အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, August 7, 2019
အခက်ခဲတွေ့သော်လည်းမလျော့ရာ လုံလဝီရိယ၊ဇွဲမလျော့မှ အောင်မြင် 🌷🌷🌷🌷🌷🌷🌷🌷🌷 ၀ဏ္ဏပထဇာတ် 🌷🌷🌷 ဧကကနိပါတ်/ အပဏ္ဏက၀ဂ် (မပျင်းမရိသောသူသည် စိတ်နှလုံး၏ ငြိမ်းအေးခြင်းကို ရကြောင်း) နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် သာဝတ္ထိပြည်မွန်၊ ဇေတ၀န် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် လုံ့လ၀ီရိယ လျှော့သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ . ပစ္စုပ္ပန်ဝတ္ထု 🌷🌷🌷 ဘုန်းတော်ကြီးမြတ်တော်မူသော ဘဂ၀ါဘုရားရှင်သည် သာဝတ္ထိပြည်မွန်၊ ဇေတ၀န်ကျောင်းတော၌ သီတင်းသုံး နေတော်မူစဉ် သာဝတ္ထိပြည်သား အမျိုးသားတစ်ဦးသည် ဇေတ၀န်ကျောင်းသို့သွားကာ မြတ်စွာဘုရား၏ တရားတော်ကို နာရ၍ ကြည်ညိုသောစိတ်ဖြစ်ကာ ကာမဂုဏ်၏ အပြစ်ကို မြင်လေတော့၏။ ထို့ကြောင့် ရဟန်းပြုကာ ပဉ္စင်းဘ၀ဖြင့် ငါးနှစ်လွန်သောအခါ မာတိကာနှစ်စောင်ကို သင်ကြားလေ၏။ ထို့နောက် ၀ိပဿနာကို သင်ကြားလေ့ကျင့်၍ မြတ်စွာဘုရားထံ၌ မိမိအလိုရှိရာ ကမ္မဋ္ဌာန်းကို ယူ၍ တောအုပ်တစ်ခုသို့ သွားရောက်ကာ ၀ါတွင်းသုံးလပတ်လုံး ကမ္မဋ္ဌာန်း အားထုတ်လေ၏။ ထိုသို့ အားထုတ်သော်လည်း မဂ်ဖိုလ် အရိပ်အရောင်မျှကို၎င်း၊ နိမိတ်မျှကို၎င်း မဖြစ်။ ထိုအခါ ထိုရဟန်းသည် ဤသို့ ကြံစည်မိလေတော့၏ - ``မြတ်စွာဘုရားရှင်သည် တရားအားထုတ်သော ပုဂ္ဂိုလ်လေးပါးကို ဟောတော်မူခဲ့၏။ ထိုပုဂ္ဂိုလ်များအနက်တွင် ငါသည် တရားမရနိုင်သော #ပဒပရမပဂ္ဂိုလ် သာလျှင် ဖြစ်ရမည်။ ငါသည် မဂ်ဖိုလ်နှင့် မထိုက်သော ပုဂ္ဂိုလ်သာလျှင် ဖြစ်ရမည်၊ ငါ့ကိုယ်၌ မဂ်ဖိုလ်တို့ အရိပ်အရောင်မျှပင် မထင်၊ မမြင်၍ ဤတော၌ ဆက်လက်နေထိုင်ခြင်းက အချည်းနှီးသာလျှင် ဖြစ်ပေတော့သည်၊ ထို့ကြောင့် မဂ်ဖိုလ် မရနိုင်မည့်အတူတူ မြတ်စွာဘုရားရှင်ထံသို့ ပြန်ကာ ဘုရားရှင်၏ သာယာလှသော အသံတော်ဖြင့် ဟောတော်မူအပ်သော တရားတော်တို့ကိုသာ နာယူ၍သာ သီတင်းသုံးနေတော့မည်´´ ဟု ကြံစည်ကာ ဇေတ၀န်ကျောင်းတော်သို့ ပြန်လာလေတော့၏။ ကျောင်းတော်ကြီးသို့ ရောက်သောအခါ အဆွေခင်ပွန်း၊ သီတင်းသုံးဖော်များ ဖြစ်ကြသော ရဟန်းတို့က မြင်လေသော်- `` ငါ့ရှင်..၊ သင်သည် ဘုရားထံ၌ ကမ္မဋ္ဌာန်းတောင်းကာ ရဟန်းတရားကို အားထုတ်အံ့ဟု တောသို့ သွား၏။ ယခုအခါ သင်သည် ပြန်ရောက်လာကာ အခြွေအရံ အပေါင်းအဖော်တို့နှင့် မွေ့လျော်ပျော်ပါးနေလေ၏။ သင်၏ ရဟန်းကိစ္စ ပြီးခဲ့ပြီလား၊ ကျင့်စရာ မရှိတော့ပြီလား´´ ဟု ဆိုကြကုန်လေ၏။ ``ငါ့ရှင်တို့..၊ ငါသည် မဂ်၊ ဖိုလ်တို့ မရခဲ့ပါ။ ငါသည် မကျွတ်ထိုက်သော သတ္တ၀ါသာဖြစ်ရမည်ဟု တွေးထင်မိသောကြောင့် ၀ီရိယကို လျှော့၍ ပြန်လာခဲ့ပါသည်´´ ``ငါ့ရှင်..၊ သင်သည် မြဲမြံသော ၀ီရိယရှိတော်မူသော မြတ်စွာဘုရား၏ သာသနာတော်၌ ရဟန်းပြုပြီးခါမှ ၀ီရိယကို လွှတ်သဖြင့် သင်သည် မသင့်မလျော်သည်ကို ပြုသည်။ လာပါ။ မြတ်စွာဘုရားထံသို့ သင့်အား ခေါ်ဆောင်ကာ သင့်အဖြစ်ကို ပြသမည်´´ ဟု ထိုရဟန်းခေါ်ကို မြတ်စွာဘုရား အထံတော်သို့ ခေါ်ဆောင်သွားကြလေ၏။ မြတ်စွာဘုရားရှင်သည် ထိုရဟန်းကို မြင်၍ - ``ရဟန်းတို့..၊ သင်တို့သည် အလိုမရှိသော ရဟန်းကို အဘယ့်ကြောင့် ငါ့ထံ ဆောင်ယူခဲ့ကြသနည်း၊ ဤရဟန်းသည် အဘယ်သို့ ပြုမူသနည်း´´ ``အရှင်ဘုရား..၊ ဤရဟန်းသည် သံသရာဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသနာတော်၌ ရဟန်းပြုပြီး ရဟန်းတရားကို ကျင့်လျက်ဆဲပင် ၀ီရိယကို လျှော့၍ ပြန်လာခဲ့သည်´´ ဟု လျှောက်တင်ကြလေသည်။ ထိုအခါ မြတ်စွာဘုရားက- ``ရဟန်း..၊ သင်သည် ၀ီရိယကို လျှော့လိုက်သည်ဟူသည် မှန်သလား´´ ``အရှင်ဘုရား..၊ မှန်ပါသည်´´ ``ရဟန်း.. ၊ သင်သည် အဘယ့်ကြောင့် ၀ီရိယကို လျှော့ရသနည်း၊ သင်သည် ရှေး၌လည်း ၀ီရိယရှိသူ ဖြစ်ခဲ့ဖူးသည် မဟုတ်လား၊ သဲကန္တာရတစ်ခု၏ အလယ်တွင် သင်၏ ၀ီရိယကို အမှီပြု၍ လှည်းငါးရာတို့ရှိ လူနှင့် နွားအပေါင်းတို့သည် သောက်ရေကို ရရှိသောက်သုံးကြရ၍ အသက်ချမ်းသာခဲ့ကြဖူးပြီ၊ ယခုအခါ သင်သည် အဘယ့်ကြောင့် ၀ီရိယကို လျှော့သနည်း´´ ထိုအခါ ရဟန်းတို့ကား ထိုအတိတ်ဇာတ်ကြောင်းအား