အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 23, 2019
ဓမ္မအသိဟာ အကောင်းဆုံးအဖော် ▬▬▬▬▬▬▬▬▬▬▬▬▬▬ လူဆိုတာ အဖော်ကင်းပြီး တစ်ယောက်တည်း ရှင်းရှင်းနေနိုင်ဖို့ ခက်တယ်။ တစ်ယောက်တည်းနေရင် … စိတ်ဟာ ဟာတာတာ ခြောက်ကပ်ကပ် ယောင်ချာချာ ဖွာကျဲကျဲ ဖြစ်နေတတ်တယ်။ တစ်ခုခု လိုနေသလိုလည်း ခံစားရတတ်တယ်။ အားမလိုအားမရလည်း ဖြစ်နေတတ်တယ်။ အားငယ်သလိုမျိုး ခံစားရတတ်တယ်။ အားကိုးရာလည်း ရှာနေတတ်တယ်။ အဖော်ရှိမှ ပြည့်စုံကြတယ်။ လုပ်ဖော်ကိုင်ဖက်ရှိမှ အင်အားရှိတယ်။ တိုင်ပင်ညှိနှိုင်း ဆွေးနွေးဖော်ရှိမှ ရဲရင့်တယ်။ ပျော်ရွှင်တယ်။ အားရတယ်။ ကျေနပ်တယ်။ခွန်အားရှိတယ်။ ဒါကြောင့် သိတတ်နားလည်တတ်ခါစ အချိန်ကနေ ကြီးရင့်အိုမင်း ဘဝဆုံးတိုင်အထိ လက်တွဲပေါင်းသင်းကြမည့် အဖေါ်ကောင်းကို ရွေးချယ်ရှာဖွေကြတယ်။ ဒါပေမဲ့ အဲဒီအဖော်ဟာ စိတ်မချရပါဘူး။ သူ့အလိုမကျရင် တစ်ချိန်ချိန်မှာ သစ္စာဖောက် သွားနိုင်တယ်။ ကျောခိုင်းစွန့်ခွာသွားနိုင်တယ်။ သစ္စာရှိရှိ ပေါင်းသင်းဆက်ဆံကြတယ် ဆိုဦးတော့ … နောက်ဆုံးအချိန်အထိ တမလွန် ဘဝအထိ စိတ်ချလက်ချ ပေါင်းသင်းလို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ တစ်ကယ် စိတ်ချလက်ချ ပေါင်းသင်းလို့ ရတဲ့အရာက ဓမ္မအသိပဲ ဖြစ်ပါတယ်။ ဓမ္မအသိဟာ ကိုယ့်အနေနှင့် တန်ဖိုးထား လေးစားစိတ်အပြည့်နဲ့သစ္စာရှိရှိ ပေါင်းသင်း နိုင်ရင် ကိုယ့်အပေါ်မှာ ဘယ်တော့မှ သစ္စာ မဖောက်ပါဘူး။ ဓမ္မအသိဟာ သူကိုယ်တိုင်က "သစ္စာ" အမည်ရထားတဲ့အတွက် ကျင့်သုံးသူ အပေါ်မှာ သစ္စာဖောက်တယ် မရှိပါဘူး။ ကျင့်သုံးသူကို သစ္စာရှိရှိ အစဉ်အမြဲ စောင့်ရှောက်နေမှာပါ။ ဓမ္မဟာ ဘဝကို လှပအောင် ခြယ်မှုန်းပေးတာပါ။ ရပ်တည်မှု ပီပြင်အောင် ထောက်ကူပေးတာပါ။ ဘယ်အရာရှိရှိ မရှိရှိ ဓမ္မအသိရှိနေရင် ဘဝဟာ အရာအားလုံး ပြည့်စုံနေသလိုမျိုး အထိ အားရကျေနပ်မှုကို ဖြစ်စေတာပါ။ ဒီအပြင် ဘဝရဲ့အခက်အခဲ အကြပ်အတည်းနှင့်တွေ့ကြုံလာရင်လည်း ဓမ္မအသိက ပြေလည်အောင် ဖြေရှင်းပေးသွားမှာပါ။ အဖော်မဲ့ အထီးကျန်ခံစားမှုမျိုးလည်း မဖြစ် အောင် တစ်ယောက်တည်း နေတဲ့အချိန်မှာ လွတ်လပ်မှု ကျေနပ်မှု အားရမှု ကြည်နူးမှု ဝမ်းမြောက်မှုတွေ ပြည့်နှက်နေအောင် စွမ်းဆောင်ပေးသွားမှာပါ။ ဓမ္မအသိဟာ ဘဝမှာ စိတ်ချလက်ချ ပေါင်း သင့်တဲ့ မဟာ အဖော်ကောင်းဖြစ်ပါတယ်။ ကောင်းတာကမှ ဘဝဆုံးတိုင် သံသရာ အဆုံးတိုင် အကောင်းဆုံးကနေ မဆုံးနိုင်တဲ့အထိ ကောင်းအောင် စွမ်းဆောင်ပေးသွားမည့် တစ်ကယ့်အဖော်ကောင်းဖြစ်ပါတယ်။ သန့်ရှင်းတဲ့ အဖော်ကောင်း မွန်မြတ်တဲ့ အဖော်ကောင်း စင်ကြယ်တဲ့ အဖော်ကောင်း ကောင်းခြင်းပေါင်းများစွာနှင့် ပြည့်စုံတဲ့ အဖော်ကောင်းစစ်စစ် ဖြစ်ပါတယ်။ ဟဲသိမ်ပတ္တမြားတောင်ဆရာတော် ဦးကောဝိဒ ------------------------------------ မေတ္တာဖြင့်မျှဝေပူဇော်ပါသည် ။ T T•
via အလင်းရောင် ဓမ္မ https://ift.tt/2M9PXqk
Newer Post
Older Post
Home