Friday, August 9, 2019

စိတ်တည်ငြိမ်မှုမရခြင်း အကြောင်းရင်း •••••••••••••••••••••••••••••••••••••• ဗုဒ္ဓက တကယ်စိစစ်တော့ အကျင့်ဆိုတာ ခန္ခာကိုယ်ကိစ္စ မဟုတ်ဘဲ စိတ်ကိစ္စ ဖြစ်ကြောင်း မြင်တော်မူတယ်။ တရားအကျင့်မှာ အရာရာကို စိတ်ဖယ်ခွာ ထားပြီး လုပ်ရမယ်။ ဘယ်လိုဖယ်ခွာမလဲ။ အရာရာကို ရှင်းလင်းစွာ မြင်ပြီး ဖယ်ခွာတယ်။ ကိုယ်နဲ့ စိတ်ရဲ့ လက္ခဏာများကို အရှိအတိုင်း သိရှိပါစေ။ ငြိမ်းချမ်းမှုရအောင် တရားထိုင်တယ်။ ထိုင်ဆဲမှာပဲ မငြိမ်းချမ်းတာကို တွေ့ရပြီ။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ရဲ့ သဘာဝက လှုပ်ရှားနေခြင်းကြောင့်ပဲ။ စိတ်ကို ငြိမ်စေချင်ပေမယ့် မငြိမ်ဘူး။ ဒီလို ဆန္ဒနဲ့ကျင့်နေတာကို ဘုန်းကြီးတို့ မသိမြင် ကြဘူး။ တည်ငြိမ်မှုကို လိုချင်နေတယ်။ စိတ်ဟာ ပင်ကိုယ်အနှောင့်အယှက်များ ရှိနေရာမှာ တည်ငြိမ်စေချင်တော့ ပိုပြီးနှောင့်ယှက်ရာ ရောက်တယ်။ ဒီဆန္ဒဟာ အကြောင်းရင်းပဲ။ စိတ်ကို တည်ငြိမ် စေချင်တဲ့ လိုချင်မှုဟာ တဏှာဖြင့် အာသာ ငမ်းငမ်းဖြစ်တာကို မမြင်ကြဘူး။ ဝန်ထုတ်ကို ပိုလေးစေသလို ဖြစ်နေတယ်။ စိတ်တည်ငြိမ်မှုကို ပိုလိုချင်စိတ်ဖြစ်လေ အနှောင့်အယှက် ပိုဖြစ်လေနဲ့ နောက်ဆုံး လက်မြှောက်ရတော့တယ်။ တရားထိုင်နေစဉ် ကိုယ့်ကိုယ်နှင့် ကိုယ်အားပြိုင်ရင်း အချိန်ရှိသရွှေ့ တိုက်ပွဲဆင်နေရတော့တယ်။ ဘာဖြစ်လို့ သည်လိုဖြစ်ရတာလဲ။ စိတ်ကို ဘယ်လို တည်ဆောက်ခဲ့တယ်ဆိုတာ ပြန် လည် မဆင်ခြင်လို့ ဖြစ်တယ်။ စိတ်ကို တည်ငြိမ်စေဖို့ ဆုံးဖြတ်ထားတော့ များသောအားဖြင့် အစမှာ အာရုံခံစားမှုတွေနဲ့ အားပြိုင်တိုက်ခိုက်ရတယ်။ တရားထိုင်လျှင် ထိုင်ချင်းပဲ ဘုန်းကြီးတို့ကို အတွေးများ ဝင်ရောက်နှောက်ယှက်ပြီ။ ကမ္မဌာန်းပစ္စည်းကို သတ်မှတ်ပြီးတာနဲ့ အာရုံပြုမှု လှည့်လည်ကုန်ကြပြီ။ အတွေးများ လာနှောက်ယှက်တယ်လို့ ထင် ပေမယ့် အမှန်က လိုချင်မှုကြောင့် ပြဿနာ ပေါ်တာဖြစ်တယ်။ စိတ်ဟာ သဘာဝအတိုင်း ဝင်ထွက်သွားလာ နေမှန်း မြင်ထားလျှင် ဒီအခြေအနေကို အလွန်အကြူး စိတ်မဝင်စားလျှင် … ယင်း၏နည်းလမ်းများကို ကလေး တစ်ယောက်ကို သိသလို နားလည် လာမယ်။ ကလေးများဟာ ပြောချင်ရာကို ပြော တတ်တယ်။ ကလေးသဘာဝကို သိတော့ ဘုန်းကြီးတို့က ပြောခွင့်ပေးထားတယ်။ ဒီအတိုင်း စိတ်လွှတ်ထားတော့ ကလေးကို မစွဲလမ်းဘူး။ အနီးမှာ ကလေးသံ တစာစာနဲ့ ကစားနေလျှင်တောင် စိတ်အနှောက်အယှက် မဖြစ်ပဲ ဧည့်သည်ကို ဧည့်ခံစကားပြောနိုင်ကြ တယ်။ စိတ်ဟာ သည်လိုပဲ။ ဘုန်းကြီးတို့က လှမ်းတွယ်ပြီး စွဲလမ်းမထားလျှင် အန္တရာယ်မရှိဘူး။ ဒီနေရာမှာ အရေးကြီးတာက အကျင့်ကို ဆန္ဒမပါဘဲ လုပ်ရမယ်ဆိုတဲ့ အချက်ပဲ။ ဘုန်းကြီးတို့ရဲ့ အမြင်ကို နည်းနည်းကလေး ပြင်လိုက်လျှင် ဒီလှုပ်ရှားလုပ်ကိုင်မှုတွေဟာ စိတ်ရဲ့သဘာဝပဲလို့ မြင်လိုက်လျှင် စိတ်ထွေ ပြားမှု လျော့သွားမယ်။ ဒါကို လက်လွှတ်ခြင်း စွန့်လွှတ်ခြင်းလို့ ခေါ်တယ်။ Venerable Ajahn Chah Food for the Heart ခင်အောင် (မြန်မာပြန်) ဆရာတော် အဂျန်ချား၏ ဓမ္မနှလုံးသား


via အလင်းရောင် ဓမ္မ https://ift.tt/33lhLjg