Tuesday, September 24, 2019

ခန္ဓာကိုယ်ကြည့် ဖောက်ပြန်တာ ပျက်တာသိ ခန္ဓာကိုယ်ထဲမှာ ရွကနဲ, ပူကနဲ ရှိန်ကနဲ, အေးကနဲ ဖောက်ပြန်တာတွေဟာ အကြောင်းမဲ့ ဖောက်ပြန်တာတွေ မဟုတ်ဘူး။ သူ့အကြောင်းနဲ့သူ ဖောက်ပြန်တာ။ ကိုယ်က လုပ်တာလည်း မဟုတ်ဘူး။ သူက လုပ်တာလည်း မဟုတ်ဘူး။ လုပ်ဆောင်တဲ့ ပုဂ္ဂိုလ် သတ္တဝါ မပါဘူး။ သဘာဝတရား သက်သက်ပဲ။ ဖောက်ပြန်မှုတွေဟာ တဖြေးဖြေး ကြည့်ရင်း, သိရင်းနဲ့ တဖွားဖွားနဲ့ ဖောက်ပြန်နေတယ်။ ကြည့်ရင်း ကြည့်ရင်းနဲ့ သူတို့က မရှိတော့ဘူး။ နောက် ဖောက်ပြန်လာတယ်။ ထပ်ကြည့် မရှိတော့ဘူး။ မရှိတဲ့ဥစ္စာကို ကြည့်ရင်း ဖွားကနဲ ဖြစ်ပြီးတော့ တစ်ခါတည်း ချုပ်ပျောက် ပျက်စီးသွားတဲ့ အတွက် ပျက်တယ်လို့ သိလိုက်ပါ။ အမြင်ပဲ။ မြင်တဲ့အတိုင်း သိ။ သိတဲ့အတိုင်း သိ ။ ဒါ အမှန်အတိုင်း သိရတဲ့ကိစ္စ။ ကိုယ့်ဉာဏ် ကိုယ့်စိတ်ကူး တစ်ခုမှ မထည့်နဲ့။ ထည့်ရင် သွက်သွက်လည်အောင် မှားသွားမယ်။ မရဘူး။ သူ့အရှိကို ရှိတဲ့အတိုင်း သိ။ ဒီပြင်ဟာတွေ လျောက် မသိနဲ့။ ခန္ဓာရဲ့ ပင်ရင်း အတိုင်းပဲ။ ခန္ဓာက ပရမတ်။ ပရမတ် အရှိအတိုင်း သိသွားလို့ ဆိုတာ။ ခန္ဓာကို သိတဲ့စိတ်က ကဗြောင်းကပြန် မလုပ်နဲ့။ ရှိ ရှိတဲ့အတိုင်းပဲ သိပါ။ မင်းခန္ဓာက ရှိတဲ့ဟာက လွဲလို့ တခြားတစ်ပါး လုပ်မယ် မကြံနဲ့။ သူ့အတိုင်းပဲ သိပါ။ ခန္ဓာကိုယ်က ဖောက်ပြန်တယ်။ ဖောက်ပြန်တဲ့ သဘောကိုက ဖောက်ပြန်ပြီးတော့ သူ့ထုံးစံအတိုင်း ပျက်သွားတဲ့ အတွက် ပျက်တဲ့သဘောလို့ ရိုးရိုးပဲ သိလိုက်ပါ။ ဖောက်ပြန်တယ်, ပျက်တယ်ဆိုတာ ခန္ဓာကိုယ် ကြည့်ရင်းနဲ့ သိလာတာ။ ပူကနဲ ဖောက်ပြန်တာလည်း ပျက်သွားပြန်ပြီ။ ကိုယ့်ဟာကိုယ် အနေနဲ့မှတ်။ ပျက်တဲ့ သဘောလို့။ အေးကနဲ ဖောက်ပြန်တာလည်း ပျက်သွားပြန်ပြီ။ ပျက်တဲ့ သဘော။ ထုံကနဲ ဖောက်ပြန်နေတာလည်း ပျက်သွားပြန်ပြီ။ ပျက်တဲ့ သဘော။ ဖောက်ပြန်လာတာ မှန်သမျှဟာ မပျက်ဘူးဆိုတာ မရှိဘူး။ အကုန်ပျက်တာပဲ။ တကယ်တော့ ပျက်ဖို့လို့ ဖောက်ပြန်လာတာပဲ။ ချုပ်ပျက်တာ သူ့ကိစ္စနဲ့ သူပဲ။ ကိုယ်က လက်ပိုက်ပြီးတော့ ကြည့်နေ။ ဖြစ်လာတယ် ဖောက်ပြန်တာ။ ဖောက်ပြန်တာတွေ ပျက်သွားပြန်ပြီ။ ပေါ်လာပြန်ပြီ, ပျက်သွားပြန်ပြီ။ ကြည့် ကြည့်နေပါ။ တော်တော်လေး ခန္ဓာကိုယ်မှာ မြင်အောင်ကြည့်ပါ။ ယောဂီရဲ့စိတ် ဘယ်လောက် ပြောင်းလဲသွားတယ် ဆိုတာ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ဆရာကြီးဦးကြည်


via အလင်းရောင် ဓမ္မ https://ift.tt/2mJFdFX