ဆောင်တော်မူပါရန် တောင်းပန်ကြ၍ ဘဂ၀ါဘုရားရှင်သည် ဤ ``၀ဏ္ဏပထဇာတ်´´ မည်သော အတိတ်ဇာတ်ကြောင်းကို ဆောင်တော်မူလေသည်။ အတိတ်ဝတ္ထု 🌷🌷🌷 လွန်လေပြီးသောအခါ ကာသိတိုင်း၊ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြု၏။ ထိုအခါ ဘုရားလောင်းသည် လှည်းကုန်သည် အမျိုး၌ဖြစ်၍ အစဉ်သဖြင့် အရွယ်ရောက်သောအခါ လှည်းငါးရာတို့ဖြင့် ကုန်သွယ်လေ၏။ တခါသော် ထိုဘုရားလောင်း လှည်းကုန်သည်သည် ငါးဆယ့်ကိုး ယူဇနာရှိသော သဲကန္တာရကို သွားလေတော့၏။ ထိုသဲကန္တာရရှိ သဲတို့သည် အလွန်တရား နူးညံ့လှ၏။ လက်ဖြင့်ဆုပ်ကာ ယူကြည့်လိုက်လျှင် သဲတို့သည် နူးညံ့လွန်းသည်ဖြစ်၍ လက်၌ မကျန်ရစ်ပေ။ ထိုကန္တာရကြီးသည် နေထွက်သည့် အချိန်မှစ၍ မီးကျီးခဲကဲ့သို့ ပူပြင်း၏၊ ဖြတ်သန်းသွားလာဖို့ မဖြစ်နိုင်၊ ထို့ကြောင့် ထိုသဲကန္တာရ၌ ခရီးသွားသူတို့သည် ထင်း၊ ရေ၊ ဆန်၊ ဆီစသည့် ရိက္ခာတို့ကို လှည်းတို့ဖြင့် တင်ဆောင်ကာ ညည့်အခါများ၌သာ သွားကြသည်။ အရုဏ်တက်သောအခါ တွင် လှည်းတို့ကို လှည့်ကာ အထက်၌ အမိုးအကာ စသည်တို့ ဆောက်လုပ်၍ အာဟာရကိစ္စကို စောစောစီးစီး ပြီးစီးအောင် ပြုလုပ်ကြကာ အရိပ်အောက်၌ တစ်နေကုန်နေကြရလျက် နေ၀င်သောအခါ၌ ညစာကို စားသုံးကြကာ နေအေးသောအခါ လှည်းတို့ကို နွားများတပ်၍ ခရီးဆက်ကြရလေ၏။ ကန္တာရ၌ ခရီးသွားရခြင်းသည် ပင်လယ်သမုဒ္ဒရာ၌ ခရီးသွားရခြင်းနှင့် များစွာ တူလေ၏။ နက္ခတ်တာရာများကို ကြည့်ရှု၍ ခရီးသွားကြရ၏။ ထို့ကြောင့်ပင် လှည်းမှူးသည် သမုဒ္ဒရာခရီးတို့၌ ကြယ်နက္ခတ်ကြည့်တတ်သော သူတစ်ဦးအား ခရီးလမ်းပြအဖြစ် ခေါ်ဆောင်လာခဲ့၏။ ထိုသူ၏ လမ်းပြမှုဖြင့် လှည်းတို့သည် နေ့အခါနား၍ ညည့်အခါ ခရီးဆက်ကြသည့်အခါ ငါးဆယ့်ကိုး ယူဇနာအကွာအဝေးသို့ ရောက်လေသော် ယခုတစ်ညည့် သွားလျှင် သဲကန္တာရမှ လွတ်မြောက်တော့မည်ဟု အကြံဖြစ်ကာ တင်ဆောင်လာသော စားနပ်ရိက္ခာတို့ကို အကုန်အစင် သုံးစွဲကြကာ ညစာစားပြီးသည်နှင့် ခရီးဆက်ကြလေတော့၏။ ကြယ်ကြည့်၍ လမ်းပြသူသည် ရှေ့ဆုံးလှည်း၌ အိပ်ရာနေရာကို ခင်း၍ ကောင်းကင်က