Saturday, August 10, 2019

“သုပ္ပဗုဒ္ဓနူနာသည်၏ဝဋ်ကြွေး” မြတ်စွာဘုရားရှင် ရာဇဂြိုဟ်ပြည်၊ ဝေဠုဝန်ကျောင်း၌ သီတင်းသုံးစဉ် ရာဇဂြိုဟ်ပြည်၌ သုပ္ပဗုဒ္ဓ အမည်ရှိသော လူနူတစ်ယောက်ရှိလေသည်။ သူသည် အရပ်တကာလှည့်လည်ကာ တောင်းရမ်းစားသောက်လျက် အသက်မွေးဝမ်းကျောင်း ပြုရသည်။ တစ်နေ့တွင် ဘုရားရှင် တရားဟောသောနေရာ၌ လူစည်ကားနေသည်ကိုမြင်ပြီး အစားအစာပေးသော နေရာ မဟုတ်ကြောင်းသိသော်လည်း လမ်းကြုံ၍ တရားပွဲ၏ တစ်နေရာ၌ဝင်၍ တရားနာရာ တရားတော်၏အဆုံး၌ သောတာပတ္တိဖိုလ် တည်လေသည်။ ထို့နောက် သုပ္ပဗုဒ္ဓလူနူသည် မိမိရသောတရားကို ဘုရားရှင်အား လျှောက်ထားရန် ဘုရားရှင်ရှိရာသို့ သွားလေသည်။ လမ်းတွင် သိကြားမင်းက သူ၏သဒ္ဓါတရားကို စူးစမ်းလို၍- “သုံးမကုန်နိုင်သောဥစ္စာကို ပေးမည်၊ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာမဟုတ် ငါ့အား ဘုရား၊ တရား၊ သံဃာဖြင့် အကျိုးမရှိ” ဟု ပြောရန် တိုက်တွန်းသွေးဆောင် ဖြားယောင်းလေသည်။ သုပ္ပဗုဒ္ဓသည် အရိယာဖြစ်သဖြင့် ယုံကြည်မှုခိုင်မာ၍ ဘုရားမဟုတ်၊ တရားမဟုတ်၊ သံဃာမဟုတ် ဟုမပြောနိုင်ကြောင်း ငြင်းဆိုခဲ့သည်။ တစ်ဖန် သုပ္ပဗုဒ္ဓက- “ကန်းမိုက်သော၊ အရှက်ကို မသိသောသိကြားမင်း... သင်သည် ကျွပ်နှင့်အတူ စကားပြောထိုက်သူ မဟုတ်ပါ။သင်သည် ကျွန်ုပ်ကို အထီးကျန်လူဆင်းရဲ၊ လူငမွဲဟု ထင်နေသည်။ကျွန်ုပ် မဆင်းရဲပါ။ လူချမ်းသာ ဖြစ်ပါသည်” ဟု ပြန်ပြောခဲ့သည်။ “သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ ဟူသော ဤတရား(၇)ပါးသည် သူတော်ကောင်းတို့၏ ဥစ္စာမည်ပါသည်။ ထိုဥစ္စာ(၇)ပါးရှိသော အမျိုးသား၊ အမျိုးသမီးသည် လူဆင်းရဲ မဆိုရပါ။သူ၏ အသက်ရှင်ရပ်တည်မှုသည် အချည်းနှီး အကျိုးမဲ့ မဟုတ်ပါ။ ကျွန်ုပ်မှာ ဤအရိယာဥစ္စာတို့ ရှိပါသည်။” ဟု ဆက်လက်ပြောပြီး ဘုရားရှင်ထံသို့ ဆက်လက်သွားလေသည်။ ဘုရားရှင်ထံရောက်ပြီး ဘုရားရှင်နှင့် စကားပြောကြားပြီး မိမိရသောတရားထူးကို လျှောက်ထားလေသည်။ ဘုရားရှင်နှင့် တရားစကား ဆွေးနွေးပြီးနောက် ဘုရားရှင်ကို ရှိခိုးကာ ကျောင်းတော်မှ ထွက်သွာခဲ့ရာ မကြာခင် သားငယ်ရှိသောနွားမသည် ဝှေ့သတ်သဖြင့် လမ်းတွင် သေဆုံးရလေသည်။ ဝှေ့သောနွားမကား