Friday, August 9, 2019

ဗုဒ္ဓဘုရားနှင့်တွေ့အောင်ကဿပဘုရားရှင်လက်ထက်မှဆောင့်ခဲ့သည့်နဂါးမင်းနှင့်#နာဂမယ်နှင့်လုလင်ပျို 🌷🌷🌷🌷🌷🌷⛎⛎⛎⛎⛎⛎⛎ ကဿပဘုရားရှင် သာသနာ၌ အကျင့်သီလနှင့်ပြည့်စုံသော ရဟန်းငယ်တစ်ပါးရှိ၏။ တစ်နေ့သ၌ ထိုရဟန်းငယ်သည် ဂင်္ဂါမြစ်ကြောင်းခရီးဖြင့် လှေစီး၍သွားစဉ် မြစ်ကမ်း၌ ပြိတ်မြစ်ချူံတစ်ခုကို လက်ဖြင့် အမှတ်တမဲ့ ဆွဲကိုင်လိုက်မိ၏။ လှေမှာ အရှိန်ကောင်းကောင်းဖြင့် သွားနေဆဲဖြစ်၍ ပြိတ်မြစ်ရွက်တစ်ခုသည် ပြတ်၍ ရဟန်း၏လက်ထဲသို့ ပါလာလေ၏။ ကဿပဘုရားရှင် ချမှတ်ထားသော ရဟန်းတို့၏ ဝိနည်းဥပဒေတွင် စိမ်းစိုသော သစ်ရွက်များကို ခုတ်ဖြတ်ဖျက်ဆီးခြင်း မပြုရဟူသော ပညတ်ချက်တစ်ခုရှိ၏။ ထိုရဟန်းငယ်သည် ပြိတ်မြစ်ရွက်ကလေး တစ်ရွက်ကို ဖြတ်လိုက်မိခြင်းမှာ မပြောပလောက်သော ပြစ်မှုကလေးတစ်ခုသာ ဖြစ်သည်ဟု ထိုအပြစ် 'အာပတ်' ကို ကုစားခြင်းမပြုဘဲ နေလေသည်။ သို့သော် ထိုပြစ်မှုကလေး တစ်ခုမှလွဲ၍ အခြား မည်သည့်ငြိစွန်းမှုမျှ မရှိအောင် ရဟန်းသီလကို အသက်ထက်ဆုံး စောင့်စည်းနေထိုင် သွားလေသည်။ သေခါနီးအချိန်တွင်မူ ထိုရဟန်း၏စိတ်သည် မသိုးမသန့်ဖြစ်လာ၏။ ဘဝတစ်လျှောက်လုံး ဖြူစင်စွာ စောင့်ထိန်းလာခဲ့သည့် သူ၏သီလတွင် ပြိတ်မြက်ရွက် တစ်ရွက်ကို ဖြတ်ခဲ့မိခြင်းဟူသော အမဲစက်တစ်ကွက်က အထင်သား ပေါ်လွင်၍ လာလေသည်။ အခြားရဟန်းတစ်ပါး အပေါ်၌ မိမိအပြစ်ကို ထုတ်ဖော်ပြောကြား၍ ကုစားလိုက်ပါက ပြေပျောက်သွားနိုင်သော အပြစ်လည်းဖြစ်၏။ သို့သော် ထိုအချိန်တွင် အနီးအနား၌ ရဟန်းတစ်ပါးမျှ မရှိဘဲ ဖြစ်နေရာ စိတ်မသိုးမသန့်ဖြင့် ကွယ်လွန်သွားလေသည်။ ကွယ်လွန်ပြီးနောက် သူစိတ်စွဲလမ်းခဲ့သော ဂင်္ဂါမြစ်ထဲ၌ပင် 'ဧရကပတ္တ' အမည်ရှိသော နဂါးမင်းတစ်ကောင်အဖြစ်သို့ ရောက်လေသည်။ ထိုနဂါး၏ကိုယ်မှာ လှေငယ်ပမာဏရှိ၏။ ထိုနဂါးသည် အတိတ်ဘဝကို ပြန်၍ရှုမြင်နိုင်သော တန်ခိုးနှင့်ပြည့်စုံ၏။ ထိုနဂါးသည် သူ၏ခန္ဓာကိုကြည့်၍ "အဘယ်ကဲ့သို့ မကောင်းမှု အကုသိုလ်ကြောင့် ဤအဟိတ် တိရစ္ဆာန်ဘဝကို ရရှိသနည်း" ဟူ၍ ပြန်၍ ဆင်ခြင်လေသည်။ ထိုအခါ နှစ်ပေါင်းများစွာ ရဟန်းသိက္ခာကို စောင့်စည်းခဲ့ပါလျက် ပြိတ်မြစ်ရွက်တစ်ခုကြောင့် ဘဝကူးလွဲခဲ့ရပုံကို တွေ့ရသဖြင့် များစွာ စိတ်မချမ်းမသာ ဖြစ်လေသည်။ ထိုနဂါးသည် နောက်ဘုရားတစ်ဆူ ပွင့်တော်မူမှသာ နဂါးဘဝမှ လွတ်အောင်လုပ်ရန် လွယ်ကူမည်ဖြစ်ကြောင်း စဉ်းစားမိသောကြောင့် လူ့ပြည်၌ ဘုရားပွင့်သည့်သတင်းကို အမြဲနားစွင့်၍ နေလေသည်။ နောက်အဖို့၌ ဧရကပတ္တနဂါး၌ သမီးတစ်ယောက်ရရှိလာ၏။ ထိုအခါ နဂါးမင်းသည် သမီးချောကို ဗန်းပြ၍ ဘုရားပွင့်သည့် သတင်းကို စုံစမ်းရန် အကြံရလေ၏။ ထို့ကြောင့် သူသည် သမီးပျို နဂါးမလေးအား ဓမ္မသီချင်းတစ်ပုဒ်ကို သင်ကြားပေးသည်။ ထိုသီချင်းမှာ လျှို့ဝှက်သော တရားသဘောများကို ပဟေဠိဆန်ဆန် စပ်ဆိုထားသော သီချင်းဖြစ်သည်။ ဘုရားရှင်တို့၏ တရားကို နာကြားရသူများသာလျှင် ထိုသီချင်းကို အဓိပ္ပာယ်ဖော်နိုင်မည် ဖြစ်ပေသည်။ ထို့နောက် ဧရကပတ္တ နဂါးမင်းသည် လပြည့်နေ့၊ လကွယ်နေ့တိုင်း ဂင်္ဂါမြစ်ရေပြင်၍ ကပွဲသဘင်တစ်ခု ဆင်ယင်ကျင်းပသည်။ ထိုကပွဲသဘင်၌ နဂါးမလေးသည် အလွန်လှပတင့်တယ်သော အမျိုးသမီးအသွင်ဖြင့် ကပြသည်။ ဖခင်သင်ကြားပေးသော ဓမ္မသီချင်းကိုလည်း သာယာချိုအေးသော အသံဖြင့် သီဆိုသည်။ နဂါးမလေး၏ အလှဂုဏ်သတင်းကို ကြားသိကြရသဖြင့် ဂင်္ဂါမြစ် အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများမှ လူတို့သည် ထိုကပွဲသို့ တစ်စုတစ်ဝေး လာရောက်ကြည့်ရှုကြသည်။ လာရောက်ကြည့်ရှုသူများတွင် လူလင်ပျို အများဆုံး ဖြစ်လေသည်။ ဤသို့ဖြင့် တစ်စတစ်စ အချိန်ကုန်လွန်သွားခဲ့ရာ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူသော အချိန်သို့ရောက်လာသည်။ ထိုအချိန်တွင် ဗာရာဏသီမြို့မှ ဥတ္တရမည်သော လုလင်ပျိုသည် နဂါးမ၏ ကပွဲကို ကြည့်ရှုရန်ထွက်လာခဲ့ရာ လမ်းတွင် ဗုဒ္ဓမြတ်စွာနှင့် တွေ့လေသည်။ ဗုဒ္ဓမြတ်စွာသည် ဥတ္တရလုလင်ကို ခေါ်၍ တရားဟောပြီး နဂါးမသီဆိုမည့် သီချင်း၏အဓိပ္ပာယ်ကို ဖော်ပေးသော သီချင်းတစ်ပုဒ်ကိုလည်း သင်ကြားပေးတော်မူလိုက်သည်။ ဥတ္တရလုလင်သည် ထိုသီချင်းကို သင်ယူခဲ့ပြီး ကပွဲသို့ သွားလေသည်။ ကပွဲသို့ရောက်၍ နဂါးမလေးက ဓမ္မသီချင်းကို သီဆိုသောအခါ ဥတ္တရလုလင်ကလည်း ပရိတ်သတ်ထဲမှ ထ၍ ဗုဒ္ဓသင်ပေးလိုက်သော သီချင်းကို တုံ့ပြန်သီဆိုလေသည်။ ဥတ္တရ၏ သီချင်းကို ကြားလေလျှင် ဧရကပတ္တနဂါးမင်းသည် လူ့ပြည်၌ ဘုရားပွင့်နေပြီဖြစ်ကြောင်း ကောင်းစွာသိရှိလေသည်။ ထို့ကြောင့် သူ့ကိုယ်ကို လူသားအသွင် ဖန်ဆင်းပြီး ဥတ္တရလုလင်ထံ ချဉ်းကပ်မေးမြန်းလေသည်။ "အို . . . လုလင် ယခု သင်၏ဆရာ ဗုဒ္ဓမြတ်စွာသည် အဘယ်မှာ သီတင်းသုံးပါသလဲ" "မြို့ပြင်က ကုက္ကိုပင်ကြီးတစ်ပင်အောက်မှာ သီတင်းသုံးနေပါတယ်" ထိုစကားကို ကြားရလျှင် နဂါးမင်းသည် ဥတ္တရလုလင်ကို ခေါ်၍ ဗုဒ္ဓထံသို့ သွားလေသည်။ ဗုဒ္ဓထံသို့ ရောက်သွားအခါ ဗုဒ္ဓအား ရိုသေစွာရှိခိုး၍ ငိုကြွေးနေလေသည်။ ထိုအခါ ဗုဒ္ဓက "အဘယ်ကြောင့် ငိုကြွေးနေသနည်း" ဟု မေးမြန်းရာ နဂါးမင်းက ဤသို့ လျှောက်ထားလေသည်။ "အရှင်ဘုရား - တပည့်တော်သည် ကဿပဘုရား သာသနာတော်၌ နှစ်ပေါင်းများစွာ ရဟန်းတရားကို အားထုတ်ခဲ့ပါသည်။ သို့ပါသော်လည်း ပြိတ်မြစ်ရွက်တစ်ရွက်ကို ဖြတ်ခဲ့မိသည့်အတွက် အဟိတ်တိရစ္ဆာန်ဖြစ်သော နဂါးဘဝသို့ ရောက်ခဲ့ရပါသည်။ နဂါးဘဝမှ လွတ်မြောက်လိုလှသဖြင့် ဗုဒ္ဓရှင်တော်မြတ်အား မျှော်လင့်စောင့်စားခဲ့ရသည်မှာ နှစ်ပေါင်း ထောင်သောင်းမက ကြာမြင့်ခဲ့ပါပြီ။ ဤအကြောင်းများကြောင့် ဝမ်းသာဝမ်းနည်းဖြစ်ကာ တပည့်တော် ငိုကြွေးမိခြင်း ဖြစ်ပါသည်ဘုရား" ဤသို့နဂါးမင်းက လျှောက်ထားသောအခါ ဗုဒ္ဓရှင်တော်မြတ်က "လူဘဝကိုရခဲ့ဘိ၏။ လူ့ဘဝကို ရပြန်လျှင်လည်း အသက်ရှည်ရှည် နေဖို့ရာ မလွယ်ကူ။ သူတော်မြတ်တို့၏ အဆုံးအမ သြဝါဒကိုလည်း အလွယ်တကူ ကြားနာခွင့်မရနိုင်။ သစ္စာလေးပါး အမှန်တရားကို သိမြင်တော်မူသော ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာဖို့ အရေးကား ဤလောက၌ အခက်အခဲဆုံးပင် ဖြစ်ပေ၏" ဟူသော ဒေနာတော်ကို ဟောကြားတော်မူလေသည်။ ထိုဒေသနာတော် အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည် အကျွတ်တရား ရရှိသွားကြလေသည်။ ဧရကပတ္တနဂါးမင်းကား တိရစ္ဆာန်မျိုး ဖြစ်သောကြောင့် မဂ်ဖိုလ်ကို မရရှာချေ။ သို့သော် ထိုနေ့မှစ၍ နဂါးအသွင်ကို စွန့်၍ လုလင်အသွင်ဖြင့် ပျော်ရွှင်ချမ်းသာစွာ နေနိုင်သည့်အဖြစ်သို့ ရောက်သွားလေသည်။ ဥတ္တရလုလင်မှာမူ ဗုဒ္ဓအထံ၌ ဓမ္မသီချင်းကို သင်ယူစဉ်ကပင် သောတာပန်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။


via အလင်းရောင် ဓမ္မ https://ift.tt/2KAcXOh