အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, September 25, 2019
စိတ်ချမ်းသာအောင်နေဖို့ ခက်သလား ▬▬▬▬▬▬▬▬▬▬▬▬▬▬ ကိုယ့်ကိုယ်ကို အကောင်းဆုံး လက်ဆောင်ပေးလိုက်ပါ။ အကောင်းဆုံးလက်ဆောင်ဟာ ဘာလဲ။ စိတ်ချမ်းသာမှုပါပဲ။ ကိုယ့်စိတ်ကို အင်အားကြီးအောင် လုပ်ပါ။ ဘယ်လိုလုပ်မလဲ။ စိတ်ချမ်းသာအောင် နေတာဟာ စိတ်အင်အားကြီးအောင် လုပ်တာပဲ။ ကျန်းမာရေး ပိုကောင်းအောင် အားပိုရှိအောင်လုပ်ပါ။ ဘာလုပ်ရမလဲ။ စိတ်ချမ်းသာအောင်နေ။ သဘောထား မှန်အောင် ထားပါ။ ဘယ်လိုထားမလဲ။ စိတ်ချမ်းသာမှုဟာ အရေးအကြီးဆုံးလို့ သဘောထားမယ်။ စိတ်ချမ်းသာနေတဲ့ သူဟာ ကောင်းတာကို လုပ်တယ်။ ဒါကြောင့် စိတ်ချမ်းသာနေရင် သဘောထား မှန်နေမယ်။ စိတ်ချမ်းသာအောင်နေဖို့ ခက်သလား။ မခက်ပါဘူး။ တခြားဘယ်ကိစ္စမှ စိတ်ချမ်းသာမှုလောက် အရေးမကြီးဘူးလို့ လက်ခံနိုင်ရင် ရပါတယ်။ တခြားကိစ္စတွေကို ပိုအရေးကြီးတယ်လို့ ထင်နေရင်တော့ စိတ်ချမ်းသာဖို့ သိပ်ခက်ပါတယ်။ အလုပ်မှာဖြစ်စေ အိမ်မှာဖြစ်စေ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ကို တည်ငြိမ်အောင် #သတိနဲ့ ကပ်ထားပါ။ စိတ်တည်ငြိမ်နေရင် အကောင်းဆုံးကို လုပ်နိုင်မယ်။ စိတ်ချမ်းသာမှုနဲ့ ကိုယ်ကျင့်တရားဟာ ဆက်စပ်မှုရှိတယ်။ စိတ်အချမ်းသာဆုံးလူဟာ ကိုယ်ကျင့် တရားလည်း အကောင်းဆုံးလူ ဖြစ်တယ်။ ကိုယ်ကျင့်တရား အကောင်းဆုံးလူဟာ စိတ်အချမ်းသာဆုံးလူ ဖြစ်တယ်လို့လည်း ပြောလို့ရတယ်။ တစ်နေ့မှာ အနည်းဆုံး လူတစ်ယောက်ကို အားပေးစကား ပြောလိုက်ပါ။ အဆိုးဘက်က တွေးနေတာကို အကောင်းဘက်က #တွေးပြလိုက်ပါ။ ကိုယ်ဖြစ်ချင်တာကို မမေ့ပါနဲ့။ ဖြစ်ချင်တာကို တွေးပါ။ လုပ်နိုင်သလောက် လုပ်နေပါ။ မဖြစ်ချင်တာ မလိုချင်တာကို တွေးနေရင် အဆိုးတွေကို တွေးမိနေမယ်။ အဆိုးတွေကို တွေးရင် စိတ်မချမ်းမသာ ဖြစ်မယ် ။ မိတ်ဆွေတစ်ယောက်ဆီကို စာရေးပါ။ ဖုန်းဆက်ပါ။ စိတ်ချမ်းသာစရာ တစ်ခုခု ပြောပါ။ စိတ်ချမ်းသာစရာတွေကို ပေးနေရင် စိတ်ချမ်းသာမှု တိုးနေမယ်။ အမြဲတမ်း စိတ်ချမ်းသာနေတယ်ဆိုတာ ဖြစ်နိုင်သလား။ အမြဲတမ်း စိတ်ချမ်းသာ နေတာ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။ အဆိုးတွေက ဖြစ်နေမှာပဲ။ ဒါပေမယ့် ကိုယ်က အဲဒီအဆိုးတွေကို ကိုင်တွယ် ဖြေရှင်းနိုင်တယ်။ ဖြစ်လာတဲ့ကိစ္စက ကိုယ့်စိတ်ကို မလွှမ်းမိုးနိုင်ဘူး။ စိတ်ဓာတ်မကျဘူးဆိုရင် စိတ်မဆင်းရဲဘူး ။ တကယ်ဥာဏ်ရှိတယ်ဆိုရင် စိတ်ချမ်းချမ်းသာသာနေလိုက်ပါ။ ဒါမှ ဥာဏ်ရှိတဲ့လူလို့ ဆိုနိုင်မယ်။ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) Via : Paral lel
via အလင်းရောင် ဓမ္မ https://ift.tt/2myr9z4
Newer Post
Older Post
Home