Tuesday, November 5, 2019

ဘေးကင်းသော ကိုးကွယ်ခြင်း၊ မြင့်မြတ်သော ကိုးကွယ်ခြင်း။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် အဂ္ဂိဒတ္တပုဏ္ဏားရသေ့ကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။ မဟာကောသလမင်းကြီး နတ်ရွာစံသောအခါ သားတော် ပေဿနဒီကောသလမင်းကြီးက ခမည်းတော်၏ ပုရောဟိတ်ဖြစ်သော အဂ္ဂိဒတ္တပုဏ္ဏားကြီးအား အလေးဂရုပြု၏။ ပုဏ္ဏားကြီး လာလျှင် ခရီးဦးကြိုဆို၏။ မိမိနှင့်တူမျှသောနေရာကို ပေး၏။ သို့ရာတွင် မင်းတို့၏စိတ်ကို ထာ၀စဉ်စိတ်ချ၍မရနိုင်သဖြင့် အဂ္ဂိဒတ္တပုဏ္ဏားကြီးသည် မင်းထံ ခွင့်တောင်းကာ တောထွက်၍ ရဟန်းပြု၏။ အဂ္ဂိဒတ္တပုဏ္ဏားကို အတုယူ၍ လူအပေါင်းတို့က လည်း ရသေ့ပြုလာကြကုန်၏။ အဂ္ဂိဒတ္တရသေ့ကြီးသည် တပည့်ရသေ့ တသောင်းနှင့်တကွ အင်္ဂတိုင်း၊ မဂဓတိုင်းနှင့် ကုရုတိုင်းတို့၏ နယ်စပ်၌ နေထိုင်ကြ၏။ "တပည့်တို့ - ကာမဝိတက် စသော မကောင်းသော စိတ်အကြံတခုခုကို တွေးကြံမိသော သူ တို့သည် မြစ်ထဲမှ သဲတဆုပ်ကို ဆောင်ယူ၍ ဤနေရာ၌ စုပုံထားရမည်"ဟု သြ၀ါဒပေး၏။ မကောင်းသော အတွေးအကြံကို တွေးကြံမိသူတို့က သဲတဆုပ်စီ ပုံလာကြသဖြင့် သဲပုံမှာ ကြီးစွာ ပေါ်ပေါက်လာလေသည်။ အဂ္ဂိဒတ္တရသေ့ကြီးသည် တပည့်ရသေ့များနှင့်တကွ အင်္ဂတိုင်း မဂဓတိုင်းနှင့် ကုရုတိုင်းတို့မှ ဆည်းကပ်လှူဒါန်းလာကြသော လူအပေါင်းတို့အား .. "တောင်ကို ကိုးကွယ်ကြကုန်။ တောကို ကိုးကွယ်ကြကုန်။ အရံကို ကိုးကွယ်ကြကုန်။ တောစိုးသစ်ပင်ကြီးများကို ကိုးကွယ်ကြကုန်။ ဤသို့ကိုးကွယ်ကြလျှင် ဆင်းရဲခပ်သိမ်းမှ လွတ်မြောက်လတ္တံ့"ဟု အဆုံးအမပေး၏။ ဘုရားရှင်သည် အဂ္ဂိဒတ္တပုဏ္ဏား၏ ကျွတ်တမ်း၀င်မည့်အရေးကို မြင်တော်မူသဖြင့် ထိုရသေ့ ဆရာတပည့်တို့အား ဆုံးမရန် အရှင်မဟာမောဂ္ဂလာန်အား စေလွှတ်တော်မူလေသည်။ အရှင်မဟာမောဂ္ဂလာန်သည် အဂ္ဂိဒတ္တရသေ့ကြီးထံသို့အလာတွင် ထိုရသေ့တို့ နေထိုင် ရာ အရပ်၌ မိမိတန်ခိုးဖြင့် မိုးကြီး သည်းထန်စွာ ရွာစေ၏။ ရသေ့များ တစုတဝေးကြီး ရှိ နေလျှင် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာနိုင်သဖြင့် လူစုခွဲပေးခြင်းဖြစ်၏။ ရသေ့အများက သစ်ခက်ကျောင်းများသို့ အသီးသီး၀င်သွားကြသောအခါ အရှင်မဟာမောဂ္ဂလာန်သည် အဂ္ဂိဒတ္တရသေ့ကြီးထံ ကြွလာပြီးလျှင် တညတာမျှ ကျိန်းစက်ရန် နေရာတောင်း၏။ အဂ္ဂိဒတ္တရသေ့ကြီးသည် အရှင်မဟာမောဂ္ဂလာန်အား တပည့်ရသေ့များ စုပုံထားသော သဲပုံကြီးပေါ်မှာ နေရာပေး၏။ ထိုသဲပုံကြီးကို တန်ခိုးကြီးသော နဂါးကြီးတကောင်က လာရောက်၍ သိမ်းပိုက်ထား လေသည်။ နဂါးမင်းသည် မိမိထံသို့ လာနေသော အရှင်မဟာမောဂ္ဂလာန်အား သတ်ဖြတ်ရန် အခိုး လွှတ်၏။ အရှင်မြတ်ကြီးကလည်း တေဇောကသိုဏ်းကို အာရုံပြု၍ စျာန်သမာပတ်၀င် စားပြီးလျှင် အခိုးလွှတ်၏။ အခိုးနှစ်မျိုးလုံးသည် အရှင်မဟာမောဂ္ဂလာန်အား မနှိပ်စက် ပဲ နဂါးမင်းကိုသာ ပြန်သွားပြီး နှိပ်စက်ကြ၏။ နဂါးမင်း၏ တကိုယ်လုံးတွင် မီးလောင် ထားသကဲ့သို့ ခံစားရ၏။ နံနက်စောစော ရောက်တဲ့အချိန်တွင် ရသေ့တို့သည် "ရဟန်းသေသည် မသေသည်ကို သိကြ ရကုန်အံ့"ဟု ဆိုကာ သဲပုံဆီသို့လာခဲ့ကြ၏။ သဲပုံထက်၌ အရှင်မဟာမောဂ္ဂလာန်သည် ထက် ၀ယ်ဖွဲ့ခွေထိုင်နေလျက် နဂါးမင်းသည်ကား သဲပုံကြီးကို အခွေဖြင့် ရစ်ပတ်ပြီးလျှင် အရှင်မြတ် ကြီးအပေါ်၌ ပါးပျဉ်းကြီးကို မိုးလျက် ဆောင်းပေးနေသည်ကို တွေ့ကြရလေသည်။ ရသေ့တို့သည် အရှင်မဟာမောဂ္ဂလာန်၏ တန်ခိုးအာနုဘော်ကို ချီးမွမ်းအံ့သြကာ အရှင်မြတ် ကြီးကို ခြံရံ၍နေကြကုန်၏။ ထိုစဉ်အခိုက်တွင် ဘုရားရှင် ကြွချီတော်မူလာရာ အရှင်မြတ်ကြီး သည် နေရာမှထ၍ ရှိခိုးကာ မိမိ၏ဆရာဖြစ်ကြောင်း ရသေ့တို့အား ပြောကြား၏။ ရသေ့တို့သည် "ဤသည်ကား တပည့်၏ တန်ခိုးအာနုဘော်သာ ရှိသေး၏။ ဆရာ၏ တန်ခိုး အာနုဘော်ကား မည်မျှကြီးမားမည်နည်း"ဟု အံ့သြချီးမွမ်းကာ ဘုရားရှင်ကို လက်အုပ်ချီမိုး ရှိခိုးကြလေကုန်၏။ ဤတွင်ဘုရားရှင်သည် အဂ္ဂိဒတ္တရသေ့ကြီး၏ အဆုံးအမသြ၀ါဒပေးပုံကို မေးမြန်းတော် မူပြီးလျှင် အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေသတည်း။ ကြောက်ရွံ့ထိပ်လန့်ကုန်သော လူများစွာတို့သည် တောင်တို့ကိုလည်းကောင်း၊ တော