Friday, September 27, 2019

🌱🌱 စိတ်ညစ်တဲ့အခါ 🌱🌱 -------------- “စိတ်ညစ်ရင်ဘာလုပ်လဲ”လို့ တစ်ယောက်ယောက်က ဘုန်းဘုန်းကို မေးလာမယ်ဆိုရင် ဘုန်းဘုန်းကတော့ “စိတ်ညစ်တဲ့အခါ တိတ်ဆိတ်တဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်းနေပြီး မျက်လွှာလေးကို အသာချလို့ ကိုယ့်စိတ်ကို ကိုယ့်ခန္ဓာကိုယ် တစ်ခုလုံးကို ခြုံပြီးအာရုံပြုရင်း ပေါ့ပေါ့ပါးပါးလေးပဲ ဝင်လေထွက်လေလေးကို အခြေခံထားပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့အာရုံတွေကို အရှိအတိုင်း လိုက်သိနေတတ်တဲ့ အကျင့်လေးနဲ့ နေနိုင်အောင် ကြိုးစားတယ်”လို့ ပြန်ဖြေဖြစ်မှာပါ။ အရင်တုန်းကတော့ စိတ်ညစ်ရင် တစ်ခြားအာရုံတစ်ခုခုနဲ့ ပြောင်းပြီးစိတ်ညစ် ဖျောက်တတ်ပေမယ့် အခုအချိန်မှာတော့ အကောင်းဆုံးနဲ့ အငြိမ်းချမ်းဆုံးနည်းဖြစ်တဲ့ ဘုရားရှင်ရဲ့အားတွေကိုပဲယူပြီး ညစ်တဲ့စိတ်ကို သစ်အောင်လုပ်ဖြစ်ပါတယ်။ တကယ်တော့ စိတ်ညစ်တယ်ဆိုတာ စိတ်မှာအညစ်အကြေး ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ စိတ်ရဲ့ သဘောက ကြံစည်တွေးတောခြင်း သဘောရှိပြီး အာရုံနောက်ကို လိုက်သွားတတ်တဲ့ သဘောရှိပါတယ်။ အဲဒီလို သဘောရှိတဲ့စိတ်ဟာ လိုက်သွားတဲ့အာရုံကို အမှီပြုပြီး ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်တွေ ဖြစ်ပေါ်သွားခြင်း ဖြစ်ပါတယ်။ အမှီပြုရတဲ့အာရုံဟာ ကောင်းတဲ့အာရုံဆိုရင် စိတ်ဟာကောင်းတဲ့စိတ် ဖြစ်တတ်ပြီး အမှီပြုရတဲ့ အာရုံဟာ မကောင်းတဲ့အာရုံဆိုရင် စိတ်ဟာလည်း မကောင်းတဲ့စိတ် ဖြစ်သွားတတ်ပါတယ်။ အလွယ်ပြောရင်တော့ စိတ်ညစ်တယ်ဆိုတာ စိတ်ကိုညစ်နွမ်းစေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိလေသာဆိုတဲ့ စကားရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကိုက ပူလောင်ခြင်း၊ ညစ်နွမ်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီကိလေသာ တရားတွေ ကိုယ့်သန္တာန်မှာ အဖြစ်များနေပြီ၊ အလွန်အကျွံဖြစ်နေပြီဆိုရင် ကိုယ့်စိတ်မှာ ပူလောင်နေတော့တာ ဖြစ်ပါတယ်။ ကိလေသာအပူ အလောင်ခံနေရတဲ့စိတ်ဟာ သန့်ရှင်းမှုမရှိဘဲ ညစ်နွမ်းနေကာ ရုပ်ကိုပါ ဖောက်ပြန်စေတော့တာ ဖြစ်ပါတယ်။ ဒီသဘောကို ကိုယ်ကိုယ်တိုင်လည်း လက်တွေ့သိနိုင်မှာ ဖြစ်ပါတယ်။ လောဘများများဖြစ်တဲ့အခါ၊ ဒေါသများများဖြစ်တဲ့အခါ၊ မောဟများများဖြစ်တဲ့အခါ၊ မာနများများ ဖြစ်တဲ့အခါ ကိုယ့်သန္တာန်မှာ ပုံမှန်နဲ့ကို မတူတဲ့ ပူလောင်မှုတွေ ဖြစ်နေပြီး အဲဒီအပူတွေကြောင့်ပဲ စိတ်ဟာလည်း လေးလံထိုင်းမှိုင်းကာ ညစ်နွမ်းလာနေတယ်ဆိုတာ သတိပြုမိရင် သိကြမှာ ဖြစ်ပါတယ်။ ဒါဟာ ကိလေသာ အပူမီးလောင်ခံရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ကား စိတ်ညစ်တဲ့သူတွေ သတိပြုရမှာက ကိုယ့်စိတ်တွေ များများညစ်နေလေ၊ ကိုယ့်သန္တာန်မှာ ကိလေသာ အပူမီးတွေ များများလောင်ခံနေရလေ ဖြစ်နေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်က စိတ်မှာအညစ်အကြေးဖြစ်ရင် စိတ်နဲ့ဆေးမှပဲ သန့်ရှင်းစေနိုင်တယ် ဆိုတာကို အကြောင်း တိုက်ဆိုင်တိုင်း မိန့်တော်မူလေ့ရှိပါတယ်။ ကိလေသာ အပူမီးတွေကြောင့် စိတ်တွေညစ်နွမ်း နေတဲ့အခါ အဲဒီစိတ်ကို သိအောင်ကြိုးစားပြီး သတိနဲ့နေဖို့ လမ်းညွှန်ပေးလေ့ ရှိပါတယ်။ စိတ်ညစ်တယ်ဆိုတာ စိတ်ကိုညစ်စေတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်တဲ့အတွက် စိတ်မှာဘယ်လိုမျိုးပဲ ဖြစ်ဖြစ်သိဖို့၊ ရာဂစိတ်ဖြစ်ရင်လည်း ရာဂစိတ်ဖြစ်တာကို သိဖို့၊ ရာဂကင်းတဲ့စိတ်ဖြစ်ရင်လည်း ရာဂကင်းတဲ့စိတ်ဖြစ်တာကို သိဖို့၊ ဒေါသစိတ်ဖြစ်ရင်လည်း ဒေါသစိတ်ဖြစ်တာကို သိဖို့၊ မောဟစိတ်ဖြစ်ရင်လည်း မောဟစိတ်ဖြစ်တာကို သိဖို့ စသဖြင့် ဘာပဲဖြစ်ဖြစ် သိနေအောင် ကြိုးစားဖို့ ရှင်တော်ဘုရား ဟောကြားတော်မူပါတယ်။ အရှင်ဆုံးပြောရရင် ဘုရားရှင်က ဘာပဲဖြစ်ဖြစ် အသိရှိကြဖို့နဲ့ သတိမမေ့ကြဖို့ပဲ ဆုံးမတော်မူတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘာဖြစ်လို့ ညာဖြစ်လို့ စတာတွေကြောင့် စိတ်တွေညစ်ပြီး ရုပ်ပါညစ်လာတတ်တဲ့ သူတွေအနေနဲ့ စိတ်ညစ်တယ်ဆိုတာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်မှမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်စိတ်မှာလက်ခံလိုက်တဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ကိလေသာ တရားတွေကြောင့် ညစ်လာနေတာ ဖြစ်တဲ့အတွက် ဒီကိလေသာတရားတွေကို ပြန်လည်တိုက်ထုတ်နိုင်အောင် ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်ရဲ့အားနဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကိုသာ လက်ခံလိုက်နာပြီး ဘာပဲဖြစ်ဖြစ် သိစေနိုင်တဲ့ သမထအကျင့်၊ ဝိပဿနာအကျင့်များကိုသာ များများအားထုတ်ကာ ညစ်နေတဲ့စိတ်ကို သစ်အောင်သာ ကြိုးစားကြပါလို့ တိုက်တွန်းရင်း စိတ်များများညစ်လေ ဘုရားရှေ့ကို များများရောက်အောင် ကြိုးစားစေဖို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။ မေတ္တာဖြင့် မနာပ ဒါယီ အရှင်ဝိစိတ္တ (ခေတ္တ အင်္ဂလန်) :::::::::::::::::::::":::::::::::::::::::":::::::::::::::: 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏


via အလင်းရောင် ဓမ္မ https://ift.tt/2m98XfJ