အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, August 9, 2019
ကိုယ့်ဟာမှ ကိုယ့်ဟာ မလုပ်ကြနဲ့ ယောဂီတို့ အထူး သတိပေးလိုတာက့  တစ်ချို့ယောဂီတွေဟာ ကိုယ် အားထုတ်တဲ့တရားကလွဲလို့ အခြားတရားနည်း အခြားဆရာ အခြားဂိုဏ်းတွေကို အထင်သေး အမြင်သေး ဖြစ်တတ်ကြတယ်။ ကဲ့ရဲ့ရှုတ်ချမိတတ်တယ့့်  ပြောဆိုမိတတ်ကြတယ့့်  သတိထားကြ။ အခြားဆရာ အခြားဂိုဏ်း အခြားတရားနည်းတွေလည်း ကောင်းတာချည်းပဲ။ ကျေးဇူးများတာချည်းပဲ။ ကိုယ့်ဟာမှ ကိုယ့်ဟာ မလုပ်ကြနဲ့။ အထင်သေး အမြင်သေး ကဲ့ရဲ့ရှုတ်ချ ပြောဆိုမိတယ် ပြစ်မှားမိတယ်ဆိုရင် အပြစ်ကြီးတယ်။ တရားက မတက်တော့ဘူး။ အရပ်ထဲမှာ ရောင်းရင်းဝယ်ရင်းဖြစ်တဲ့ ငရဲက တရားရိပ်သာ သူတော်ကောင်းတွေကြားမှာဖြစ်တဲ့ ငရဲလောက် ကြောက်စရာ မကောင်းဘူး။ ယောဂီတို့ ကြပ်ကြပ် သတိပြုကြပါ။ ကိုယ့်တရား ကိုယ်လုပ့့်  ဘာမှ မပြောကြနဲ့။ (မောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီး "သြဝါဒကထာများ"စာအုပ်မှ ကောက်နှုတ်ချက်) ဆရာတော်ကြီး၏ ဆုံးမသြဝါဒစကားသည် သတိပြုစရာ အတော်ကောင်းပါ၏။ ဦးဇင်းတို့ လေ့လာမိသလောက် ဝိပဿနာနယ်ပယ်မှာ သူ့နည်း ငါ့နည်းတွေကများ သူ့ကိုရန်လုပ်လိုက် ငါ့ကိုပုတ်ခတ်လိုက် သူ့နည်းကို ရိသဲ့သဲ့လုပ်လိုက် ငါ့နည်းကို စောင်းမြောင်းပြောလိုက်နဲ့ သူ့သဘောသူ ဆောင်နေတဲ့ အနတ္တလမ်းစဉ်ဟာ အတ္တအယူအစွဲတွေနဲ့ ဖုံးလွှမ်းနေတတ်ကြပါတယ်။ အမှန်ကတော့ တရားမှန်လျှင် ဘယ်သူ့နည်းချည်းပဲဖြစ်ဖြစ် အားလုံး အကောင်းချည်းပါပဲ။ ဘုရားလမ်းစဉ်ကို ကိုယ်အားသန်ရာပုံစံနဲ့ ချဉ်းကပ် ကြရတာမို့ လမ်းလျောက်ပုံ မတူညီကြငြားသော် လည်း လမ်းဆုံးတာခြင်းကတော့ အတူတူပါပဲ။ အဆိုးဆုံးကတော့ တရားကို တရားလို့ မမြင်နိုင်ကြဘဲ ကိုယ့်ရိပ်သာ ကိုယ့်ဆရာနည်းမဟုတ်လျှင် ရန်သူ ထင်နေခြင်းပင်တည်း။ အများအမြင် စကားတွေ အယဉ်ဆင့်ပြီး ဘယ်လောက်ပင် ပြောဆိုနေစေကာမူ စိတ်စင်ကြယ်မှု မနောကံမှာတော့ အယူစွဲ ဆရာစွဲ တွေကြောင့် အနတ္တအသံ ဘယ်လိုပင် ထွက်ထွက် ရင်ထဲမှာတော့ အတ္တသံတွေ ဆူညံနေပါလိမ့်မယ်။ သတိထားစရာ သိပ်ကောင်းလှပါသည်။ ငါ့လုပ်နေတဲ့နည်းနဲ့ မတူလျှင် ငါ့ရန်သူ။ ငါ့ဆရာနည်းနဲ့မတူလျှင် ငါ့ရန်သူ။ ငါ့ရိပ်သာဝါဒ လက်မခံနိုင်လျှင် ငါ့ရန်သူ။ ငါ့ဆရာဝါဒကို လက်မခံနိုင်လျှင် ငါ့ရန်သူ။ ဒီလို ရန်မူတဲ့စိတ်ထားတွေ ရှိနေသမျှ အထင်သေး အမြင်သေးစိတ်ထားတွေ ရှိနေသမျှ သူသိတရား ကိုယ်မရလိုက်တာသာ ရှိချေမည်။ ကိုယ်သိတရား သူမကြားလိုက်ရသည်သာ ရှိချေတော့မည်။ တရားဟူသည် ဘုရားတည်းဟူသော ဆရာတစ်ဆူ တည်းအောက်မှာ တစ်မူတစ်ဝါဒတည်း ရှိနေပါလျှက်နဲ့ သူ့နည်း ငါ့နည်း အယူဝါဒ ပုဂ္ဂိုလ်ရေး စွဲလန်းမှုတွေကြောင့် ငြင်းခုံမှုတွေ တိုက်ခိုက်မှုတွေ ဖြစ်ကြရလေသည်။ ဓမ္မမိတ်ဆွေအချင်းချင်း ပေါင်းဆုံခြင်းသည်ပင် ဂုဏ်တက်ခြင်း ဂုဏ်ပျက်ခြင်းတွေ ဖြစ်ရသည်ဟု ထင်သူက ထင်၏။ ဤကား ပုဂ္ဂိုလ်စွဲကြောင့် ဖြစ်ရခြင်းတည်း။ အမှန်ကား ဓမ္မကိုပေါင်းလျှင် ဂုဏ်ပျက်စရာမရှိ ဓမ္မကြောင့် ဂုဏ်တက်စရာချည်းပင် ဖြစ်ပေမည်။ အမှန်မမြင်နိုင်သေးသမျှ ပြုပြော ကြံစည်တိုင်း အပြစ်ကြီးလေးလှပေစွတကား။ ဦးဓမ္မသာရ(ဆေးသဲ့တောင်)
via အလင်းရောင် ဓမ္မ https://ift.tt/2TplojG
Newer Post
Older Post
Home