အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, September 25, 2019
ကျန်းမာခြင်းအကြောင်းဖြစ်တဲ့ အပမ္ပာဒကုသိုလ်တရား 🌷🌷🌷🌷🌷🌷🌷🌷🌷 အနာရောဂါကင်းခြင်းရဲ့ အကြောင်းတရားက ကုသိုလ်တရားပဲ။ ကုသိုလ်ကံကောင်းနေတဲ့ ပုဂ္ဂိုလ်တွေဟာ အနာရောဂါ ကင်းနေတာပဲ။ ကံကြောင့်ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာဟာ တခြားအရာနဲ့ ကုစားလို့မရဘူး။ အခြားအကြောင်းကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာဟာ ကုစားလို့ရတယ်။ ဒါကြောင့် … ကံကောင်းနေအောင် ကုသိုလ်ကောင်းမှု အမြဲတမ်းသတိရနေတဲ့ အပ္ပမာဒတရားဟာ အရေးကြီးဆုံးပဲလို့ ပြောတာဖြစ်တယ်။ အပ္ပမာဒတရားသည် ဘာကြောင့်အရေးပါသလဲ ဆိုရင် ကုသိုလ်ကိုပြုမိအောင် တိုက်တွန်းနှိုးဆော် ပေးတတ်တဲ့ သဘာဝတရားရှိလို့ပါပဲ။ အပ္ပမာဒတရားရှိရင် ကုသိုလ်လုပ်မိတယ်။ ကုသိုလ်လုပ်မိသည့်အတွက်ကြောင့် ကုသိုလ်ကံ ကို အခြေခံပြီးတော့ ကျန်းမာမှုကို ရတယ်လို့ ဆိုလိုတယ်။ ဆေးဝါးဓာတ်စာ မှီဝဲလို့ ကျန်းမာတယ်။ ရာသီဥတုကောင်းလို့ ကျန်းမာတယ် ဆိုတာတွေ ဟာ အထောက်အကူလောက်ပဲ ဖြစ်တယ်။ သဘာဝ ခန္ဓာကိုယ်ထဲမှာ ကံက ပေးလိုက်လို့ ရလာတဲ့ ရောဂါမျိုးစေ့ပါလာလို့ ဖြစ်လာတဲ့ ရောဂါကျတော့ ဘယ်လိုမှ ကာကွယ်မပေးနိုင် တော့ဘူး။ ရာသီဥတု အစာအာဟာရက ပျောက်အောင် မတတ်နိုင်ဘူး။ ဒါကြောင့် တချို့က ပြောကြတယ်မဟုတ်လား။ တရားအားထုတ်လိုက်တာ ရောဂါပျောက်သွားတယ်။ ကံကောင်းအောင် လုပ်ပေးလိုက်တာဖြစ်တယ်။ ရောဂါဝေဒနာကို ဖြစ်စေတတ်တဲ့ အကုသိုလ် ကံတွေကို ရှင်းသွားစေပြီးတော့ ကုသိုလ်ကံတွေ ဖြစ်လာတယ်။ ပစ္စုန်ပ္ပန်မှာဖြစ်တဲ့ မိမိစိတ်မှာလည်းပဲ လောဘ ဒေါသစတဲ့ အကုသိုလ် အညစ်အကြေးတွေ ကင်းစင်သွားပြီး အလောဘ အဒေါသစတဲ့ ကုသိုလ်တရားတွေ တိုးပွားလာတယ်။ ထို အလောဘ အဒေါသစတဲ့ ငြိမ်းအေးတဲ့ ကုသိုလ်တရားတွေက ထုတ်လုပ်ပေးတဲ့ ရုပ်တရားဟာ သန့်စင်လာတယ်။ ကျန်းမာလာတယ်။ ကုသိုလ်တရားဟာ ကျန်းမာမှုကို ဖြစ်စေတယ်။ ဒါကြောင့် ကုသလရဲ့ အဓိပ္ပါယ်ကို "ကျန်းမာခြင်း"လို့လည်း ပြောတယ်။ ကုသလဆိုတာ ကျန်းမာခြင်း ဖြစ်တယ်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ #Via - Paral Lel
via အလင်းရောင် ဓမ္မ https://ift.tt/2lwy6QU
Newer Post
Older Post
Home