တို့ကိုလည်းကောင်း၊ အရံတို့ကိုလည်းကောင်း၊ တောစိုးသစ်ပင် စသော ကိုးကွယ်ရာတို့ ကိုလည်းကောင်း၊ ကိုးကွယ်ကြကုန်၏။ ဤသို့သော ကိုးကွယ်ခြင်းသည် ဘေးကင်းသောကိုးကွယ်ခြင်း မဟုတ်ပေ။ ဤသို့သော ကိုးကွယ်ခြင်းသည် မြင့်မြတ်သော ကိုးကွယ်ခြင်း မဟုတ်ပေ။ဤသို့သော ကိုးကွယ်ခြင်းကို အကြောင်းပြု၍၊ အလုံးစုံသော ဆင်းရဲခြင်းမှ မလွတ်မြောက်နိုင်တော့ပေ။ အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း၊ ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဒုက္ခ၊ ဒုက္ခ၏ ဖြစ်ပေါ် ကြောင်း၊ ဒုက္ခ၏ လွတ်မြောက်ရာ၊ ဒုက္ခ၏ ချုပ်ငြိမ်းရာသို့ ရောက်စေတတ်သော မြတ် သော အင်္ဂါရှစ်ပါးရှိသော မဂ္ဂသစ္စာဟူသော၊ အရိယမဂ္ဂသစ္စာလေးပါးတို့ကို မဂ်ပညာဖြင့် ကောင်းစွာသိနိုင်၏။ ဤသို့သော ကိုးကွယ်ခြင်းသည် ဘေးကင်းသောကိုးကွယ်ခြင်း ဖြစ်၏။ ဤသို့သော ကိုး ကွယ်ခြင်းသည် မြင့်မြတ်သောကိုးကွယ်ခြင်း ဖြစ်၏။ ဤသို့သော ကိုးကွယ်ခြင်းကို အ ကြောင်းပြု၍ အလုံးစုံသော ဆင်းရဲခြင်းမှ လွတ်မြောက်နိုင်၏။ ဒေသနာတော်အဆုံး၌ ရသေ့အားလုံးတို့သည် ရဟန္တာဖြစ်ကြပြီးလျှင် ဘုရားရှင်ထံတော် ၌ ဧဟိဘိက္ခုရဟန်းအဖြစ်ကို ရကြကုန်၏။ ထို့နောက် ထိုရဟန်းများကို ကိုးကွယ် ဆည်း ကပ်ခဲ့ကြသူများ ရောက်လာကြလေရာ အရှင်အဂ္ဂိဒတ္တသည် ကောင်းကင်သို့ အဖန်ဖန်ပျံ တက်၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် ဘုရားရှင်သည် ဆရာဖြစ်၍ မိမိကား တပည့်ဖြစ်ကြောင်း ကြေငြာလေ၏။ ( ဓမ္မပဒ။ ဗုဒ္ဓ၀ဂ် ) (3 Treasures: Buddha, Dhamma & Sangha)မှ လောက၌ ကိုးကွယ်မှု မှန်သမျှသည် လွတ်လပ်ခွင့်ဟု ဆိုသော်လည်း တကယ်တမ်းမှာ လက်တွေ့ကျကျ အန္တရာယ်များ ဖယ်ရှားပေးနိုင်မှု၊ ကိုယ်စိတ် အေးချမ်းမှု၊ ပျံ့လွင့်နေတဲ့ စိတ်များကို တည်ငြိမ်စေမှုစတဲ့ ချမ်းသာများကို လက်တွေ့ကျကျနဲ့ နောင်ဘဝအထိ ဘဝ အာမခံချက် ပေးနိုင်မယ့် အရာ(ဘာသာ)ကိုသာ ရွေးချယ်ပြီး အားကိုးအားထား ပြု၍ ကိုးကွယ်ဆည်းကပ် ယုံကြည်သင့်သည်။ မူရင် credit ပါ


via အလင်းရောင် ဓမ္မ https://ift.tt/2WM6JQY