အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Thursday, September 26, 2019
☆တရားသိသွားပြီဆိုတာ☆ တရားအသိစိတ်ကလေးနဲ့နေပါ ••••••••••••••••••••••••••••••••• ကုသိုလ်များစွာရအောင် လုပ်ပါ။ ကုသိုလ်စိတ်တွေ အသစ်အသစ် တိုးပွားလာလေလေ စိတ်တွေ ကြည်လင်လာလေလေပဲ။ စိတ်ကြည်လင်မှ ဝိပဿနာဉာဏ် အားကောင်းပြီး မဂ်ဖိုလ်ချမ်းသာကို လက်တွေ့ခံစားနိုင်ပါမှာ။ ကုသိုလ်စိတ်ဖြစ်မည့် အာရုံတွေကို အမြဲတွေးနေပါမှ ကုသိုလ်စိတ်တွေ ခဏခဏတိုးပွားလာမှာပါ။ နေရာတကာမှာ စိတ်သည် အသိပါပဲ။ ဒီစိတ်ကို အမြဲတမ်း စိတ်ဆင်းရဲစရာနဲ့ မတွေ့မိအောင် အသိစိတ်ကို မဲညစ်တဲ့စိတ်နဲ့ မပေါင်းစေဘဲ ကြည်လင်သန့်ရှင်းတဲ့စိတ်နဲ့ အမြဲပေါင်းထားပါလေ။ တရားသိသွားပြီဆိုတာ ရုပ်နာမ်တရားတို့၏ မမြဲနေတာတွေ ဆင်းရဲနေတာတွေ ဘာတစ်ခုမှ ကိုယ်ဖြစ်ချင်တာ မဖြစ်ဘဲ သူဖြစ်ချင်တိုင်း ဖြစ်ပြီး ပျက်ချင်တိုင်း ပျက်နေတာတွေကို သူတစ်ပါးအပြောမဟုတ် ကိုယ်တိုင်လေ့ကျင့် အားထုတ်လို့ သိတဲ့အသိတွေ များများသိရှိလာမှ စိတ်ဟာ ချမ်းသာစရာတွေ ဖြစ်လာခဲ့လို့ တရားသိတယ် ပြောတာပါ။ ကိလေသာ ကင်းစင်နေတဲ့စိတ်ဟာ ငြိမ်းအေးပြီး ချမ်းသာစရာတွေ အတွေးများလာတယ်။ စိတ်ဆိုး စိတ်မိုက်တွေ ဆုတ်ယုတ်သွားလို့ အမှန်ရှိတဲ့ တရားအသိတွေကို အမှန်သိ သိပြီး နေတတ်လာတယ်။ တရားအသိစိတ်လေးနဲ့နေပါ။ ➖➖➖➖➖➖➖➖➖ ဘဝတစ်သက်တာမှာ မေ့ပျောက်လို့မရတဲ့ ဓမ္မအသိတွေ ဘယ်လောက် ရှိထားနှင့်ပြီလဲ။ ကျေနပ်စရာ အားရစရာ ဝမ်းမြောက်စရာ စိတ်ညွှတ်စရာ အားရစွာ ရှိထားပါစေ။ လူတွေဟာ ဒီစိတ်တစ်လုံးကို နိုင်နင်းအောင် မကြိုးစားနိုင်ကြလို့ သံသရာကြောမှာ နစ်မျောနေကြရတော့တာပဲ။ ဒီစိတ်ကလေးကိုသာ တရားအသိဖြင့် ဆုံးမလို့ရထားကြမယ်ဆိုရင်တော့ ဘာတစ်ခုမှ အခက်အခဲ မရှိတော့ဘူး။ အခက်အခဲ မှန်သမျှတွေကို ကုသိုလ်စိတ်က ပယ်ဖျက်တော့မှာပါ။ လောကဓံ အကြမ်းအနုကို ကျော်ဖြတ်ရင်း မောပန်းလာရင် စိတ်ကို တရားအသိစိတ်ဝင်ပြီး ငြိမ်းအေးသောစိတ်ကို မွေးပြီး ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ဆင်းရဲလေလေ သံဝေဂ ရလေလေ။ ဒုက္ခတွေ များများတွေ့လေလေ နောက်ဒုက္ခကို ထပ်ပြီး မလိုချင်လေလေဆိုတာ ခန္ဓာကို ဉာဏ်ရောက်ထားလို့ သိတာ။ (မြောက်ဦးဆရာတော်ဘုရားကြီး၏ မြတ်ယောဂီ တရားစာအုပ်မှ ကောက်နှုတ်ပူဇော်ပါ၏)
via အလင်းရောင် ဓမ္မ https://ift.tt/2mHRGKu
Newer Post
Older Post
Home