Saturday, September 28, 2019

ကြာပင် ကြာပန်းလို ကျင့်ကြံပါ 🌺▬🌺▬🌺▬🌺▬🌺 မြတ်စွာဘုရား ဟာ "ဘုရား ဘဝ" နဲ့ သက်တော် ၈၀- ထိ၊ ၄၅- နှစ်တာ ကာလပတ်လုံး လောကသားတို့ရဲ့အကျိုးသက်သက် ကို ဆောင်ရွက်ခဲ့တာ ဖြစ်တယ် ။ လောကသားတွေ ဆိုတာ * လူကောင်း ရှိသလို * မကောင်းတဲ့ လူက များတယ် ပေါ့ ။ မြတ်စွာဘုရားက လောကသားတွေရဲ့ ကောင်းကျိုး ချမ်းသာအတွက် မေတ္တာ ကရုဏာ ကြီးမားစွာဖြင့် ဆောင်ရွက်သော်လည်း မြတ်စွာဘုရားရဲ့ အနီးကပ်တပည့်တွေထဲကပဲ မြတ်စွာဘုရားကို ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေဟာ ပေါ်ပေါက် ခဲ့ဖူးတာ ပေါ့ ။ လောကမှာ လူရယ်လို့ ဖြစ်လာလို့ ရှိရင် ဘယ်လောက် ကောင်းတဲ့ အလုပ်ပဲ လုပ်လုပ် အတိုက်အခံဆိုသည်မှာ ပေါ်လာစမြဲဘဲဖြစ်တယ် ။ ဒါ လောကရဲ့ သဘာဝ ။ မြစ်ကြီး ဟာ - သတ္တဝါတွေ အတွက် - လောကသားတွေ အတွက် အေးချမ်းမှု သန့်စင်မှုကို ပေးနိုင်သော်လည်းပဲ မြစ်ထဲ ဆင်းပြီးတော့ ရေနစ်သေတဲ့ ပုဂ္ဂိုလ်တွေ ရှိတာပေါ့ နော် ။ ဒါ မြစ်ရဲ့ အပြစ်လား ဆိုတော့ မြစ်ရဲ့ အပြစ် မဟုတ်ဘူး ။ လောကသားတွေရဲ့အပြစ်သာလျှင် ဖြစ်တယ် ။ ထို့ အတူဘဲ မြတ်စွာဘုရားက လောကသားတွေကို အကျိုးပြုဖို့ ပွင့်လာတာ ဖြစ်သော်လည်း...... မြတ်စွာဘုရားကို ဆန့်ကျင်ဘက် လုပ်ပြီးတော့ ဒုက္ခ ရောက်သွားတဲ့ ပုဂ္ဂိုလ်တွေလည်း မြောက်များစွာ ရှိတယ် ပေါ့ ။ အဲဒီ မြောက်မြားစွာ ရှိတဲ့ အထဲက မှတ်တမ်းတင်ထားတဲ့ ပုဂ္ဂိုလ်အချို့ ရဲ့ အကြောင်းကို ပိဋက သုံးပုံမှာ သိရှိကြရတယ် ။ သို့သော် မြတ်စွာဘုရားကို အကြောင်းပြုပြီးတော့ ဓမ္မစကြာတရား ဟောလိုက်လို့ နာယူလိုက်တဲ့ ပတ်သက်ပြီးတော့အခါမှာ လူသားထဲက ရှင်ကောဏ္ဍည တစ်ဦးဟာ ဓမ္မနဲ့ မျက်စိ အမြင် တစ်ခု ရသွားတယ် ။ သို့သော်... နတ်တွေ ဗြဟ္မာတွေ ထဲကတော့ နတ်တွေက အသင်္ချေ ၊ ဗြဟ္မာပေါင်း ၁၈- ကုဋေ ဆိုတာ " ဓမ္မစက္ခု " ရသွားတယ် ။ စကြဝဠာ လို့ ခေါ်တဲ့ လောကကြီးနဲ့ တိုင်းတာ ကြည့်လိုက်မယ်ဆိုရင် မြတ်စွာဘုရားရဲ့ ဆောင်ရွက်လုပ်ကိုင်မှုကြောင့် အကျိုး ဖြစ်ထွန်းသွားတဲ့ ပုဂ္ဂိုလ်တွေက များတယ် လို့ ဒီလို ပြောရမှာ ဖြစ်တယ် ။ သို့သော် မြတ်စွာဘုရား ပွင့်လာမှုကို အကြောင်းပြုပြီး ဘုရားကို ဆန့်ကျင်တဲ့ စိတ်ဓာတ်တွေနဲ့ မြတ်စွာဘုရားကို ဆန့်ကျင်ဘက် လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဘဝ မှာ ဆုံးရှုံး နစ်နာပြီး သံသရာမှာ ဒုက္ခရောက်သွားတဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ် ။ အထင်ရှားဆုံး ကတော့ ရှင်ဒေဝဒတ် ဟာ နောက်ဆုံး မြတ်စွာဘုရားကို ဆန့်ကျင်ဘက် လုပ်ပြီးတော့ ဒီ မြေ မြို ပြီး အဝီစိငရဲမှာ ခံနေရတယ် ဆိုတာက အားလုံး သိထားတဲ့ အတိုင်း ပေါ့။ အေး ရှင်ဒေဝဒတ် လိုဘဲ မြတ်စွာဘုရားကို ဆန့်ကျင်ဘက် လုပ်တဲ့ ပုဂ္ဂိုလ်တွေလည်းဘဲ ပေါ်ပေါက်ခဲ့ဖူးတယ် ။ အဲဒီ ပေါ်ပေါက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေထဲမှာ စာပေကျမ်းဂန်မှာ မှတ်တမ်း တင်ထားတာ ၊ - ဒီရှုဒေါင့် အမြင်က နေပြီးတော့ ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ် ။ - စကားနဲ့ ဆန့်ကျင်ပြီးတော့ အချေအတင် ပြောသည် ထိအောင် ဆန့်ကျင်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိခဲ့ဖူးတယ် ။ ဒီနေ့ ခေတ် လူတွေမှာ အချေအတင် ပြောခံရတယ် ဆိုတာ ဘာ ပြောစရာ ရှိလို့လဲ ။ မြတ်စွာဘုရားလို ပုဂ္ဂိုလ် တောင်မှ လောကသားထဲ နေရင် လောကရဲ့ အခက်အခဲ ဆိုတာ ကြုံမှာဘဲ ပေါ့ ။ " လောကဓံ" ဆိုတာ လူတိုင်း ကြုံတာဘဲ ။ သာမန် ပုဂ္ဂိုလ်တွေ အနေနဲ့ စိတ်ဓာတ် ကျစရာ မရှိဘူး ။ လောကမှာ အထွဋ်အထိပ် ရောက်နေတဲ့ ပုဂ္ဂိုလ် သူမြတ် တောင်မှဘဲ လောကသားတွေရဲ့ ဆန့်ကျင်မှု ကို ခံရတယ် ။ မြတ်စွာဘုရား က တခါတုန်းက မိန့်ကြားတယ် ။ "ငါ ဟာ ကြာပန်းနဲ့ အလားသဏ္ဍန် တူတယ် ။ ကြာပန်း ဆိုတာဟာ - ရေထဲမှာ ပေါက်တယ်။ ရေထဲမှာ ကြီးတယ်။ ရေထဲမှာ ကြီးပြီး ရေမျက်နှာပြင်ပေါ် တက်ပြီးတော့ - - သို့သော် ရေနဲ့ ထိတွေ့ခြင်း မရှိဘူး ။ - ရေဟာ ကြာပန်းကို ညစ်ပေအောင် မလုပ်နိုင်ဘူး ။ ကြာပန်းပေါ် ရေ ကျလိုက်လို့ရှိရင် ကြာဖက်ပေါ် ကျကျ ကြာရွက်ပေါ် ကျကျ ရေ ဟာ လိမ့်ဆင်းသွားတယ် ။ ထို့ အတူဘဲ ငါ ဟာ လောကထဲမှာ မွေးတယ် - လောကထဲမှာ ကြီးပြင်းတယ် - ဒါပေမယ့် လောကသားတွေနဲ့ ပတ်သက်ပြီးတော့ - ချစ်ခင်ခြင်း ဆိုတဲ့ သံယောဇဉ် - မုန်းတီးခြင်း ဆိုတဲ့ သံယောဇဉ် လောကသားတွေ အပေါ်မှာ ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေ တစ်ခုမှ မရှိဘဲနဲ့ လောကသားတွေနဲ့ လွတ်လွတ်လပ်လပ် ငါ ဘုရား ဟာ နေထိုင် ခဲ့တယ် ။ နေထိုင်လျက် ရှိတယ် ။ " ဆိုတာကို ထိုထို သုတ္တန်မှာ မြတ်စွာဘုရား ရှင်းလင်း ဟောကြားတယ် ။ အဲတော့ လောကထဲမှာ ကြီးပြီးတော့ လောကနဲ့ "လွတ်လွတ်ကင်းကင်း နေ" နိုင်တယ် ။ "လွတ်လွတ်ကင်းကင်း နေတယ်" ဆိုတာ ဘယ်လိုဟာကို ပြောတာတုန်း ။ လောက လူသားတွေနဲ့ မဆက်ဆံတာကို "လွတ်လွတ်ကင်းကင်း နေ"တာလို့ ဒီလို ပြောလိုတာ မဟုတ်ဘူး ။ - လောက လူသားတွေနဲ့ ချစ်ခင် တွယ်တာမှု ဆိုတာလည်း မရှိဘူး ။ - လောက လူသားတွေ အပေါ်မှာ မုန်းတီးတာလည်း မရှိဘူး ။ `လောက လူသားတွေရဲ့ အကျိုးကို ပြုတယ် ။´ ဆိုပါစို့ ရေထဲမှာ ပွင့်တဲ့ ကြာပန်းကြီးဟာ ရေနဲ့ မလူး သော်လည်းဘဲ ရေမျက်နှာပြင်ကို လှအောင် လုပ်ထားတာတော့ ကြာပန်းကြောင့် ဘဲ ပေါ့ ။ အကယ်၍သာ ကြာပန်း မပွင့်ဘူး ဆိုရင် ရေမျက်နှာပြင်က လှ စရာ အကြောင်း မရှိဘူး ပေါ့ ။ မြတ်စွာဘုရား ဟာလည်း လောကကြီးကို အလှဆင်တဲ့ အခါမှာ လောကပေါ်မှာ သံယောဇဉ်နဲ့ အလှဆင်တာ မဟုတ်ဘူး ။ လွတ်လပ်ပြီးတော့ မြင့်မြတ်တဲ့ အသွင်သဏ္ဍန်နဲ့ အလှ ဆင်ခဲ့ပြီး လောကရဲ့ အကျိုးကို ပြုခဲ့တယ် ..။ ..................................... ပါမောက္ခ ချုပ်ဆရာတော် 🙏 ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ။ ........................🙏🙏🙏 Credit : Original Uploader.


via အလင်းရောင် ဓမ္မ https://ift.tt/2nlhBI2