Monday, November 4, 2019

မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် ဓမ္မအသိ 🌷💎🌷💎🌷💎🌷💎🌷💎🌷 မြတ်စွာဘုရားက ဓမ္မကိုသိဖို့အတွက် အကြိမ်ကြိမ်အထပ်ထပ် ဓမ္မကို လိုက်နာကြဖို့ ဆိုပြီး ဟောတယ်။ အဲဒီတော့ "ဗုဒ္ဓံသရဏံ ဂစ္ဆာမိ" လို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ ဘာအတွက် ကိုးကွယ်တာတုန်း။ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဘုရားကို ကိုးကွယ်တယ်ဆိုတာ ဓမ္မအသိကိုရဖို့ ဖြစ်တယ်။ တခြားနည်းနဲ့ ရည်ရွယ်ချက်နဲ့ ကိုးကွယ်တာ မဟုတ်ဘူး။ သို့သော် ဘုန်းကြီးတို့ခေတ် လူများများက ဘုရားကို ကိုးကွယ်တယ် ဆိုတဲ့နေရာမှာ ဘယ်ပုံစံနဲ့ ကိုးကွယ်တုန်းဆိုရင်… လာဘ်လာဘ ရချင်လို့ ကိုးကွယ်တယ်။ အန္တရာယ်ကင်းချင်လို့ ကိုးကွယ်တယ်။ ကြီးပွားတိုးတက်ချင်လို့ ကိုးကွယ်တယ် ဆိုတဲ့ဘက်ကို ရောက်သွားတယ်ပေါ့နော်။ ရွှေတိဂုံဘုရားပေါ် သွားကြည့်ပေါ့။ ဓာတ်ဘုရားတွေ နတ်ဘုရားတွေဆိုရင် ကန်တော့ပွဲတွေ ပြည့်နေတယ်နော်။ အဲဒီလို နာမည်မတပ်ထားဘူးဆိုတဲ့ ဘုရားရှေ့မှာ ခြောက်နေတယ်။ ဘာမှမရှိဘူး။ ပြီးတော့ လူတွေကိုကြည့်။ ဘုရားကိုးကွယ်တာ ရိုးရိုးကိုးကွယ်တာမဟုတ်ဘူး။ စနေသားက စနေထောင့်က ဘုရားသွားရှိခိုး တယ်။ ကျန်တဲ့ဘုရား ရှိမခိုးကောင်းဘူးလို ဖြစ်နေတယ်နော်။ အဲဒီလို စနေသားက စနေထောင့်နော်။ ဗုဒ္ဓဟူးသားက ဗုဒ္ဓဟူးထောင့်ဆိုတာ ဒီအပေါ်မှာ အစွဲလေးတွေရှိနေတယ်။ အင်မတန်မှ ပြင်းတယ်လို့ ပြောရမယ်။ ဗုဒ္ဓဘာသာ၀င်ဖြစ်လာပေမယ့်လို့ ဒီအစွဲလေးတွေ မကင်းသည့်အတွက် သံသရာထဲက မထွက်နိုင်ဘူး။ မြတ်စွာဘုရားက အစွဲပြုတ်ဖို့ ဟောခဲ့တယ်။ ဒီအစွဲလေးတွေ မကင်းသည့်အတွက်ကြောင့် သံသရာ၀ဋ်က မလွတ်နိုင်လောက်အောင် ဖြစ်နေတယ်။ လောကလူသားတွေရဲ့ ကိုးကွယ်မှုဟာ အမြဲတမ်းမှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိတယ်လို့ ပြောလို့မရသေးဘူး။ မှန်ကန်တဲ့ လမ်းကြောင်းကို ပြည့်ပြည့်၀၀ ရောက်တယ်လို့ ပြောလို့မရသေးဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဓာတ်စွဲ နတ်စွဲ ဒီလိုဟာမျိုးလေးတွေနဲ့ လူတွေဟာ ယုံကြည်မှုလေးတွေရှိနေတယ်။ ဆိုလိုတာက အဓိကဘာလဲ ဆိုတာကို သိဖို့လိုတယ်။ အေး ဓာတ်တို့ နတ်တို့ဟာ အကျိုးမပြုဘူးလို့ ပြောတာမဟုတ်ဘူး။ သူတို့အကျိုးပြုတာ အင်မတန်မှနည်းတယ်။ သံသရာ၀ဋ်က လွတ်အောင် အကျိုးမပြုနိုင်ဘူး။ တခဏတာ အဆင်ပြေအောင်ကတော့ လူလူချင်းလဲ လုပ်လို့ရတာပဲလေ။ ပိုက်ဆံမရှိရင် ပိုက်ဆံထုတ်ချေးပေးတယ် ဆိုတာ ဒါအကျိုးပြုတာပဲပေါ့။ အဲဒီလို လူလူချင်း ကူညီရင်တောင် ရတာဆိုတော့ … ခုနတုန်းက ကိုယ့်အစွဲလေးတွေက ကိုယ့်ကို မကူညီဘူးလားဆိုတော့ ကူညီတဲ့နေရာတော့ ကူညီတယ်။ သို့သော် သူတို့ကူညီမှုဟာ အတိုင်းအတာလေး တစ်ခုမျှသာ။ ဒီအပေါ်မှာ ယုံကြည်လို့ ပုံပြီးတော့ အားကိုးဖို့ မဟုတ်ဘူး။ ဒီလိုဆိုလိုတာနော်။ မြတ်စွာဘုရားက မှန်ကန်တဲ့ အဆုံးအမတွေ ပေးခဲ့တယ်။ ဘယ်လို အဆုံးအမတွေပေးလဲ။ ဘုရားအဆုံးအမ ပေးတာလေးတွေကို နည်းနည်းပြန်ကြည့်လိုက်ပေါ့။ မြတ်စွာဘုရား ဟောထားတာ ဒီအဆုံးအမလေးတွေဟာ … "သုနက္ခတ္တံ သုမင်္ဂလံ သုပ္ပဘာတံ သုဟုဋ္ဌိတံ" ဆိုတဲ့ စကားလုံးရှိတယ်။ ကောင်းတာလုပ်လို့ရှိရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ကောင်းတာလုပ်ရင် ကောင်းတဲ့နက္ခတ်ပဲလို့ ဒီလိုပြောတာနော်။ ဘယ်နေ့မှ …ဥပမာ ဒီနေ့က ပြဿဒါးရက် ဒီနေ့က ရက်ရာဇာရက်လို့ ဒီလို ရွေးစရာ မလိုဘူး။ ကောင်းတဲ့အလုပ် လုပ်တာမှန်သမျှ ကောင်းတာဖြစ်နိုင်တယ်။ "သုနက္ခတ္တံ သုမင်္ဂလံ သုပ္ပဘာတံ သုဟုဋ္ဌိတံ သုခဏော သုမုဟုတ္တောစ သုယိဋ္ဌံ ဗြဟ္မစရိသု" ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမဟာ အင်မတန်မှ ကောင်းတယ်။ အေး နံနက်ခင်းမှာ ကောင်းသော နံနက်ခင်းဖြစ်ဖို့ ဘာလုပ်ရမလဲ။ ကောင်းသော နံနက်ခင်းဖြစ်ဖို့အတွက်က ကောင်းတဲ့ သုစရိုက်တွေ ကောင်းတာတွေ တွေးရမယ်။ အပြစ်ကင်းတာ ကောင်းတာကို တွေးရမယ်။ ကောင်းတာကို ပြောရမယ်။ ကောင်းတာကို လုပ်ရမယ်။ ဒါမှ ကောင်းသောနံနက်ခင်း ဖြစ်တယ်။ ကောင်းတဲ့ နေ့လည်ခင်းဖြစ်ဖို့ ဘာလုပ်ရမလဲ။ ကိုယ်တွေးတဲ့ အတွေးပေါ်မှာ ကိုယ်ပြောတဲ့စကား ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ မူတည်တယ်။ ကောင်းသော ညနေခင်းဖြစ်ဖို့ရာအတွက် ကိုယ်တွေးတဲ့အတွေး ကိုယ်ပြောတဲ့စကား ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ မူတည်တယ်။ အဲတော့ ဆန်းစစ်ရမှာက ကိုယ်ပြောတာ အပြစ်ကင်းတဲ့ စကားလား။ ကိုယ်တွေးတာ အပြစ်ကင်းတဲ့ အတွေးလား။ ကိုယ်လုပ်တဲ့ အလုပ်ဟာ အပြစ်ကင်းတဲ့ အလုပ်လားလို့ ဒါပဲ ဆန်းစစ်စရာ လိုတယ်။ ပြဿဒါး ရက်ရာဇာ ရွေးစရာသိပ်မလိုပါဘူး။ ဒီလိုပြောလို့ အစွန်းရောက်တယ်လို့ တချို့ ထင်ကောင်းထင်မယ်။ ဒါမြတ်စွာဘုရားဟောတဲ့ အဆုံးအမပဲနော်။ မြတ်စွာဘုရားကို ယုံကြည်တယ်။ အားကိုး တယ်ဆိုလို့ရှိရင် ဘုရားအဆုံးအမအတိုင်း လိုက်နာရမှာပေါ့။ လောကရေးရာဆိုတာ အများယုံကြည်တိုင်း မှန်တယ်လို့လဲ ပြောလို့မရဘူး။ အကုန်လုံးလဲ အမှားချည့်လို့ ဒီလိုပြောတာမဟုတ်ဘူး။ မှန်တာရှိသလို မှားတာလဲရှိရင်လဲ ရှိနိုင်တယ်ပေါ့။ မြတ်စွာဘုရားက "နက္ခတ္တံ ပတိမာ နေန္တံ အတ္တော ဗာလံ ဥပစ္စဂါ" ဒီနေ့ နက္ခတ်မကောင်းသေးဘူး။ မနက်ဖြန်လဲ မကောင်းသေးဘူး။ သန်ဘက်ခါလဲ မကောင်းသေးဘူး။ ရွှေ၀ယ်တာတောင်မှ အမြိတ္တစုတ်ရက်မှ ၀ယ်တယ်။ ရက်ရွေးနေတာနဲ့ စျေးတက် သွားတာနဲ့ သွားကြုံတယ်။ ဟုတ်ကဲ့လား။ အဲဒီလိုရက်မကောင်းသေးဘူးလို့ ရွှေ့ရင်း ရွှေ့ရင်းနဲ့ နောက်ကျကျန်နေတယ်။ အဲဒီမှာ ဂါထာလေးက "နက္ခတ္တံ ပတိမာ နေန္တံ အတ္တော ဗာလံ ဥပစ္စဂါ"တဲ့။ ကောင်းကျိုးချမ်းသာတွေဟာ နက္ခတ်ကောင်း တဲ့နေ့ကို မျှော်လင့်စောင့်စားနေတဲ့ အသိဉာဏ် မရှိတဲ့ပုဂ္ဂိုလ်ကို ကောင်းတဲ့အကျိုးတရားတွေက ကျော်ဖြတ်သွားပြီ။ ဆုံးရှုံးသွားပြီလို့ ပြောတာပါ၊ ဒီနေ့လုပ်ရမယ့်အလုပ် ဒီနေ့လုပ်မှ ပြဿဒါး ရက်ရာဇာကို စောင့်ပြီးတော့ လုပ်နေ မယ်ဆိုရင် ဒီနေ့ရရမယ့် အလုပ်မရတော့ဘူး။ အဲဒါလဲ အလေးအနက်ထားဖို့ လိုအပ်တယ်ပေါ့။ ဗုဒ္ဓဘာသာ၀င်တွေ တော်တော်များများက ဒါကို လက်ခံယုံကြည်နေကြတုန်းပဲ။ အားကိုးကြတုန်းပဲ။ အဲတော့ မြတ်စွာဘုရားက… "နက္ခတ္တံ ပတိမာနေန္တံ" နက္ခတ်ကို စောင့်မျှော်နေတာ နက္ခတ်ကောင်း သည်ထိ စောင့်မျှော်နေတဲ့ ဗာလကို "အတ္တော ဥပစ္စဂါ"ကောင်းကျိုးချမ်းသာ တွေက လွန်မြောက်သွားတယ်။ ကောင်းကျိုးချမ်းသာတွေက အချိန်ကုန် ဆုံးသွားလို့ မရတော့ဘူး ဒီလိုပြောတာ။ အဲဒီမှာ ရှင်းရှင်းလေး "အထ္ထော အတ္ထဿ နက္ခတ္တံ" ကိုယ်လိုချင်တဲ့ အကျိုးရရင် ကောင်းသော နက္ခတ်ပဲ။ ဒီနေ့သွားမှရမယ်ဆိုရင် ဟာ… ဒီနေ့ ပြဿဒါးကြီး မသွားတော့ဘူး။ ရက်ရာဇာစောင့်ဦးဆိုရင် ဒီနေ့ ရမယ့်ဟာ မရတော့ဘူး။ အဲဒီ ကောင်းသောသုခကို ရခြင်းသာလျှင် တကယ့် နက္ခတ်ကောင်းလို့ ဒီလိုပြောတာ။ ရတာသာ လိုရင်းပဲ။ ဒီလိုဆိုလိုတာနော်။ မြတ်စွာဘုရားက အင်မတန်မှ လက်တွေ့ကျတယ်။ ခွေးကိုက်လို့ပဲသေသေ တုတ်နဲ့ရိုက်လို့ပဲ သေသေ "ယုန်ရတာ လိုရင်း"ဆိုတဲ့ ဗမာ စကားပုံလိုပေါ့။ ယုန်ရတာ အဓိကပဲ။ ခွေးကိုက်တဲ့ ယုန်လား။ တုတ်နဲ့ရိုက်လို့ရတဲ့ ယုန်လားလို့ ရွေးစရာမလိုဘူး။ လက်ထဲ ယုန်ရောက်ဖို့ အရေးကြီးတယ်ပေါ့။ အဲဒီလိုမျိုး ကောင်းကျိုး ချမ်းသာရရှိဖို့အတွက် လုပ်သင့်တဲ့အချိန်မှာ မြန်မြန်လုပ်ရမယ်။ ကောင်းကင်ပေါ်က နက္ခတ်တွေက ဘာလုပ်မှာလဲလို့ သူဘာသာသူပဲနော်။ ဒီလိုဆိုတာပေါ့၊ သို့သော် ဒီကနေ့ထိ အားကိုးနေကြတုန်းပဲ ရှိသေးတာပေါ့၊ တကယ်လုပ်သင့် လုပ်ထိုက် တာနဲ့ ကြုံလာလို့ရှိရင် အဲဒါမျိုးကို အလေး အနက်ထားပြီး အားကိုးဖို့ မလိုအပ်ဘူးတဲ့။ ကိုယ်လုပ်ရမယ့်အလုပ် ကောင်းတာလား။ မကောင်းတာလား။ ကောင်းတဲ့ အလုပ်လား။ မကောင်းတဲ့ အလုပ်လား။ ဒါကို ဆင်ခြင်စဉ်းစားပြီးတော့ လုပ်သင့် လုပ်ထိုက်တာ လုပ်ဖို့ လိုအပ်တယ်။ ဒါ ဗုဒ္ဓအဆုံးအမပဲ။ တော်တော်များများ ကျောင်းဆောက်ဆောက် ဘာဆောက်ဆောက် နေ့ရက်ကလေးတော့ ရွေးလိုက်ကြသေးတာပဲ။ အစွဲအလန်းတော့ ရှိနေကြသေးတယ်နော်။ ရွေးပြီးတဲ့အခါကျတော့ ဂဏန်းက ကြည့်သေး တယ်။ ၉ ဂဏန်းလား ဘာဂဏန်းလားနဲ့ ဆိုပြီး တော့နော်။ ဂဏန်းယုံတဲ့ လူကလဲ ဂဏန်းယုံတာပဲလေ။ အဲတော့ အဲဒီလိုလေးတွေ လုပ်တာဟာ ဗုဒ္ဓအဆုံးအမနဲ့ ကိုက်ညီသလားဆိုတော့ မကိုက်ညီဘူးလို့ ပြောရမယ်။ ဗုဒ္ဓရဲ့ အဆုံးအမကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ် သားသား လက်ခံနိုင်စွမ်းမရှိလို့။ ဘာဖြစ်လို့ လက်ခံနိုင်စွမ်း မရှိတာတုန်း ဆိုတော့ "ဓမ္မံ သရဏံဂစ္ဆာမိ" အရ ဓမ္မကို ကိုယ်က မကျင့်သုံးလို့ပဲ။ အဓိကကတော့ လူတွေဟာ အားပျော့ပြီး တော့ အားငယ်တဲ့စိတ် သိမ်ငယ်တဲ့စိတ်တွေ ရှိပြီးတော့နေတယ်။ ဗုဒ္ဓရဲ့ အဆုံးအမဖြစ်တဲ့ ဓမ္မကို "ဓမ္မံ သရဏံဂစ္ဆာမိ"လို့ ဆိုပေမယ့်လို့ ဓမ္မကို အလေးအနက် မထားနိုင်သေးတဲ့ သဘော ထင်ရှားစေတယ်။ အဲဒါကြောင့်မို့လို့ ဓမ္မကို အလေးအနက် ကျင့်သုံးပြီဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ခုနက အစွဲတွေ အကုန်ပျောက်ကုန်တယ်နော်။ အလေးမထားတော့ဘူးပေါ့။ ဆိုလိုတာက ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းတဲ့အလုပ်လား။ မကောင်းတဲ့ အလုပ်လား။ ဒါပဲ။ ကုသိုလ်ရမယ့် အလုပ်လား။ အကုသိုလ် ဖြစ်တဲ့အလုပ်လား၊ ဒါနှစ်ခုပဲ စဉ်းစားရမယ်။ အဲဒီနှစ်ခုစဉ်းစားရင် ကုသိုလ်ဖြစ်တဲ့ အချိန်ပဲ။ ကောင်းတဲ့ရက်ပဲ။ အကုသိုလ်အလုပ် လုပ်ရင်တော့ ဘယ်ရက်ပဲ ဖြစ်ဖြစ် ကောင်းတဲ့အချိန် မဖြစ်ဘူး။ကောင်းတဲ့ ရက်မဖြစ်ဘူးပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ ရက်ရာဇာနေ့ အကုသိုလ်လုပ်ရင်လဲ အကျိုးပေးမှာပဲ။ မကောင်းကျိုးနော်။ ဘာဖြစ်လို့တုန်း။ ဒီအကုသိုလ်ရဲ့ ဆိုးကျိုးကို ကိုယ်ကခံရမယ်။ တစ်နေ့ကျ အဲဒီလိုခံရတာ မကောင်းတဲ့ အကျိုးကို ခံရမှာဖြစ်သည့်အတွက်ကြောင့် ဒီရက်ရာဇာ ပြဿဒါးဆိုတဲ့အစွဲက ဘာမှ ကိုယ့်ကိုလိုက်ပြီး ကာကွယ်မပေးနိုင်ဘူးတဲ့။ ကိုယ်လုပ်တဲ့ အလုပ်က အကုသိုလ်ဆိုရင် ဒီအကျိုးပေါ်လာတဲ့အချိန်မှာ ဒုက္ခရောက်မှာပဲ။ အကုသိုလ်ဆိုတဲ့ အလုပ်ဟာ မြတ်စွာဘုရား က ကုသိုလ်အကုသိုလ်ကို နားလည်အောင် ဟောတဲ့နေရာမှာ … လုပ်ပြီးနောက် ပူပန်နေရတဲ့ အလုပ်မှန်သမျှဟာ မကောင်းတဲ့ အလုပ်လို့သတ်မှတ်တယ်။ လုပ်ပြီးရင် စိတ်ထဲမှာ ပူပန်သောက ရောက် နေရတဲ့ အလုပ်ဟာ မကောင်းတဲ့အလုပ်။ အကျိုးပေါ်လာတဲ့အခါလဲပဲ ငိုငိုယိုယိုနဲ့ ကြိတ်မှိတ်ပြီး ခံစားရတဲ့ အလုပ်မျိုးတဲ့။ ဆိုလိုတာက" လုပ်ပြီးတဲ့နောက် အကျိုးမပေါ် သေးခင်မှာလဲ စိတ်ဆင်းရဲရတယ်။ အကျိုး ပေါ်လာပြီဆိုရင်လဲ ခံပေတော့" ဒီအလုပ်မျိုးဟာ မကောင်းတဲ့အလုပ်လို့ ဒီလိုသတ်မှတ်တယ်။ ကောင်းတဲ့ အလုပ်ဆိုတာကျတော့ လုပ်ပြီးလို့ ပူပန်ရတဲ့ဟာ မဟုတ်ဘူး။ မပူပန်စေတတ်ဘူးဆိုရင် ကောင်းတဲ့ အလုပ်ပဲ။ အကျိုးပေါ်လာတဲ့အခါမှာလဲ ၀မ်းမြောက် ၀မ်းသာ ဒီအကျိုးတရားကို ပျော်ရွှင်နှစ်ခြိုက်စွာ ခံစားရတယ်ဆိုတဲ့ အလုပ်မျိုးဟာ ကောင်းတဲ့ အလုပ်။ ဒါ…ကုသိုလ် အကုသိုလ်နှစ်ခုကို ကွက်ကွက် ကွင်းကွင်း ရှင်းအောင် မြတ်စွာဘုရားက ဟောတာ။ ဒီတစ်ခု လိုက်နာရုံနဲ့ လောကကြီးမှာ ကြီးပွားတိုးတက်နိုင်ပါတယ်နော်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ ဗုဒ္ဓ၏ အဆုံးအမကို လက်ဆင့်ကမ်းခြင်း တရားတော်မှ ကောက်နုတ်ချက် ဖြစ်ပါသည်။ credit : Original Uploader


via အလင်းရောင် ဓမ္မ https://ift.tt/2qncOao