အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, August 10, 2019
" မေတ္တာဉာဏ်ကူ ဆွမ်းအလှူ " <><><><><><><><><><><><> 💝 ဖတ်ကြည့်နော် 💝 တစ်ချိန်တုန်းက သီဟိုဠ်ကျွန်း ရူဝကဝိတ္တိ အမည်ရတဲ့ ရွာကြီး တစ်ရွာမှာ မြန်မာ နာမည်နဲ့ဆိုရင် ကိုတိုးနဲ့မမိုးလို့ အမည်ရတဲ့ ဇနီးမောင်နှံနှစ်ဦး ရှိခဲ့ဘူးပါ တယ်။ တစ်နှစ်မှာပေါ့… ရာသီဥတုက မမှန်တဲ့အပြင် ဗြဟ္မဏတိဿဆိုတဲ့ သူပုန်ဘေးကြီးကလည်း ထလို့ တိုင်းသားပြည်သူများဟာ ငတ်မွတ်ခေါင်းပါး အစာရှားတဲ့ ဒုဗ္ဘိက္ခန္တရကပ်ကြီး ဆိုက်သတဲ့။ အဲဒီတော့ လူတွေဟာ အရင်က ထမင်းတစ်နပ်စာ ဆန်လေးကို ဆယ့်လေးငါးရက်လောက် ခြိုးခြိုးခြံခြံ မသေရုံကလေး အဖြစ်နဲ့ စားရသတဲ့။ ဆင်းဆင်းရဲရဲနဲ့ ဒီလိုနေကြရတဲ့အထဲမှာ ကိုတိုးနဲ့ မမိုးတို့ ဇနီးမောင်နှံလည်း ပါပါတယ်။ ကိုတိုးနဲ့မမိုးတို့က ရတနာသုံးပါးကို ဆည်းကပ်ကြတဲ့ သူတွေ၊ နှလုံးသားမှာ ဘုရားတည်ထားပြီး သဒ္ဓါတရားရှိကြတဲ့ သူတွေပေါ့။ ကိုတိုးနဲ့ မမိုးတို့အိမ်မှာလည်း အစာရိက္ခာ ဆန်က တစ်စတစ်စနဲ့ ကုန်လာလိုက်တာ သူတို့ဇနီးမောင်နှံအတွက် တစ်နပ်စာပဲ ကျန်ပါတော့ တယ်။ အဲဒီလိုအချိန် တစ်နေ့သော နံနက်ခင်းမှာ အရှင်တိဿဆိုတဲ့ ရဟန်းတော် အရှင်မြတ်တစ်ပါး ဟာ တခြား တခြားသော ရွာတွေကို ဆွမ်းခံကြွသွားတာ ဘယ်ရွာကမှ ကြွလို့ အဆင်မပြေ၊ ဆွမ်းလောင်းမယ့်သူ မရှိ၊သပိတ်ဗလာနဲ့ချည်း ပြန်လာ ရတယ်။ ငတ်မွတ်ခေါင်းပါး အစာရှားလို့ လှူစရာမရှိတော့လည်း ဒကာ ဒကာမတွေမှာ သဒ္ဓါတရား ရှိပေမယ့် ဘယ်လိုမှ မတတ်နိုင်ကြဘူးပေါ့။ ဒီလိုနဲ့ ဘယ်ရွာမှ ဆွမ်းခံကြွလို့ အဆင်မပြေတော့ ကိုတိုးနဲ့ မမိုးတို့နေတဲ့ ရူဝကဝိတ္တိရွာကြီးကို ဆွမ်းခံ ကြွလာတော်မူတယ်တဲ့။ ကိုတိုးနဲ့ မမိုးတို့အိမ်က ရွာတံခါးဝမှာဆိုတော့ အရှင်မြတ်ဦးတိဿ သင်္ကန်းရုံ သပိတ်ပိုက်ပြီးတော့ ရွာတံခါးက ဝင်ပြီး ဆွမ်းခံကြွလာတာကို သူတို့က မြင်တွေ့လိုက်ကြပါတယ်။ လှမ်းမြင်လိုက်ပေမယ့် အရှင်မြတ်က အိမ်စဉ်လျှောက်ပြီး ဆွမ်းခံကြွသွားတော်မူပါတယ်။ တစ်ရွာလုံး အိမ်စေ့လျှောက်ပေမယ့် တစ်အိမ်မျှ ဆွမ်း မလောင်းနိုင်ကြဘူး။ ဆွမ်းတစ်စေ့မျှကို မရတာ။ အိမ်စေ့လိုသာ ပြန်ကြွလာ ရတယ်။ သပိတ်ထဲမှာ ဘာမျှ မပါလာဘူး။ ပြန်ကြွလာတော့လည်း ကိုတိုးတို့ မမိုးတို့ အိမ်ရှေ့ကပဲ ရွာတံခါးအတိုင်း ပြန်ထွက်လာခဲ့တာဆိုတော့ ကိုတိုးက လှမ်းမြင်လိုက်တယ်။ ဟာ… ဆွမ်းခံ အရှင်မြတ် စောစောလေးတုန်းက ဆွမ်းခံကြွသွားတယ်။ အခု ပြန်ထွက်လာပြီ၊ ဆွမ်းမှ ရရဲ့လား မသိဘူး။ သွားကြည့်ဦးမှပဲ ဆိုပြီး အရှင်မြတ်ထံပါး ချဉ်းကပ်ပြီး သပိတ်ကို ဖွင့်ကြည့်လိုက်တော့ ဆွမ်းက တစ်ဇွန်းမှ မပါ။ ဘာမှ မပါတဲ့ သပိတ်ကို မြင်ရတော့… အရှင်ဘုရား… ဆွမ်းလည်း မရခဲ့ပါလားဘုရား။ ကဲ…ကဲ ကြွပါဦး ဘုရား၊ တပည့်တော်တို့ အိမ်ကို ကြွပါဦးဘုရား။ ကြွပါဦးလို့သာ ဆိုတာ လှူစရာ ဘာမှ အဆင်သင့်ရှိတာ မဟုတ်ဘူး။ ဒါနဲ့ အိမ်ရောက်တဲ့အခါ အရှင်မြတ်ကို နေရာခင်းပေး၊ ခေတ္တသီတင်းသုံးဖို့ လျှောက်ထားပြီး အိမ်ထဲဝင်၊ ဇနီးသည် မမိုးနဲ့ တိုင်ပင်တာပေါ့။ မမိုးရယ်… အရှင်မြတ်လေ တို့ရွာ ဆွမ်းခံဝင်တာ တစ်မနက်ခင်းလုံးပဲ ကွယ့်။ ဆွမ်းလည်း မရရှာဘူး။ တို့အိမ်မှာလည်း ရိက္ခာကို ခြိုးခြိုးခြံခြံနဲ့ သုံးခဲ့တာ။ ဆန်ဆိုလို့ တစ်နပ်စာပဲ ကျန်တော့တယ်။ အေးကွယ်… သေတော့လည်း ဒါနနဲ့ သေကြတာပေါ့ တဲ့။ ကိုတိုးနဲ့ မမိုးတို့ရဲ့ သဒ္ဓါတရားဟာ ဘယ်လောက်တောင် ကြက်သီးထစရာ ကောင်းလိုက်သလဲ ဆိုတာ တွေးကြည့်စမ်းပါ။ ပြီးတော့လည်း သူတို့မှာ ခိုင်ခိုင်မာမာ လက်ခံလာခဲ့တဲ့ ယုံကြည်ချက်ကလည်း ရှိသေးတယ်။ အဲဒါက ဘာလဲဆိုတော့… ပေးပါ-ပြန်လာမည်။ ပေးသာ ပေးပါ-ပြန်လာမည် တဲ့။ အဲဒီလို တိုင်ပင်တော့ ဇနီးအလိမ္မာ မမိုးကလည်း… ဟာ…သိပ်ကောင်းတာပေါ့ ကိုတိုးရယ်။ ဒါဟာ ကာလဒါနအစစ်ပဲ။ သူများတွေ မလှူနိုင်တဲ့အချိန်။ အရှင်မြတ်မှာလည်း လိုအပ်နေတဲ့ အချိန် လှူရတာ ဝမ်းသာစရာ အကောင်းဆုံးပေါ့။ ကျုပ်တို့ မစားရလို့ သေသွားရင်လည်း သေပါစေပေါ့။ ကျုပ်တို့ စိတ်ကောင်း စေတနာကောင်းကလေးကြောင့် သာသနာ့ဝန်ထမ်း ရဟန်းတော်အရှင်မြတ်မှာ တရားအလုပ် အားထုတ်သွားနိုင်ရင် ကျုပ်တို့ သေရကျိုး နပ်ပါပြီတဲ့။ ဒါနဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ ပျော်ပျော်ရွှင်ရွှင် ဝမ်းသာအားရ နောက်ဆုံး တစ်နပ်စာပဲ ကျန်တော့တဲ့ ဆန်အကုန်လုံးကို ထုတ် ချက်ပြုတ်ကြတယ်။ ကျက်ပြီလည်းဆိုရော အရှင်မြတ် ဦးတိဿရဲ့ သပိတ်ထဲ အကုန်လုံး လောင်းလှူလိုက်ပါတယ်။ သူတို့စားဖို့ရယ်လို့ ဘာမှ မချန်ဘူးတဲ့။ လှူပြီးတော့ သူတို့က… အရှင်ဘုရား… တပည့်တော် တပည့်တော်မတို့သည် ရှိလို့လှူကြတာ မဟုတ်ပါဘူး ဘုရား။ သိလို့ လှူတာပါ ဘုရား။ ကံ,ကံရဲ့အကျိုးပေးနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲလို့ သိလို့ ကျေကျေနပ်နပ်နဲ့ လှူတာပါဘုရား။ ဒီလို လှူဒါန်းရတာကလည်း ရှိလို့ လှူတာ မဟုတ်ပါ ဘုရား၊ သိလို့ လှူခြင်းသာ ဖြစ်ပါသည် ဘုရား။ လောကမှာ မရှိတာထက် မသိတာ ခက်သတဲ့ ဘုရား။ ဒါကြောင့်မို့ အခုလို ဆွမ်းလှူရတဲ့ ကုသိုလ်ကြောင့် အရှင်ဘုရားတို့ သိတဲ့ သစ္စာလေးပါး တရားထူးကို တပည့်တော်တို့လည်း သိခွင့်ရပါလို၏ အရှင်ဘုရား။ အဲဒီလို ဆုတောင်းပြီး လောင်းလှူလိုက်တော့ အရှင်မြတ်ဦးတိဿလည်း လက်ခံပြီး ပြန်ကြွသွားတော်မူပါတယ်။ ဆွမ်းခံအရှင်မြတ် ဦးတိဿပြန်ကြွသွားတော့ မမိုးဟာ စောစောက ချက်ထားတဲ့ ထမင်းအိုးကို ဖွင့်လိုက်တာ ထမင်းအိုးတစ်ခုလုံး ပြန်ပြည့်နေပါသတဲ့။ မမိုးက… ဟယ်…ငါ အခုန လောင်းလှူလိုက်တာ အကုန်ပါ။ အခု ထမင်းတွေ အပြည့်ပြန်ဖြစ်နေပြီ၊ သြော်…တို့စေတနာ ချက်ချင်း အကျိုးပေးပါလား လို့ တွေးမိပြီး ဝမ်းသာအားရနဲ့ ကိုတိုးကို ခေါ်ပြီးပြပါတယ်။ အဲဒီနေ့ အဲဒီအချိန်ကစပြီး ကိုတိုးတို့ မမိုးတို့ ဘာမှမပူမပင်ရတော့ဘဲ တစ်သက်လုံး စားစရာ ပြည့်စုံသွားပါသတဲ့။ အရှင်မြတ် ဦးတိဿကလည်း ဆွမ်းခံရလာတဲ့ ဆွမ်းကို ဘုဉ်းပေးဖို့ ရွာအပြင်ဘက် လျောက်ပတ်တဲ့ တစ်နေရာဖြစ်တဲ့ နပဲပင်ကြီးအောက်မှာ ပစ္စဝေက္ခဏာ ဆင်ခြင်၊မေတ္တာပို့ပြီးမှ ရှုမှတ်မှု အမှတ်သတိကလေးနဲ့ တဖြည်းဖြည်း ဘုဉ်းပေးနေပါတယ်။ အဲဒီအချိန်မှာ နပဲပင်ကြီးပေါ်မှာ ရုက္ခစိုးနတ်ကြီးက လည်း ရှိသတဲ့။ နတ်ဆိုပေမယ့် နတ်မွဲကြီးပါ။ တစ်ရက်တလေကလေး ဥပုသ်စောင့်ဘူးတဲ့ ကုသိုလ် ကလေးကြောင့်သာ နတ်ဖြစ်လာရတာ။ သူ့မှာ ဒါနက အလွန်နည်းခဲ့တော့ တယ်ပြီး ဆင်းရဲ သတဲ့။ စားရမဲ့ သောက်ရမဲ့ ဖြစ်နေတာ။ အဲဒါ အရှင်မြတ် ဦးတိဿက သူ့ရဲ့သစ်ပင်အောက်မှာ ဆွမ်းဘုဉ်းပေးနေတာ မြင်ရတော့ သူ့မှာ ဆာလိုက်တာ။စားချင်လိုက်တာ။ တံတွေး တစိုစိုနဲ့တဲ့။ အဲဒါနဲ့ မဖြစ်ဘူးဆိုပြီးတော့ စားချင်တာနဲ့ လူအဘိုးကြီးယောင် ဆောင်ပြီးတော့ ရဟန်းတော် ဦးတိဿ ရှေ့မှာ လာရပ်ပြတယ်။ အရှင်မြတ်ကလည်း ဣနြေ္ဒသိက္ခာနဲ့ အောက်ငုံ့ပြီး ဘုဉ်းပေးနေတော့ သူ့ကို မမြင်ဘူး ဖြစ်နေတယ်။ သူက… အဟမ်း…အဟမ်း…လို့ ချောင်းဟန့်သံ ပေးလိုက်တယ်။ အရှင်မြတ်က မော့ကြည့်ပြီး အဘိုးကြီးကို တွေ့လိုက် ရေတာ့… သြော်…အဘိုးကြီး ထမင်းဆာလာပြီနဲ့ တူတယ်။ ကဲ…ကဲ ဒကာကြီး ရော့…ရော့ ဆိုပြီး ကျန်တဲ့ ဆွမ်း တစ်လုတ် နှစ်လုတ်စာကလေးကို အဘိုးကြီးမှာ ပါလာတဲ့ ခွက်ကလေးထဲ ထည့်ပြီး ပေးလိုက်ပါတယ်။ ထည့်ပေးလိုက်တော့ အဘိုးကြီးယောင် ဆောင်ထားတဲ့ နပဲပင်စောင့် ရုက္ခစိုးနတ်ကြီးက သူ့လက်ထဲ ရောက်လာတဲ့ ဆွမ်းကြွင်း ဆွမ်းကျန်လေးကို ကြည့်ပြီး စဉ်းစားမိသတဲ့။ အင်း… ငါဟာ ယခုလို နတ်မွဲကြီး ဖြစ်နေရတာ ဒါန နည်းခဲ့လို့။ ဒါန ချို့တဲ့ခဲ့လို့ပဲ။ အဲဒီတော့ ငါသည် လှူလို့ ဖြစ်တုန်း လှူမယ်။ ငါ မစားတော့ပါဘူး လို့ ဆုံးဖြတ်လိုက်ပြီး… အရှင်ဘုရား… တပည့်တော်ရဲ့ ဟောဒီခွက်ထဲမှာ ရောက်နေတဲ့ ဆွမ်းကြွင်း ဆွမ်းကျန်ကို တပည့်တော် မစားတော့ပါဘူး ဘုရား။ တပည့်တော်ကို သနားသောအားဖြင့် အလှူခံတော်မူပါ ဘုရား လို့ အရှင်မြတ် ဦးတိဿကို ပြန်လှူလိုက်သတဲ့။ သူများဆီကလည်း တောင်းသေး။ပြန်လည်း လှူသေး ဆိုတော့ ဖိုးတုတ် အလှူလုပ်တာနဲ့ တူနေတယ်။ တစ်ခါတုန်းက… ဖိုးတုတ်ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဘူးတယ်။ သူက ဘုန်းကြီးကျောင်း ရောက်လို့ရှိရင်… ဆရာတော်ဘုရား… ဆရာတော်ဘုရား… တပည့်တော်ကို သင်္ကန်း တစ်စုံလောက် စွန့်ပါဘုရား။ ဘာလုပ်မလို့လဲ မောင်ဖိုးတုတ်ရဲ့-? တပည့်တော် ကိစ္စရှိလို့ပါဘုရား။ ဆရာတော်ကလည်း တောင်းလွန်းမက တောင်းတော့ ကဲ…ရော့၊ ရော့ ဆိုပြီး စွန့်လိုက်ပါတယ်။ သူ့လက်ထဲ သင်္ကန်းတစ်စုံရောက်ရော ဖိုးတုတ်က… ဆရာတော်ဘုရား…တပည့်တော်ကို ချီးမြှောက်သော အားဖြင့် ဒီသင်္ကန်း အလှူခံတော်မူပါဘုရား လို့ လျှောက်သတဲ့။ ဒီတော့ ဆရာတော်က… ဟ…ဖိုးတုတ် မင်းဟာကကွာ တောင်းလည်း တောင်းသေး။ ပြန်လည်း လှူသေးကွာ လို့ ဆိုတော့ ဖိုးတုတ်က… ဆရာတော်-စေတနာသာ ပဓာနပါ လို့ ဆိုပြီး ပြုံးစိ ပြုံးစိနဲ့ လုပ်တတ်တယ်။ တစ်ခါ မြို့ထဲရွာထဲ ရောက်ပြန်တော့လည်း တွေ့တဲ့ လူကို အစ်ကိုကြီး အစ်မကြီး ခင်ဗျာ၊ ကျွန်တော့်ကို ပိုက်ဆံငါးကျပ်လောက် ပေးပါ ခင်ဗျာ။ ဟာ…ဘာလုပ်မလို့လဲ ? ကိစ္စနည်းနည်း ရှိလို့ပါ ခင်ဗျာ ဆိုတော့ ကဲ…ရော့…ရော့ ဆိုပြီး သူများက ပေးလို့ သူ့လက်ထဲကို ပိုက်ဆံရောက်ပြီ ဆိုရင် ဖိုးတုတ်က… အစ်ကိုကြီး အမကြီးခင်ဗျာ ကျွန်တော့်ကို ချီးမြှောက်တဲ့ အနေနဲ့ ဒီပိုက်ဆံကလေး ပြန်ပြီး အလှူခံပါ ခင်ဗျာ ဆိုတော့… ဟ…ဖိုးတုတ် မင်းဟာက သူများဆီကလည်း တောင်းသေး။ ပြန်ပြီး လှူသေး။ မဟုတ်သေးပါဘူးကွာ။ သြော်-စေတနာသာ ပဓာနပါ ခင်ဗျာ။ ဖိုးတုတ်က ဒီလို လုပ်တတ်တယ်။ အဲဒီလိုမျိုးပဲ။ အခုလည်း နပဲပင်စောင့်နတ်ကြီးက ဦးတိဿထံက ဆွမ်းကျန်လည်း တောင်းသေးတယ်။ ရလာတဲ့ ထမင်းကိုလည်း ပြန်လှူချင်သေးတယ်။ ဒါပေမဲ့ အဲဒီလို လှူလိုက်တာနဲ့ ရုက္ခစိုးနတ်ကြီးမှာ စေတနာက ချက်ချင်း အကျိုးပေးပါသတဲ့။ နေ့တိုင်း နေ့တိုင်း နတ်သြဇာ ရှစ်ပွဲရတယ်။ တစ်သက်လုံး စားလို့တောင် မကုန်နိုင်ဘူးတဲ့။ ကိုတိုးနဲ့ မမိုးတို့ရဲ့ မေတ္တာ ဉာဏ်ကူပြီး လှူလိုက်တဲ့ ဆွမ်းတစ်နပ်ကြောင့် ရုက္ခစိုးနတ်ကြီးလည်း ချမ်းသာသွားရတယ်။ ရဟန်းတော် အရှင်မြတ်ဦးတိဿလည်း ရဟန်းတရားကို ပွားများအားထုတ်လိုက်တာ မကြာခင်ပဲ ရဟန္တာ ဖြစ်သွားသတဲ့။ စိတ်ကောင်းကလေး တစ်ခုကြောင့် အများ ချမ်းသာရာ ရသွားပုံကလေး ပြောပြပါတယ်။ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး။ ဤဓမ္မပုံပြင်ဖြင့် ဆရာတော်သည် မိမိပိုင် ပစ္စည်းဥစ္စာအပေါ်တွင် တွယ်တာမှုအားကြီး၍ ဒါန မဖြစ်နိုင်သကဲ့သို့ အလှူခံပုဂ္ဂိုလ်နှင့် ဒါနလုပ်ငန်းအပေါ်တွင် မေတ္တာတရား ( ကမ္မဿကတာ သမ္မာဒိဋ္ဌိ) အသိဉာဏ်တရား မထားရှိနိုင်လျှင်လည်း ဒါနကုသိုလ် ဖြစ်ဖို့ မလွယ်ကူကြောင်း၊ မေတ္တာဉာဏ်ကူ၍ လှူအပ်သော အလှူဒါနမျိုးသည်သာ ကိုယ်ရောသူပါ ချမ်းသာကြောင်း။ ကောင်းမြတ်သော အလှူတစ်ခု ဖြစ်သည်ကို ပြဆိုလိုရင်း ဖြစ်ပါသည်။ ထို့ကြောင့် သူတော်ကောင်းတို့လည်း ဒါနပြုရာတွင် အလှူခံပုဂ္ဂိုလ်တို့ အပေါ် မေတ္တာဖြင့် ချစ်ခင် ကြင်နာ၊ကြည်ဖြူနိုင်ကြပါစေ၊ ပညာဖြင့်… ဒါန၏ အကျိုးကျေးဇူးကိုလည်း အမြင်ကြည်လင်၊ အမှန်အတိုင်း သိမြင်နိုင်ကြပါစေလို့ တောင်းဆု ချွေအပ် ပါတယ်။ Credit-တော်ဝင်နွယ်။ တိပိဋက
via အလင်းရောင် ဓမ္မ https://ift.tt/2GY234a
Newer Post
Older Post
Home