊ ကြိုလုပ်ထားတဲ့အကျင့်ကို လုပ်ပါ၊၊ တရားထိုင်တဲ့ အလေ့အကျင့် ရှိနေတဲ့သူ၊ ကိုယ့်စိတ်ကိုကိုယ် ကြည့်တတ်တဲ့သူ ဆိုရင်တော့ တရားထိုင်လိုက်လို့ နဲနဲ စိတ်တည်ငြိမ်လာတဲ့အခါ၊ အေးချမ်းလာတဲ့အခါ၊ လောဘ၊ ဒေါသ၊ မာန၊ မနာလို ဝန်တိုစိတ်တွေ ကင်းနေတဲ့အခါမှာ အသိဥာဏ်ရှင်းတယ်၊ သဘောထားမှန်တယ်၊၊ အဲဒီအခါမှာ “ငါလုပ်နိုင်သလောက် လုပ်မယ်၊ ဖြစ်သင့်သလောက် ဖြစ်မယ်၊ ဆုံးရှုံးမှုဆိုတာ မလွှဲသာ မရှောင်သာ တခါမဟုတ်တခါ တွေ့ရတာပဲ၊၊ ဒီတခါ ဆုံးရှုံးတာနဲ့ပဲ တသက်လုံး ဘာမှလုပ်လို့ မဖြစ်တော့ဘူး၊ မျှော်လင့်ချက် မရှိတော့ဘူး၊ ငါ အသုံးမကျတော့ဘူးလို့ တွေးနေဖို့ မလိုဘူး၊၊” ဆိုတဲ့ မှန်ကန်တဲ့ အမြင်ကို ပြန်ရနိုင်တယ်၊၊ အဲဒီလို အမြင် မှန်သွားရင် စိတ်ဓာတ်ကျနေတာထဲက ပြန်ထွက်နိုင်တယ်၊၊ တခါ အဆင်မပြေတာနဲ့ကြုံရင် ဒီအတွေ့အကြုံထဲက ပညာ ယူပြီးတော့ နောက်တခါ အဆင်ပြေအောင် ကြိုးစားမယ်ဆိုတဲ့စိတ်မျိုး မွေးရမယ်၊၊ 🌷🌷🌷 ကိုယ့်စိတ်ထဲမှာ တခုခုခံစားနေရတဲ့အခါ ဘယ်လိုအကြောင်းအရာကို ဘယ်လို ရှုထောင့်ကနေ တွေးနေသလဲ ဆိုတာကို သတိထားပြီးကြည့်တဲ့ အလေ့အကျင့်ကို လုပ်ပါ၊၊ အတွေးကြောင့် ဝမ်းသာ၊ ဝမ်းနဲ ဖြစ်တယ်၊၊ အတွေးကြောင့် အားငယ်တာ၊ စိတ်ဓာတ်ကျတာ ဖြစ်တယ်၊၊ ဘာအတွေးမှ မရှိတဲ့အခါ ဝမ်းသာ၊ ဝမ်းနဲ ခံစားမှုမရှိဘူး၊၊ တရားအားထုတ်တာ အလေ့အကျင့်ရလာလို့ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်း သိလာတဲ့အခါ တခါတလေ အတွေးတွေရပ်ပြီး တိတ်နေတဲ့စိတ်၊ ကြည်လင်နေတဲ့ စိတ်ကို တွေ့ရမယ်၊၊ အဲဒီ တိတ်နေတဲ့ စိတ်ကိုပါ သိနေနိုင်ရင် ပိုပြီးတော့ တည်ငြိမ်လာတယ်၊၊ သတိအား ပိုကောင်းလာတယ်၊၊ အဲဒီအခါမှာ ခံစားမှု တွေကို အတွေးက ဖန်တီးတယ်ဆိုတာ ကောင်းကောင်း သဘောပေါက်တယ်၊၊ စိတ်အတက်အကျဆိုတာ လူတိုင်း ဖြစ်တယ်၊၊ ဒါသဘာဝပါပဲ၊၊ တချို့က တက်တဲ့အခါမှာ သိပ်တက်ပြီးတော့ ကျတဲ့အခါမှာ သိပ်ကျတယ်၊၊ တချို့က အတက်အကျ နဲတယ်၊၊ ပုံမှန်နေတယ်၊၊ ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်း သိတဲ့သူဟာ စိတ်ကို အတက်အကျ နဲအောင် ထားနိုင်တယ်၊၊ တရားကို စွဲစွဲမြဲမြဲ ထိထိရောက်ရောက် အားထုတ်လို့ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်း မြင်နိုင်တဲ့သူဟာ တဖြေးဖြေး စဉ်းစားပုံ တွေးခေါ်ပုံ သဘာဝပိုကျ လာတယ်၊၊ ရင့်ကျက် လာတယ်၊၊ ဘဝမှာ တန်ဖိုးထားရမဲ့ အရာဟာ မှန်ကန်လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်ပဲဆိုတာ နားလည်လာတယ်၊၊ စိတ် အေးအေးချမ်းချမ်း နေနိုင်ဖို့ ဦးတည်ချက်ထားတယ်၊၊ ဒီလို အသိဥာဏ်ကို ဦးတည်ချက် ထားလိုက်ရင် နေ့စဉ် တွေ့ရသမျှ လုပ်ရသမျှ ကိစ္စတွေထဲက အသိဥာဏ်တွေ ရနေမယ်၊၊ အသိဥာဏ် ရနေရင် ဘဝကိုကျေနပ်နေမယ်၊၊ တရား မှန်မှန်အားထုတ်တဲ့ အလေ့အကျင့် များလာရင် တရားအားထုတ်တိုင်း စိတ်အေးချမ်းမှု ရတယ်၊၊ စိတ်အေးချမ်း နေရင် ဘဝကို တမျိုးကျေနပ်တယ်၊၊ 🌷🌷🌷 တချို့က တရားနဲနဲအားထုတ်ပြီးတော့ အဲဒီလို စိတ်ဓာတ်ကျတဲ့ စကားတွေ ပြောတတ်တယ်၊၊ တကယ် တရား အသိဥာဏ် ရင့်ကျက်တဲ့သူဟာ စိတ်ဓာတ်မကျဘူး၊၊ ဒုက္ခကို ပုဂ္ဂိုလ်သတ္တဝါနဲ့ မရောလို့ ဒုက္ခကို မြင်ပေမဲ့ စိတ်မညစ်ဘူး၊၊ ဒုက္ခကိုမြင်တဲ့ အသိဥာဏ်ဟာ လွတ်လပ်တဲ့အသိဥာဏ် ဖြစ်တယ်၊၊ ပြီးတော့ ဒုက္ခနဲအောင် သဘောထားမှန်မှန်နဲ့ လုပ်သင့်တာတွေ လုပ်ပြီးတော့ အေးအေးချမ်းချမ်း နေနိုင်တယ်၊၊ အနတ္တဥာဏ် ရင့်ကျက်တဲ့ သူဟာ စိတ်မညစ်ဘူး၊၊ အနတ္တဥာဏ်နဲ့ စိတ်ညစ်လို့ မရဘူး၊၊ အတ္တစွဲ ကြီးလွန်းရင် စိတ်ညစ်မယ်၊၊ တရားအသိအမြင် လေးနက်လာရင် စိတ် ကြည်လင် အေးချမ်း နေတယ်၊၊ ကိုယ်ဖြစ်ချင်သလို မဖြစ်ရလို့ စိတ်ဓာတ်ကျတာမျိုး မဖြစ်ဘူး၊၊ ဟိုဟာလည်း မကောင်းဘူး၊ ဒီဟာလည်း မကောင်းဘူး ဆိုပြီး ညီးညီးညူညူ ပြောနေတာဟာ တရားအသိအမြင် ရင့်ကျက်လို့ ပြောတဲ့စကား မဟုတ်ဘူး၊၊ စိတ်ဓာတ် ကျနေတာကိုပဲ ဂုဏ်ယူစရာလို့ ယူဆရင် တော်တော်ဒုက္ခကြီးတဲ့ ဂုဏ်ပဲလို့ ဆိုရမယ်၊၊ စိတ်ဓာတ်ကျနေတဲ့အခါ တယောက်ထဲကြိတ်ပြီးတော့ မနေသင့်ဘူး၊၊ တယောက်တည်း ကြိတ်ပြီးတော့ တွေးလေလေ ပိုဆိုးလေလေပဲ၊၊ ကိုယ့်စိတ်ဓာတ်ကို ကိုယ်တယောက်ထဲ ပြန်ပြီး မြှင့်တင်နိုင်ရင် ကောင်းပါတယ်၊၊ သို့မဟုတ်ရင်တော့ မိတ်ဆွေကောင်းနဲ့ ဆွေးနွေးမှဖြစ်မယ်၊၊🌟 ➖➖➖➖➖🇯🇵🎌🇯🇵➖➖➖➖➖ 🔹ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ “ တွေးမိတိုင်းပျော်တယ် ” စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊🔹
via အလင်းရောင် ဓမ္မ https://ift.tt/2M46JcM
Newer Post
Older Post
Home