ကြယ်တို့ကိုကြည့်လျက် လမ်းညွှန်ပေးလိုက်၊ အိပ်လိုက်ဖြင့် လိုက်ပါလာလေသည်။ ထိုလမ်းပြသည် ကာလကြာရှည်စွာ မအိပ်ခဲ့ရ၍ ပင်ပန်းလှသည် ဖြစ်သောကြောင့် အိပ်မောကျသွားလေတော့၏။ ထိုအခါ ခရီးလှည်းယာဉ်တန်းကြီးသည် လာခဲ့သော လမ်းအတိုင်းပင် ပြန်လှည့်၍ ခရီးဆက်မိလျက်သား ဖြစ်နေတော့၏။ နွားတို့သည် တစ်ညည့်လုံး ခရီးသွားကြ၏။ အရုဏ်တက်သောအခါ လမ်းပြသည် အိပ်ရာမှ နိုးလျှင်နိုးချင်း နက္ခတ်ကိုကြည့်ပြီး- ``လှည်းတို့ ပြန်လှည့်ကြ၊ ပြန်လှည့်ကြ´´ ဟူ၍ ဆိုလေတော့၏။ ထိုအခါ လှည်းတို့ကို ပြန်လှည့်နေသည့်အတွင်းပင် နေထွက်လာလေတော့၏။ ထိုအခါ လှည်းပေါ်ရှိလူတို့သည် ယမန်နေ့က စခန်းချခဲ့သော နေရာသို့ ပြန်ရောက်နေသည်ကို သတိပြုမိကြလေတော့၏။ ``ထင်း၊ ရေ၊ ဆန်၊ ဆီ စသည်တို့လည်း ကုန်ပြီ၊ ငါတို့ သေဆုံးပျက်စီးကြရတော့မည်´´ဟု စိုးရိမ်ကြောင့်ကြကာ လှည်းတို့မှ နွားတို့ကို ချွတ်ကာ အထက်၌ အမိုးအကာတို့ကို ဆောက်လုပ်၍ အရိပ်တို့၌ စိုးရိမ်သောကများဖြင့် အိပ်ကြလေတော့၏။ ထိုအခါ ဘုရားလောင်းလှည်းမှူးက - ``ငါသည် ငါ့ဝီရိယကို လျှော့လိုက်လျှင် နွားနှင့် လူအားလုံး သေဆုံးပျက်စီးကြရလိမ့်မည်´´ ဟု ဆင်ခြင်မိကာ နံနက်စောစော အအေးဓာတ်မကုန်သေးခင်ကပင် ၀န်းကျင်အနှံ့ လှည့်လည်သွားလာ စူးစမ်းလျက် တစ်နေရာသို့ ရောက်သောအခါ နေဇာမြက်စုကို မြင်ရလေတော့၏။ ဤမြက်တို့၏ အောက်၌ ရေစိုသဖြင့် ဤမြက်တို့ ပေါက်သည် ဖြစ်ရမည်ဟု ကြံစည်မိကာ ပေါက်တူးစသည်တို့ကို ယူငင်စေကာ လှည်းသမားတို့အား ထိုနေရာကို တူးစေလေ၏။ လှည်းသမားတို့လည်း ကြိုးစားပမ်းစား တူးကြလေသောအခါ အတောင်ခြောက်ဆယ် အနက်သို့ပင် တူးမိလေ၏။ ဆက်လက်တူးဆွကြသည့်အခါ အောက်တွင်ရှိသော ကျောက်ဖျာကို ပေါက်တူးဖြင့် ခတ်မိကြလေသည်။ ထိုအခါ အောက်တွင် ကျောက်ဖျာကြီး ခံ၍နေသည်ဟု စိတ်ပျက်ကာ ၀ီရိယလျှော့ကြလေ၏။ ဘုရားလောင်းသည်ကား ဤကျောက်ဖျာအောက်၌ ရေရှိသည် ဖြစ်ရမည်ဟု ဆင်ခြင်မိ၍ ကျောက်ဖျာကြီးပေါ်သို့ ဆင်းသက်ကာ အသာအယာ နားစွင့်သည်ရှိသော် ကျောက်ဖျာကြီးအောက်၌ ရေစီးသံကို ကြားရလေတော့သည်။ ထိုအခါ အပေါ်သို့ပြန်တက်၍ ဘုရားလောင်း၏ အလုပ်အကျွေးငယ်ကို ခေါ်၍ ဤသို့ ဆိုလေ၏- ``အမောင်..