Wednesday, September 25, 2019

#သူတော်ကောင်းမှန်သမျှသင်္ကန်းကိုရိုသေ၏ သင်္ကန်းသည် လူတို့အဝတ်အစားနှင့်မတူပါ။ ဓါးနှင့်ခွဲ၍ အကွက်ဖော်ကာ ချုပ်စပ်ရ၏။ ဥပဒေနှင့်အညီ ချုပ်စပ်ရ၏။ ထိုသင်္ကန်းကို ကိလေသာကင်းကုန်သော ရဟန္တာစသော သူတော်စင် ပုဂ္ဂိုလ်တို့ ဝတ်ရုံသုံးဆောင်ကြ၏။ ထိုကြောင့် မြင့်မြတ်လှ၏။ မြင့်မြတ်သော အဝတ်ဖြစ်သဖြင့် ဝတ်ရုံသောပုဂ္ဂိုလ်တို့သည်လည်း သူတော်ကောင်းစာရင်းဝင်သွား၏။ သင်္ကန်းဝတ်သူမှန်သမျှကို သူတော်ကောင်း ဒကာဒကာမများ နတ်ဒေဝါများ နာနာဘာဝများသည် လေးစားကြည်ညိုကြ၏။ ရှေးသူတော်စဉ်တို့ လမ်းစဉ်ကို လိုက်ကြခြင်းဖြစ်၏။ သို့သော် ဘာသာခြားဆရာနှင့် ဘာသာခြားဆရာ၏ တပည့်သာဝကတို့သည် သင်္ကန်းကိုလည်း မရိုသေပါ။ သင်္ကန်းဝတ်သူကိုလည်း မကြည်ညိုနိုင်ပါ။ မြတ်စွာဘုရားရှိစဉ် တိတ္ထိတို့သည် ဘုရားနှင့်တကွ သံဃာတော်တွေ မြင်တိုင်း မနာလိုဖြစ်ပြီး အကုသိုလ်တရား ဖြစ်ပွားလေ့ရှိ၏။ ဘုရားကို ဆဲရေး၏။ တရားကို ကဲ့ရဲ့၏။ သံဃာကိုဆော်ကား၏။ ထိုတိတ္ထိ တက္ကတွန်းတို့သည် ငရဲသို့သာ လားကြရကုန်၏။ သူတော်ကောင်းတို့သည် သင်္ကန်းကိုလေးစားပုံလေးကို တင်ပြချင်ပါသည်။ မြတ်စွာဘုရားသည် ပါရမီဖြည့်စဉ် တစ်ခုသောဘဝမှာ ဆင်မျိုး၌ဖြစ်၍ ဆင်ခေါင်းဆောင် ဖြစ်လာ၏။ ထိုအချိန်တွင် ဒေဝဒတ်သည် ဆင်မုဆိုးဖြစ်၍ ဆင်တို့ကို သတ်ကာ ဆင်စွယ်ဖြတ် အသားကိုယူပြီး ရောင်းစားလေ့ရှိ၏။ မုဆိုးသည် ဆင်ရှာရင်း ဘုရားလောင်းဆင်မင်းတို့နေရာတောသို့ ရောက်လာ၏။ ဆင်တို့သည် အုပ်စုလိုက် ရေသောက်ရေချိုးပြီး ပြန်လာတိုင်း ပစ္စေကဗုဒ္ဓါတစ်ပါးကို ဦးတိုက်ပြီး အရိုအသေပေးလေ့ရှိကြသည်။ ထိုအဖြစ်အပျက်ကို ဆင်မုဆိုး မြင်သွားသည်။ ထို့ကြောင့် ဒေဝဒတ်လောင်း မုဆိုးသည် ပစ္စေကဗုဒ္ဓါရေချိုးစဉ် သင်္ကန်းတစ်ထည်ကို ခိုးယူ၍ တစ်ကိုယ်လုံး ခြုံထားကာ တရားထိုင်ချင်ယောင်ဆောင်နေ၏။ ဆင်တို့သည် ပစ္စေကဗုဒ္ဓါတစ်ပါးအထင်ဖြင့် အရိုအသေပေး ဦးတိုက်ကြ၏။ မုဆိုးသည် နောက်ဆုံးဆင်ကို ဝှက်ထားသောလှံကို ထုတ်ပြီး ထိုးသတ်လိုက်၏။ ပြီးနောက် အစွယ်ယူကာ အသေကောင်ကို