Thursday, August 8, 2019

ဆင်းရဲကို အဆုံးသတ်ဖို့ တရားအားထုတ်ကြပါစို့ ~~~~~~~~~~~~~~~~~~~~~~~~~~ >> ကျွန်တော်တို့မှာ မြတ်စွာဘုရားသာသနာနဲ့ ကြုံရတာ ဆင်းရဲက အပြီးတိုင် လွတ်နိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်။ အခုကုသိုလ်ကံ အကျိုးပေးလို့ လူလာဖြစ်တဲ့အတွက် ကုသိုလ်ပြုခွင့်တွေ ရနေပါပြီ။ ဒီကုသိုလ်ကံကနေ လွတ်မြောက်အောင် ကြိုးစားရဦးမှာပါ။ ကံကုသိုလ်ကနေ ဥာဏ်ကုသိုလ်ဖြစ်ဖို့ အဲဒီလိုဖြစ်ဖို့ဆိုတာ ဝေဒနာပစ္စယာ တဏှာကတော့ ကောင်းတဲ့ကံတွေ ဖြစ်နိုင်သလို မကောင်းတဲ့ကံတွေလည်း ဖြစ်နိုင်တယ်။ အခုဝေဒနာကြောင့် ဥာဏ်ဖြစ်ဖို့ လိုတယ်။ ဝေဒနာကနေ ကံကိုမသွားပဲ ဥာဏ်ကိုသွားဖို့ သတိကို ကြိုးစားအားထုတ်ရပါမယ်။ >> တရားထိုင်တဲ့အခါ နာကျင်တဲ့ ဝေဒနာကို အမေးများပါတယ်။ ဘုရားရှင်က သက္ကပဉ္စသုတ်မှာ သိကြားမင်းကို ဟောပါတယ်။ ဒုက္ခဝေဒနာကို အာရုံပြုလို့ ကုသိုလ်ဖြစ်ရင် နှလုံးသွင်း အကုသိုလ်ဖြစ်ရင် နှလုံးမသွင်းနဲ့ပေါ့။ သုခဝေဒနာကို အာရုံပြုလို့ ကုသိုလ်ဖြစ်ရင် နှလုံးသွင်း အကုသိုလ်ဖြစ်ရင် နှလုံးမသွင်းပါနဲ့လို့ ဟောကြားထားပါတယ်။ အဓိကဆိုခြင်တာတော့ ကုသိုလ် အကုသိုလ်ဆိုတာ ကိုယ်က သတိရှိမှ သိနိုင်လို့ သတိရှိဖို့သာ လိုရင်းပါပဲ။ >> ဒါကြောင့် နာရင်ပြောင်းရမှာလားဆိုတာ မိမိရဲ့နှလုံးသွင်းပေါ် မှာ မူတည်ပြီး သတိ ဝီရိယ သမာဓိ ပညာတွေ ကုသိုလ်တရားတွေ ဖြစ်မယ်ဆိုရင် နှလုံးသွင်းပါ။ ဒေါသတွေ သောကတွေ ဥဒ္ဒစ္စတွေ ကုက္ကုစ္စ စတဲ့ အကုသိုလ်တရားတွေ ဖြစ်လာပြီဆိုရင်တော့ နှလုံးမသွင်းနဲ့တော့ပေါ့။ ပြောင်းမှပဲ ဖြစ်တော့မယ်ဆိုရင် ပြောင်းလိုက်ပါ။ >> တရားအားထုတ်ဆိုတာ ရှေ့စိတ်မှာဖြစ်ပေါ်တဲ့ ဝေဒနာကို နောက်စိတ်က အမှန်အတိုင်း သတိပြုနေဖို့ပါပဲ။ အနာခံနိုင်အောင် ကျင့်နေတာ မဟုတ်ပါဘူး။ သတိပဋ္ဌာန်ဖြစ်အောင် ကျင့်ရတာပါ။ ပဋိစ္စသမုပ္ပါဒ်ဆိုတာ အကြောင်းကိုစွဲ၍ အကျိုးဖြစ်တာပါ။ အကြောင်းမရှိပဲနဲ့ ဘယ်အကျိုးမှ ဖြစ်လို့မရပါဘူး သတိဖြစ်ဖို့ရာ ရှေ့စိတ်မှာ ဝေဒနာ ပေါ် ရပါတယ်။ ရှေ့စိတ်က ဝေဒနာ ချုပ်ပျောက်ပေမယ့်လည်း နောက်စိတ်မှာ သတိဖြစ်ပေါ် ဖို့ အကြောင်းတရားအနေနဲ့ ကျေးဇူးပြုသွားပါတယ် နောက်စိတ်မှာ သတိဖြစ်လိုက်တာနဲ့ တဏှာဖြစ်ခွင့် မရတော့ပါဘူး။ သတိကြောင့် ဝေဒနာရဲ့ ဖြစ်ပေါ် ချုပ်ပျောက်မှု မမြဲမှု ကိုယ့်အလိုအတိုင်း မဖြစ်မှု ဖြစ်တိုင်းချုပ်ပျောက်နေတဲ့ ဆင်းရဲမှုကို အမှန်အတိုင်း သိမြင်နားလည်ရင် အဝိဇ္ဇာကို ပယ်နိုင်ပါတယ်။ ရှေ့စိတ်ကို အမှန်အတိုင်းသိတော့ အဝိဇ္ဇာ ပယ်ပါတယ်။ နောက်စိတ်မှာ သတိရှိတော့ တဏှာလည်း ဖြစ်ခွင့်မရလို့ ပဋိစ္စသမုပ္ပါဒ် ရပ်ပါတယ်။ ပဋိစ္စသမုပ္ပါဒ်ရပ်ရင် နိဗ္ဗာန်ရောက်တာပါပဲ။ တဒင်္ဂရပ်လည်း တဒင်္ဂနိဗ္ဗာန် ရပါတယ်။ >> တစ်ချို့က တရားဆိုတာ ထိုင်မှပဲရမှာလားလို့ မေးတတ်ကြပါတယ်။ အမှန်က ထိုင်တယ် ထတယ်ဆိုတာ ပုံသဏ္ဌန်ပဲ ရပါတယ်။ ပုံသဏ္ဌန်ဆိုတာ ပညတ်ပါ။ ရုပ်တရားမှာ ထိုင်တယ် ထတယ် မရှိပါဘူး။ ဖောက်ပြန်တာပဲ ရှိပါတယ်။ ထိုင်တာကနေ ထရပ်လည်း ရုပ်တရားတွေရဲ့ ထင်ရှားတဲ့ ဖောက်ပြန်ပြောင်းလဲမှုကိုပဲ သတိနဲ့ နှလုံးသွင်းရုံပါပဲ။ ထိုင်တာ ထတာတွေနဲ့ စိတ်ထဲမှာ ရှုပ်နေသေးရင်တော့ ပရမတ်သဘောကို သေချာ မမြင်နိုင်သေးလို့ပါ။ တရားစတင် အားထုတ်သူတွေမှာတော့ သမာဓိ ဖြစ်ဖို့ရာအတွက် အာရုံတစ်ခုပေါ်မှာ စိတ်တည်ငြိမ်အောင် တဆက်တစပ်တည်း ဝီရိယစိုက်နိုင်ဖို့ ထိုင်ပြီး အားထုတ်သင့်ပါတယ်။ ဒေါက်တာ စိုးလွင် ရေးသားသည်။ #PhyoeMayOo


via အလင်းရောင် ဓမ္မ https://ift.tt/2KmNsRJ