၊ သင်သည် ၀ီရိယကို လျှော့လိုက်လျှင် ငါတို့အားလုံး အသက်ဆုံးရှုံးရတော့မည်၊ ထို့ကြောင့် ၀ီရိယကို မလျှော့ဘဲ သံတူကို ယူ၍ တွင်းထဲသို့ ဆင်းကာ ထိုကျောက်ဖျာကြီးအား ထုနှက်ပေတော့´´ ထိုအလုပ်အကျွေးငယ်သည်လည်း ``ကောင်းပါပြီ´´ ဟု ၀န်ခံကာ အောက်သို့ဆင်း၍ မလျှော့သော ၀ီရိယဖြင့် ကျောက်ဖျာကြီးကို ထုနှက်လေတော့၏။ မကြာမီပင် ကျောက်ဖျာကြီး၏ အလယ်၌ ကျိုးကာ အောက်သို့ လျှောကျလေသောအခါ အောက်တွင်စီးနေသော ရေယဉ်ကြောကို ဖိမိသည်နှင့် ထန်းပင်၏ လုံးပတ်ပမာဏရှိသော ရေကြောင်းကြီးသည် အထက်သို့ ပန်းထွက်လာလေတော့၏။ လှည်းကုန်သည်အားလုံးတို့လည်း ရေကို သောက်သုံးကြလေ၏။ ရေချိုးကြလေ၏။ ထို့နောက် လှည်းရှိ အပိုဖြစ်သော အစိတ်အပိုင်းများကို ချိုးဖဲ့ကာ မီးမွှေး၍ ထင်းစိုက်ပြီးလျှင် ယာဂုထမင်းချက်စားကြပြီးသော် နွားတို့ကိုလည်း ကျွေးမွေးကြကုန်၏။ နေ၀င်သောအခါ ရေထွက်သော နေရာကို အလွယ်တကူ ရှာတွေ့နိုင်စေရန် တံခွန်အလံစသည်တို့ကို စိုက်ထူခဲ့ကြပြီးလျှင် အလိုရှိရာအရပ်သို့ ခရီးဆက်ကြ လေကုန်၏။ ထိုအရပ်၌ မိမိတို့၏ ကုန်ပစ္စည်းများကို ဈေးနှုန်း နှစ်ဆ၊ သုံးဆတို့ဖြင့် ရောင်းချခဲ့ကာ မိမိတို့၏ ဌာနသို့ ပြန်ကြလေကုန်၏။ ဘဂ၀ါဘုရားရှင်သည် ဤဓမ္မဒေသနာတော်ကို ဟောတော်မူလျက်- `` အကိလာသုနော ၀ဏ္ဏပထေ ခဏန္တာ၊ ဥဒင်္ဂဏေ တတ္ထ ပပံ အ၀ိန္ဒုံ။ ဧ၀ံ မုနိ ၀ီရိယဗလူပပန္နော၊ အကိလာသု ၀ိန္ဒေ ဟဒယဿ သန္တိံ ။´´ (မပျင်းမရိသော လှည်းကုန်သည်တို့သည် သုံးရေမနီး သဲခရီး၌ တူးကုန်လတ်သော် လူတို့၏ သွားရာ မြေအပြင်ဖြစ်သော ထိုသဲခရီး၌ ရေကို ရကုန်ပြီ။ ထို့အတူ ၀ီရိယတည်းဟူသော ဗိုလ်မှူးနှင့် ပြည့်စုံသော မပျင်းမရိသော ပညာရှိသော ရဟန်းသည် စိတ်၏ ငြိမ်းသည်၏ အဖြစ်ကို ပြုတတ်သော ဈာန်၊ ၀ိပဿနာပညာ၊ အဘိညာဉ်၊ အရဟတ္တမဂ်ဉာဏ်ဟု ဆိုအပ်သော အရိယာတို့၏ တရားကို ရရာ၏။ ) >>> #မုနိသည် အာဂါရိယမုနိ၊ အနာဂါရိယမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ၊ မုနိမုနိ ဟူ၍ (၆)ပါး ရှိ၏။ ၁) ရအပ်ပြီးသော၊ သိအပ်ပြီးသော သာသနာရှိသော ပုဂ္ဂိုလ်သည် အာဂါရိယမုနိ၊ ၂) ရအပ်ပြီးသော၊ သိအပ်ပြီးသော သာသနာရှိသော ရဟန်းသည် အနာဂါရိယမုနိ၊ ၃) သေက္ခ ခုနစ်ယောက်သည် သေက္ခမုနိ၊ ၄) ရဟန္တာသည် အသေက္ခမုနိ၊ ၅) ပစ္စေကဗုဒ္ဓါသည် ပစ္စေကမုနိ၊ ၆) သဗ္ဗညုမြတ်စွာဘုရားသည် မုနိမုနိ။ <<< ဘဂ၀ါဘုရားရှင်သည် ဤဒေသနာတော်ကို ဟောပြောပြီး ဆက်လက်၍ သစ္စာလေးပါး မြတ်တရားကို ထပ်မံဟောကြားပြီးသည့်အခါ ၀ီရိယလျှော့၍ ကျောင်းသို့ ပြန်လာသော ရဟန်းသည် မြတ်သော အရဟတ္တဖိုလ်၌ တည်လေတော့သတည်း။ ဇာတ်ပေါင်း ====== ဘုရားလောင်းလှည်းကုန်သည်၏ အလုပ်အကျွေးငယ် = ယခုအခါ ၀ီရိယလျှော့သော ရဟန်း လှည်းကုန်သည်များ = ယခုအခါ တရားနာပရိသတ် လှည်းကုန်သည်မှူး = ဗုဒ္ဓ။ (( ၀ီရိယသွင်း၊ ဆင်းရဲခြင်း၊ လွတ်ကင်း ချမ်းသာရာ)) ====== ညောင်ကန်ဆရာတော်ကြီး၏ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုအား ခေတ်စကားပြေဖြင့် ဆီလျော်အောင် ရေးသားပူဇော်ပါသည်။ Endnote ====== ပုဂ္ဂလပညတ်၊ စတုက္ကနိဒ္ဒေသ နှင့် အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ပုဂ္ဂလ၀ဂ် တို့တွင် လာသော တရားအားထုတ်သော ပုဂ္ဂိုလ်(၄)မျိုး ၁) ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ် ( တရားတော်ကို အကျဉ်းနာရုံဖြင့် တရားရနိုင်သည့်ပုဂ္ဂိုလ်) ၂) ၀ိပဉ္စိတညူ ပုဂ္ဂိုလ် ( အကျယ်နာမှသာ တရားရနိုင်သည့်ပုဂ္ဂိုလ်) ၃) နေယျပုဂ္ဂိုလ် ( တရားကို အကျဉ်းရော၊ အကျယ်ပါ နာရမည့်အပြင် ၀ိပဿနာအလုပ်ကို ပြင်းပြင်းထန်ထန် အားထုတ်ပါမှ တရားရနိုင်သည့် ပုဂ္ဂိုလ်) ၄) ပဒပရမပုဂ္ဂိုလ် (တရားနာ၊ ၀ိပဿနာ အားထုတ်သော်လည်း ယခုဘ၀တွင် မဂ်ဖိုလ် မရနိုင်ဘဲ ပါရမီမျိုးစေ့မျှသာ ရနိုင်သည့် ပုဂ္ဂိုလ်) မှတ်ချက်။ ။ ယခုအခါ ထိုပုဂ္ဂိုလ်(၄)မျိုးအနက် အောက်ဆုံး နှစ်မျိုးသာလျှင် ရှိတော့သည်။
via အလင်းရောင် ဓမ္မ https://ift.tt/2Kjvsru
Newer Post
Older Post
Home