အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, November 4, 2019
"ကိုယ်ဆောက်တဲ့အိမ် ကိုယ်နေရလိမ့်မယ်" ======================== ငါတို့ နှစ်ဆယ့်လေးနာရီ ရှိတဲ့အနက်က ဘယ်အာရုံတွေ ခံစားသလဲဆိုတာ ကိုယ့်စိတ်ကိုသာစစ်ကြတော့။ မျက်စိအာရုံတွေ ခံစားလိုက် ။နား၏ အာရုံတွေ ခံစားလိုက်၊ နှာခေါင်း၏ အာရုံတွေ ခံစားလိုက်၊ ရသာ၏ အာရုံတွေ ခံစားလိုက်၊ အတွေ့၏ အာရုံတွေ ခံစားလိုက်၊ ဓမ္မ၏အာရုံတွေ ခံစားလိုက်၊ တံခါးခြောက်ပေါက်က အာရုံခြောက်ပါး တရစပ်ကြီး ကာမသုခလ္လိကနိရောဂ ဆိုတဲ့ အာရုံခံစားသော အကျင့်ဟာ အယုတ်ဆုံးတရားတဲ့။ မြုပ်တရားတဲ့။ ဘယ်တော့မှ မပေါ်ဘူးတဲ့ အဲဒီအကျင့်။ အဲဒီတော့ ဒါနမှု သီလမှု သမထမှုလေးတော့ ရံဖန်ရံခါပြုတယ်။ အဲဒီတော့ ဒကာဒကာမများ အကုသိုလ်စိတ် ကုသိုလ်စိတ်တဲ့။ အကုသိုလ်စိတ် ကုသိုလ်စိတ်ဆိုတာ ဒါနကုသိုလ်ကံ စေတနာ၊ သီလကုသိုလ်ကံ စေတနာ၊ သမထကုသိုလ်ကံစေတနာကတော့ ကံရမယ်။ ဒါနကုသိုလ်ကံစေတနာ လူရယ် နတ်ရယ်၊ သီလကုသိုလ်ကံ စေတနာ လူရယ် နတ်ရယ်၊ သမထကုသိုလ်ကံစေတနာ အားသာလို့ရှိရင် ဗြဟ္မာနှစ်ဆယ် သံသရာ၊ ဒါတွေက ကံတရားတွေ။ နှစ်ဆယ့်လေးနာရီရှိတဲ့ အနက်က ဒါနကုသိုလ်ကံစေတနာ စိတ်ကလေးက ဘယ်လောက်ဖြစ်ကြတုန်း၊ သီလကုသိုလ်ကံ ကျောင်းကိုသွားပြီးတော့ သီလဆောက်တည်နေတဲ့ သီလကုသိုလ်ကံစေတနာက ဘယ်လောက်ရှိကြတုန်း။ သမထကုသိုလ်ကံ စေတနာက နှစ်ဆယ့်လေးနာရီရှိတဲ့အနက်က သမထကုသိုလ်ကံ စေတနာ စိတ်က ဘယ်လောက်ရှိကြတုန်း၊ အဲဒီ စိတ်သုံးစိတ်က ချိန်ခွင် တစ်ဖက်တည်းကို ထည့်ကြ။ နှစ်ဆယ့်လေးနာရီ ရှိတဲ့ အနက်က တံခါးခြောက်ပေါက်က အာရုံခြောက်ပါး ။ အဆင်းကိုလည်း ဒုက္ခနဲ့ သုခခံစားလိုက်တယ်။ အသံကိုလည်း သုခနဲ့ ဒုက္ခခံစားတယ်၊ အနံ့ကိုလည်း သုခနဲ့ဒုက္ခခံစားတယ်၊ အရသာကိုလည်း သုခနဲ့ ဒုက္ခခံစားတယ်၊ အတွေ့ကိုလည်း ဒုက္ခနဲ့သုခခံစားတယ်။ ဓမ္မကိုလည်း ဒုက္ခနဲ့သုခ ခံစားတယ်။ အဲဒီစိတ်က ချိန်ခွင်တစ်ဖက်တည်းကို ထည့်။ နှစ်ဆယ့်လေးနာရီရှိတဲ့ အနက်က ချိန်ခွင်ဘယ်ဘက်ကို အားသာကြမလဲ၊ အားသာတဲ့ ဘက်ကို သွားကြလိမ့်မယ်။ သူများမပြောရဘူး ကိုယ့်စိတ်ကို စစ်ကြ။ ကိုယ်က ပြုထားတာက မကောင်းတဲ့ အာစိန္နကံပြုထားတယ်၊ သေခါနီးဆဲဆဲကျတော့ မကောင်းတဲ့ အာသန္နကံ မြင်ရလိမ့်မယ်။ အထက်ကို မြင်လို့ရှိရင် အထက်ကိုသွားလိမ့်မယ်၊ အောက်ကို မြင်လို့ရှိရင် အောက်ကို သွားလိမ့်မယ်။ ကိုယ်ပြုထားတဲ့ကံ ကိုယ်ရလိမ့်မယ်၊ ကိုယ်ဆောက်လုပ်ထားတဲ့ အိမ် ကိုယ်နေရလိမ့်မယ်။ ၂၄ နာရီ ဘယ်လိုမြင်ကြသလဲတဲ့။ ဒကာမမြင်တော့ ဒကာမသိတယ်၊ ဒကာမြင်တော့ ဒကာသိတယ်၊ ခွေးကိုမြင်တော့ ခွေးကို သိတယ်၊ ကြက်ကိုမြင်တော့ ကြက်ကိုသိတယ်၊ ရေကိုမြင်တော့ ရေကို သိတယ်၊ ငါးကိုမြင်တော့ ငါးကိုသိတယ်။ တောကိုမြင်တော့ တောကိုသိတယ်။ ဆိတ်မြင် ဆိတ်သိတယ်၊ နွားမြင် နွားသိတယ်။ ဆင်းရဲတာမြင်တော့ ဆင်းရဲတာသိတယ်၊ ချမ်းသာတာမြင်တော့ ချမ်းသာတာသိတယ်၊ ကိုယ်သိတာက ဘာသိသလဲ.. အောက်ကိုသိတယ်။ လူတိုင်းလူတိုင်းမြင်တဲ့ လူတိုင်းလူတိုင်း အသိ။ ချောတာမြင်လို့ ချောတာပဲသိသလား၊ လှတာမြင်လို့လှတာသိသလား။ ၀တာမြင်လို့၀တာလေး သိသလား။ ဒီလိုသိနေလို့ကတော့ ဒကာဒကာမများ လူတိုင်းအမြင် လူတိုင်း အသိ၊ ကလေးလေးလည်း ဒီတိုင်းသိတယ်၊ ကိုယ်လည်း ဒီတိုင်းသိတယ်ဆိုရင် ကလေးသိပဲရှိသေးတယ်။ ငါတို့ သူများထက်ထူးကဲပြီး သိတဲ့ သမ္မာဒိဋ္ဌိ ဥာဏ် များရပြီလား..။ သမ္မာဒိဋ္ဌိဆိုတာ အမှန်မြင်တဲ့ တရား။ ကိုယ့်စိတ်ကို စစ်ကြ။ ငါတို့မြင်တဲ့ အမြင်တွေက ဘယ်မှာ မြင်သလဲ .. ကိုယ့်စိတ်ကိုသာ စစ်ကြပေတော့။ (သဲအင်းဂူဆရာတော်ဘုရားကြီး - 21-1-1967 ည ဟောကြားတော်မူသော တရားတော်မှ) post source: https://ift.tt/2oI0Zv5 photo source: https://ift.tt/36w7wdp Credit
via အလင်းရောင် ဓမ္မ https://ift.tt/2WGT1PG
Newer Post
Older Post
Home