အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, November 4, 2019
❝ သူတော်ကောင်းတို့၏ စိတ်နှလုံး ❞ အများအားဖြင့်… သူတော်မှ ကိုယ်က ကောင်းကြတာ။ သူတော်မှ ကိုယ်ကောင်းတာ သူတော်ကောင်း မဟုတ်ဘူး။ သူတော်ကောင်းဆိုတာ … သူတော်တော် မတော်တော် ကိုယ်ကကောင်းမှ သူတော်ကောင်းဖြစ်တာ။ အများနဲ့နေတာဆိုတာ … အများနဲ့ အဆင်ပြေအောင်နေရတယ်။ ကိုယ်တစ်ယောက်တည်းနေတာတောင် ကိုယ့်စိတ်နဲ့ကိုယ် တည့်ရဲ့လား ? သူတော်ကောင်းဆိုတော့… သတိဥာဏ်ရှိရတယ် မေတ္တာနဲ့နေရတယ်။ သတိဥာဏ်ရှိရင် မေတ္တာနဲ့နေရင် အများနဲ့ အဆင်ပြေတယ်။ လူလူချင်းမပြောနဲ့၊ သိကြားမင်းတောင် အဲဒီလိုမနေတတ်လို့ ပူလောင်ဆင်းရဲရတယ်။ သိကြားမင်းက နတ်သက်ကြွေတော့မယ့်အချိန် သူ့စည်းစိမ်ကို တစ်ခြားနတ်သားတစ်ပါးက စိုးစံသွားမှာ မနာလိုဖြစ်နေတယ်။ သူ့ရဲ့သိကြားမင်းစည်းစိမ် သူများဟာဖြစ်သွားမှာ ၀န်တိုနေတယ်။ သိကြားမင်းမှာ အဲဒီလို မနာလိုတဲ့ ဣဿာ ၀န်တိုတဲ့ မစ္ဆရိယရှိနေလို့ ဆင်းရဲပင်ပန်းပြီး မချမ်းမသာဖြစ်နေတယ်။ ဒီတော့ သိကြားမင်းက ဘုရားထံလာပြီး မေးလျှောက်တယ် …။ "ကာမဘုံသား နတ်လူတွေအားလုံးဟာ ကောင်းစားချင်ရက်သားနဲ့ မကောင်းစား မပြည့်ဝြကဘူး။ ဘေးရန်တွေ ကင်းပြီးနေချင်ပါရဲ့သားနဲ့ ဘေးရန်တွေ မကင်းကြဘူး။ အေးအေးချမ်းချမ်း နေချင်ပါရဲ့သားနဲ့ ပူလောင်နေကြတယ်။ အဲဒါ ဘာကြောင့်ဘာလဲဘုရား" တဲ့။ ဒီတော့ မြတ်စွာဘုရားက ဖြေတော်မူတယ် …။ “ကာမဘုံသား နတ်လူများတို့ ကောင်းစားပြည့်၀ ဘေးရန်ပလျက် အေးမြချမ်းသာ နေလိုပါလည်း ဣဿာမစ္ဆ သူရှုပ်ပွေ၍ ထင်ချေမကျ ဆင်းရဲရ၏" ကာမဘုံသား နတ်လူတွေအားလုံးဟာ ကောင်းစားချင်ပါလျက်နဲ့ ဘေးရန်ကင်းချင်ပါရက်နဲ့ အေးချမ်းစွာနေချင်ပါလျက်နဲ့ ဘာကြောင့်ဆင်းရဲပင်ပန်း ဖြစ်နေရလဲဆိုတော့… မနာလိုတဲ့ ဣဿာ၊ ၀န်တိုတဲ့ မစ္ဆရိယရှိနေလို့ပါဘဲ။ သူများကောင်းစားတာ မနာလိုတာ။ သူများတရားတွေ သိတာ တိုးတာကို နောက်ကနေ မကျေနပ်တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ သူများစာမေးပွဲအောင်တယ်ဆိုရင် ၀မ်းမသာဘူး။ မကောင်းတာဖြစ်ရင် ၀မ်းသာတယ်။ ၀န်တိုတာလည်း နှမြောတာဘဲ။ ကပ်စေးနဲတာ …။ သူများတွေလိမ်မာတယ်၊ တော်တယ် တတ်တယ် အရည်အချင်းရှိတယ်ဆိုရင် ၀မ်းသာရတယ်။ တစ်ချို့ ဒီလိုမရှိဘူး။ မကောင်းတာဘဲ လိုက်မြင်တယ်။ ဒီလိုလူမျိုး ဘယ်တော့မှ မချမ်းသာဘူး။ ဣဿာဆိုတာ … ကိုယ့်အိတ်ထဲကထက် သူများအိတ်က သာသွားရင် မနာလိုတာနဲ့ တူတယ်။ အစစအရာရာ ကိုယ့်ထက် အရည်အချင်းသာတာ၊ စာပေပရိယတ္တိသာတာ မနာလိုရင် မချမ်းသာဘူး …။ ဣဿာ မနာလိုတာဟာ ဒေါသပဲ။ ငရဲကျမယ်။ ၀န်တိုတာ နှမြောတာ လောဘပဲ။ လောဘနဲ့ သေရင် ပြိတ္တာဖြစ်မယ်။ ဆိုကြည့်ပါဦး … "မနာလိုကင်း၊ ၀န်တိုရှင်း လက်ငင်း ချမ်းသာသည်" လောဘနဲ့ ဒေါသကြောင့် ပင်ပန်းဆင်းရဲနေကြတာ …။ တရားအားထုတ်တာ … ဒီလောဘ ဒေါသတွေနည်းသွားအောင် အားထုတ်တာ။ တရားအားထုတ်ရင်းနဲ့တောင် လောဘ ဒေါသဖြစ်နေတတ်တယ်။ စိတ်ငြိမ်တော့ သဘောကျတယ်။ သဘောကျတော့ လောဘပေါ့။ စိတ်မငြိမ်တော့ သဘောမကျဘူး။ သဘောမကျတော့ ဒေါသဖြစ်တယ်။ ရှုမှတ်လို့ကောင်းရင် သဘောကျတယ်။ လောဘဖြစ်နေတယ်။ ကိုယ်ထင်သလိုမဖြစ်ရင် မကြိုက်ဘူး။ ဒေါသဖြစ်နေတယ်။ လောဘ ဒေါသနည်းအောင် တရားအားထုတ်တာ …။ လောဘ ဒေါသဖြစ်နေတယ်။ ကိုယ်တစ်ယောက်တည်းတောင် ကိုယ့်ဟာနဲ့ကိုယ် မတည့်ရင် အများနဲ့ဘယ်လိုတည့်မှာလဲ ? ဆတ်ဆတ်ထိ မခံဘူး။ ဒီလိုဆို ပြန်သွားတော့မယ်၊ လောဘအလို ဒေါသအလိုလိုက်နေတယ်။ နည်းနည်းမျှ သည်းမခံဘူး၊ ထင်တိုင်းကြဲမှဖြစ်ချင်နေတာကိုး။ ခုထင်တိုင်းမကြဲရရင် ငရဲကျတော့ ကြဲရမှာပေါ့ …။ အဲဒီ လောဘ ဒေါသ အယုတ်တမာတွေကို လက်မရခံဘူး။ မွေးမြူရေးမလုပ်ဘဲ ပယ်နိုင်အောင် ကြိုးစားကြရမယ်။ ဘုရားသာသနာနဲ့.တွေ့ခွင့်ကြုံတဲ့အခါ သာသနာနဲ့စပ်တဲ့… ကုသိုလ်အထွဋ်အမြတ်တွေကို လေးလေးစားစားတန်ဖိုးထားပြီး လက်လှုပ်တိုင်း၊ ခေါင်းလှုပ်တိုင်း ပါးစပ်လှုပ်တိုင်း … ကုသိုလ်ရအောင် တန်ဖိုးထားရမယ်။ ဘာမဟုတ်တဲ့ စားရေး သောက်ရေး ၀တ်ရေး နေရေးတွေမှာ တန်ဖိုးထား အချိန်ဖြုန်းနေတာ …။ ထင်တိုင်းမကြဲရလို့ ဆန္ဒပြတာ၊ တော်တော်စိတ်ထား စရိုက်ဆိုးတယ်။ သူတော်ကောင်းစိတ်ထားက အဲဒီလိုမဟုတ်ဘူး။ အသိဥာဏ်ရှိရင် ဒီစိတ်မျိုးမရှိဘူး။ မေတ္တာတရားရှိရင် ခွင့်လွတ်သည်းခံနိုင်တယ်။ သစ်ပင်ဟာ မလဲမချင်း သစ်ပင်ခုတ်တဲ့သူကို အရိပ်ပေးသွားတယ်။ အမွှေးနံ့သာတုံးဟာ မီးရှို့တဲ့သူကို မကျွမ်းမချင်း အမွှေးနံ့သာပေးသွားတယ်။ သူတော်ကောင်းဟာ… မသေမချင်း ကိုယ့်ကို နှိပ်စက်တဲ့ရန်သူကိုတောင် အကျိုးဆောင်သွားတယ်။ ဘုရားအလောင်းမျောက်မင်းဟာ မုဆိုးတစ်ဦး ချောက်ထဲကျနေတာကို ကယ်ထုတ်ခဲ့တယ်။ နိုင်မနိုင် စမ်းသပ်တဲ့အနေနဲ့ မုဆိုးရဲ့ကိုယ်အလေးချိန်နဲ့အမျှ ကျောက်တုံးတစ်တုံးကိုထမ်းပြီး ခုန်တက်ပြီးမှ မုဆိုးကို ချီပြီး ကယ်တင်တာ။ နှစ်ကြိမ်တောင်ခုန်လိုက်ရတော့ ပင်ပန်းလွန်းလို့ မုဆိုးရဲ့ပေါင်ပေါ်မှာ ခေါင်းမှီပြီးနားနေရတယ်။ အဲဒီမှာ မုဆိုးက စဉ်းစားတယ်။ အိမ်ပြန်ရင် ဟင်းစားမပါဘူး။ ဟင်းစားရအောင်ဆိုပြီး မျောက်မင်းရဲ့ ဦးခေါင်းကို ခဲနဲ့ထုတယ်။ အသက်သခင်ကိုတောင် ယုတ်ယုတ်မာမာ ကြံစည်ရက်တယ်။ မျောက်မင်းဦးခေါင်းကွဲသွားတယ်။ မျောက်မင်းက စဉ်းစားတယ် …။ “ဒီမုဆိုး သေတွင်းကလွတ်ပေမယ့် တောတွင်းမှာ မျက်စိလည်ပြီး ကျားစာဖြစ်ဦးတော့မှာဘဲ၊ မသေအောင်လမ်းပြပေးဦးမှ" လို့ တွေးပြီး … "မုဆိုး ငါသစ်ပင်ပေါ်က လမ်းပြပေးသွားမယ်၊ ငါ့သွေးစက်ကျတဲ့လမ်းအတိုင်း လိုက်ခဲ့" ဆိုပြီး… ရွာစပ်နားထိပို့ပေးလိုက်တယ်။ သူတော်ကောင်းဆိုတာ … ကိုယ့်သတ်တဲ့ရန်သူတောင် သွေးနဲ့ ချွေးနဲ့ရင်းပြီး ကောင်းကျိုးဆောင်ရွက်ပေးတယ်။ သူတော်ကောင်းဆိုတာ … သူတော်မှ ကိုယ်ကောင်းတဲ့ သူတော်ကောင်းဆိုရင် မတော်သေးဘူး။ သူတော်တော် မတော်တော် ကိုယ်က ကောင်းရမယ်။ အများကောင်းစားဖို့၊ အများအကျိုးသယ်ပိုးဖို့ ဆောင်ရွက်ရမယ်။ လူကောင်း စိတ်ကောင်း ဥာဏ်ကောင်းဖြစ်အောင် တရားအားထုတ်ကြရတာ …။ ဥာဏ်ကောင်းဖြစ်သွားရင် ယုတ်ညံ့တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်၊ လစ်ရင်လစ်သလို အခွင့်သာရင်သာသလို ထင်တိုင်းကြဲချင်တဲ့စိတ် မရှိတော့ဘူး။ လူကောင်း စိတ်ကောင်း ဥာဏ်ကောင်းဖြစ်အောင် အားထုတ်နိုင်ကြသဖြင့်… ဥာဏ်ကောင်းက ပို့ဆောင်သည့် နိဗ္ဗာန်သို့ အမြန်ဆုံး မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း ……။ ရွှေဥမင်ဆရာတော်ဘုရားကြီး (credit ..ဓမ္မလက်ဆောင်) MtS
via အလင်းရောင် ဓမ္မ https://ift.tt/2WHUkh9
Newer Post
Older Post
Home