နွားမအစစ်မဟုတ်ပေ။ နွားမယောင်ဖန်ဆင်းထားသော “ဘီလူးမ” ဖြစ်လေသည်။ ထိုသုပ္ပဗုဒ္ဓနွားဝှေ့သတ်ခံရခြင်း၊ လူနူဖြစ်ရခြင်းတို့ အကြောင်းနှင့်ပတ်သက်၍ ဘုရားရှင်က အတိတ်ဆောင်၍ ဟောကြားတော်မူသည်။ ▬▬▬▬▬▬▬▬▬▬▬▬ “အတိတ်မကောင်းမှုကံ” ▬▬▬▬▬▬▬▬▬▬▬▬ သုပ္ပဗုဒ္ဓလူနူသည် အတိတ်ဘဝတစ်ခုတွင် သူဌေးသား ဖြစ်ခဲ့သည်။ တစ်နေ့တွင် အခြားသောအပေါင်းအဖော် သူဌေးသားသုံးဦးနှင့်အတူ တိုင်ပင်ညီညွတ်၍ ပြည့်တန်ဆာမကို ခေါ်ယူပြီးလျှင် ဥယျာဉ်သို့ ထွက်၍ ပျော်ပါးကြလေသည်။ ပျော်ပါးကြပြီးနောက် အခကြေးငွေ မပေးသည့်အပြင် ပြည့်တန်ဆာမကိုသတ်၍ လက်ဝတ်တန်ဆာများကို ချွတ်ယူခဲ့ကြသည်။ ပြည့်တန်ဆာမသည် မသေမီအချိန်တွင်- “သနားငဲ့ညှာ တွယ်တာခြင်းမရှိသော၊ မကောင်းမှုမှ ရှက်ကြောက်ခြင်းမရှိသော ထိုသူတို့သည် ငါနှင့်အတူ ပျော်ပါးပြီး ယခုဘာတစ်ခုမျှမပေးဘဲ ငါ့ကိုသတ်လိုကြကုန်၏။ ငါသည် သေလွန်ပြီးနောက် ဘီလူးမဖြစ်၍ ထိုသူတို့ကို တစ်ဖန်ပြန်၍ သတ်ခြင်းငှာ စွမ်းနိုင်သည့်ကိုယ် ဖြစ်ရပါလို၏” ဟု ဆုတောင်းခဲ့လေသည်။ ထိုပြည့်တန်ဆာမသည် သေလွန်ပြီးနောက် ဆုတောင်းသည့်အတိုင်း ပြည့်၍ ဘီလူးမဖြစ်ခဲ့လေသည်။ ပြည့်တန်ဆာမနှင့် ပျော်ပါးခဲ့သော သူဌေးသားလေးဦး တို့မှာ ဂေါတမဘုရားရှင်လက်ထက်တွင်- -တစ်ဦးက “ပက္ကူသာတီမင်း”ဖြစ်လာသည်။ -တစ်ဦးက “ဗာဟိရဒါရုစီရိယ ပရဗိုဇ်”ဖြစ်လာသည်။ -တစ်ဦးက “တမ္ဗဒါဋ္ဌိက ခိုးသူသတ်ယောက်ျား” ဖြစ်လာသည်။ -တစ်ဦးက “သုပ္ပဗုဒ္ဓလူနူ”ဖြစ်လာခဲ့ကြသည်။ ဤလေးယောက်စလုံးသည် ဘီလူးမက နွားယောင်ဖန်ဆင်းပြီး သတ်ဖြတ်ခြင်းကို ခံရပြီး သေဆုံးကြရလေသည်။ လေးဦးစလုံးသည် အတိတ်ဘဝကပြုခဲ့သော အကုသိုလ်မကောင်းမှုဝဋ်ကြွေးကို ပေးဆပ်ကြရလေသည်။ ❖ကလဲ့စား ချေလိုမှု၊ တုံ့ပြန်လိုမှု အာဃာတသည် အလွန်ကြောက်စရာ ကောင်းလှပါသည်။ ပြည့်တန်ဆာမသည် မိမိကိုသတ်သော သူဌေးသား လေးဦးကို ပြန်ကလဲ့စားချေသတ်ရန် ဆုတောင်းရာ၌ ဆုတောင်းပြည့်ခဲ့သည်မှန်သော်လည်း မိမိသတ်ဖြတ်သော အချိန်တွင် ထိုလေးယောက်တို့မှာ သာမာန်ပုဂ္ဂိုလ်များ မဟုတ်ကြတော့။မြင့်မြတ်သောအရိယာ ပုဂ္ဂိုလ်မြတ်များ ဖြစ်နေကြလေပြီ။ ထိုပုဂ္ဂိုလ်မြတ်များသည် အတိတ်ဘဝက ပြုခဲ့သော အကုသိုလ်မကောင်းမှုဝဋ်ကြွေးကို