မြေမြုတ်လိုက်၏။ နေ့တိုင်း ထိုကဲ့သို့ သင်္ကန်းအရေခြုံကာ ဆင်တို့ကို သတ်ဖြတ်၏။ ဘုရားလောင်းဆင်မင်းသည် သူ့ပရိသတ်ကို စစ်ဆေးရာ အရေအတွက်နည်းနည်းလာမှန်း သိသွားသည်။ ထို့ကြောင့် အန္တရာယ်ကျရောက်နေမှန်းသိ၍ ဆင်တို့၏ နောက်ဆုံးမှ လိုက်လာသည်။ ပုံမှန်အတိုင်း သင်္ကန်ခြုံထားသော မုဆိုးကို အရိုအသေပေးကြသည်။ ဆင်မင်းသည် သတိနှင့် မုဆိုးနားချဉ်းကပ်သည်။ သင်္ကန်းကို ဝတ်ဆင်ထားသည်မို့ မုဆိုးကို အရိုအသေပေးလိုက်သည်။ မျက်လုံးကား မုဆိုး၏ လှုပ်ရှားပုံကို ကြည့်နေသည်။ မုဆိုးသည် ဆင်မင်းရှိခိုးစဉ် သင်္ကန်းကြားထဲမှ လှံကိုထုတ်၍ အားနှင့်ထိုးလိုက်သည်။ ဘုရားလောင်းဆင်သည် လျင်မြန်စွာ နောက်သို့ဆုတ်လိုက်သဖြင့် လှံမထိုးမိ။ ထိုအခါ မုဆိုးသည် ထွက်ပြေး၍ သစ်ပင်နောက် ပုန်းကွယ်နေသည်။ ဆင်မင်းသည် မုဆိုးနောက်လိုက်၍ မုဆိုးရော သစ်ပင်ပါ နှာမောင်းဖြင့် ရစ်ပတ်ဆွဲနှုတ်လိုက်သည်။ အားကုန်လွဲ၍ မြေကြီးနှင့် ရိုက်ပေါက်မည်ပြုစဉ် မုဆိုးဝတ်ထားသော သင်္ကန်းသည် လျောကျလာ၏။ သင်္ကန်းကို မြင်သဖြင့် ဘုရားဆင်မင်းသည် မုဆိုးကို မသတ်တော့ဘဲ မြေကြီးပေါ် အသာအယာချပေးလိုက်၏။ ထို့နောက် မုဆိုးကို စကားပြောလိုက်၏။ " ရာဂ ဒေါသ စသော ကိလေသာဖန်ရည်မကင်းပါဘဲလျက်၊ မျက်စိစသော ဣနြေ္ဒတို့ကို မစောင့်ထိန်းပါဘဲလျက်၊ မှန်ကန်သော သစ္စာစကားကို မပြောဆိုဘဲလျက် ဖန်ရည်စွန်းသောအဝတ်သင်္ကန်းကို ဝတ်ဆင်သောသူသည် သင်္ကန်းနှင့် မထိုက်တန်။" " ကိလေသာကို ထွေးအန်ပြီး သီလစောင့်ထိန်းကာ ဣနြေ္ဒကိုဆုံးမ၍ သစ္စာစကားပြောဆိုသူတို့သာ သင်္ကန်းကို ဝတ်ရုံထိုက်၏ " " သင်ဟာ သင်္ကန်းကြောင့် အသက်ရှင်ခွင့်ရ၏။ နောက်နောင် ဤကဲ့သို့ မပြုလင့်" ဟု ပြောဆိုလွှတ်လိုက်၏။ ဘုရားလောင်းဆင်မင်းက ခွင့်လွှတ်သော်လည်း သူ့အကုသိုလ်ကား ခွင့်မလွှတ်ပါပေ။ မုဆိုးသည် သေသောအခါ အပါယ်ငရဲသို့ သွားရလေ၏။ အားလုံး သင်္ကန်းကို ရိုသေလေးစားနိုင်ကြပါစေ။ အရှင်ဣန္ဒာစရိယ #################### #ကောင်းကျိုးလိုရာပြည့်ကြပါစေ Credit by.


via အလင်းရောင် ဓမ္မ https://ift.tt/2n7ZZ2d