ပေးဆပ်ရသည် မှန်သော်လည်း ပြုသူအသစ် ခံသူအဟောင်း ဆိုသကဲ့သို့ ပြည့်တန်ဆာမတစ်ဖြစ်လဲ ဘီလူးမမှာ အရိယူပဝါဒကံ၊ အရဟန္တဃာတကံ ကံကြီးထိုက်၍ အဝီစိငရဲ ကျခံရတော့မည်ဖြစ်၍ မိအေးနှစ်ခါနာ ဘဝသို့ ကျရောက်ခံရလေတော့သည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ “သုပ္ပဗုဒ္ဓလူနူဖြစ်ရသော အတိတ်မကောင်းမှုကံ” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ သုပ္ပဗုဒ္ဓသည် ရှေးဘဝအတိတ်တစ်ခု၌ ဤရာဇဂြိုဟ်ပြည်၌ပင် ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသော သူဌေးသားတစ်ဦး ဖြစ်ခဲ့ရသည်။ တစ်နေ့တွင် အခြံအရံများနှင့် မြူးတူးပျော်ပါး ကစားရန် ဥယျာဉ်သို့ ထွက်လာခဲ့သည်။ လမ်းခရီးတွင် အဂရသီခိအမည်ရှိသော အရှင်ပစ္စေကဗုဒ္ဓါ ဆွမ်းခံဝင်လာသည်ကို တွေ့မြင်ရလေသည်။ (ရှေးအခါက လူတို့အယူအဆမှာ ခရီးသွားရာဝယ် လမ်းခရီး၌ အထီးကျန်မွဲသူ၊ ဆင်းရဲသူ၊ တောင်းစားသူ တွေ့ပါက မင်္ဂလာမရှိ၊ လာဘ်တိတ်သူဟု အယူအဆရှိကြသည်။ ထိုမင်္ဂလာကို တံတွေးနှင့်ထွေးလိုက်ပါက ထိုအမင်္ဂလာ လာဘ်တိတ်မှုသည် ကင်းစင်ပ,ပျောက်သွားသည် ဟု အယူရှိကြလေသည်) သူဌေးသားသည် အရှင်ပစ္စေကဗုဒ္ဓါကိုမြင်၍- “ငါသည် ဤယုတ်မာသော ညစ်ညမ်းသော ချုပ်ရိုးအစပ်စပ်တို့ဖြင့် မတင့်တယ်သော အဝတ်ကို ဝတ်ရုံလျက် အထီးကျန်ဆင်းရဲစွာသော သူယုတ်မာကို တွေ့ခြင်းသည် မသင့်လျော် မလျောက်ပတ် လေစွတကား။ဤသူယုတ်မာ၏ ကိုယ်သည် ကုဋ္ဌနူနာစွဲကပ်လေယောင်တကား” ဟု ပြောဆို ဆဲရေးခဲ့သည်။ ထို့ပြင် တံတွေးဖြင့်ထွေးခြင်းစသော မကောင်းမှုကံ ကိုလည်း ကျူးလွန်မိခဲ့ပြန်လေသည်။ ထိုမကောင်းမှု အကုသိုလ်ကံကြောင့် သေလွန်ပြီးနောက် ငရဲသို့ကျရောက်ရပြီးလျှင် ရှည်လျားသောကာလပတ်လုံး ဆင်းရဲဒုက္ခကို ခံစားရသည်။ ထိုမကောင်းမှုကံ၏ ကြွင်းကျန်သော အကျိုး၏အစွမ်းဖြင့် ယခုဘဝ သုပ္ပဗုဒ္ဓဖြစ်ရာအခါဝယ် မိမိစွပ်စွဲ ပြောဆို ပြစ်မှားခဲ့သောစကားနှင့်တူစွာ ကုဋ္ဌနုနာစွဲကပ်သော လူဆင်းရဲ ဖြစ်ရလေသည်။ ။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【မဟာသဒ္ဓမ္မဇောတိကဓဇ တက္ကသိုလ် သျှင်သီရိ (ဓမ္မစရိယ၊ ဘီအေ)】 Posted by► https://ift.tt/1tab2NY


via အလင်းရောင် ဓမ္မ https://ift.tt/2TmiHPV