Monday, September 23, 2019

"အရိုးဆုံး တရားအားထုတ်နည်း" •••••••••••••••••••••••••• ယခု မျက်မှောက်ကာလ မှာ ဝိပဿနာအားထုတ်နည်းမျိုးစုံကို အင်တာနက်စာမျက်နှာ အများစုတွေမှာ အမြောက်အများ ကုသိုလ်ပြုရေးသားချက်များဟာ အမှန်တကယ်ကျင့်ကြံအားထုတ်မဲ့ ဓမ္မမိတ်ဆွေတို့ အတွက် အင်မတန် အဖိုးတန်တဲ့ အထောက်အပံ့တွေဘဲ ဖြစ်ပါတယ်။တကယ့်ကို အားရစရာကောင်းပါလှတယ်။ဆရာတော်ကြီးတွေရဲ့ ဟောပြောဆုံးမတဲ့ သြဝါဒတွေ၊ ပြီးတော့ အမှန်တကယ် လက်လှမ်းမမှီနိုင်တဲ့ ဗုဒ္ဓစာပေတွေဟာ အခုဆို အင်တာနက်စာမျက်နှာတွေမှာ ပြန်နှံ့ နေရာယူနေကြပြီဖြစ်တဲ့အတွက် လေ့လာလိုက်စား၊ ကျင့်ကြံအားထုတ်ကြမဲ့ ပုဂ္ဂိုလ်တွေအဖို့ တော့ ဝမ်းသာစရာတွေချည်းပါဘဲ။ အဲဒီလို တရားထိုင်နည်းတွေ၊ရှုမှတ်နည်းတွေ များစွာ ဖတ်ရှုထားမိတဲ့အလျောက် ခုလို ဓမ္မဒါနပြုလုပ်ပြီး မျှဝေခြင်းဟာ ဓမ္မမိတ်ဆွေတို့ အနေနဲ့ ဖတ်ပြီး အသုံးတည့်ရင်လည်း တည့်သွားနိုင်ပါတယ်။ ဒါကြောင့် လေ့လာဖတ်ရှုထားခဲ့ဖူးတဲ့ တရားအားထုတ်နည်းတွေ ထဲက အရိုးဆုံး တရားအားထုတ်နည်း တစ်ခုကို ကောက်နှုတ်ပြီး ရေးသားဖေါ်ပြလိုက်ပါတယ်။ တရားအားထုတ်တယ် ဆိုတာကတော့..... တရားတာကို အားထုတ်တာပေါ့..နော်။အဲဒီလို တရားအားထုတ်တယ်ဆိုတာက မိမိတို့ ရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ တရားထူးရဖို့ပါ။တရားထူးရရှိဖို ဆိုတော့ ပထမဆုံး အားမထုတ်ခင်မှာ တရားအားထုတ်မဲ့ ပုဂ္ဂိုလ်ဖက်က ပြည့်စုံထားရမဲ့ အကြောင်းတရား (၁၅)ပါးဆိုတာကတော့ သိထားရမဲ့အပြင် ပြည့်စုံနေဖို့ လည်းလိုအပ်ပါတယ်။ မြတ်စွာဘုရားရှင်ဟာ "ကမ္မဋ္ဌာနယောဂီ တောမှီရဟန်း"တို့ကို အကြောင်းပြုပြီး "မေတ္တသုတ္တန်"ကိုဟောကြားတော်မူခဲ့ပါတယ်။ ပါဠိတော်မှာတော့ မေတ္တာပွားလိုသောသူ ဟာ မေတ္တာမပွားခင်ကြိုတင် ကျင့်ကြံအားထုတ် ပြည့်စုံရမယ့် တရား(၁၅)ပါး ကို ဟောကြားတော်မူပါတယ်။ အဲဒီတရားတို့ကို" မေတ္တာပုဗ္ဗဘာဂတရား (၁၅)ပါး" ကို မေတ္တာမပို့ခင် ပြည့်စုံရမည့်တရား(သို့မဟုတ်) ကမ္မဋ္ဌာန်းအားထုတ် သူတို့ အားမထုတ်မှီရှေ့အဖို့ ပြည့်စုံရမည့် တရား-(၁၅)ပါး ဖြစ်ပါတယ်။ ၁။(သက္ကော စ) ကောင်းမြတ်သောအရာတို့ကို ကျင့်ခြင်းငှာစွမ်းနိုင်ရပါမည်။( မိမိသည် သီလကိုဖြည့်ကျင့်သောအခါ ၊သမာဓိကို ဖြည့်ကျင့်သောအခါ၊ ပညာကို ဖြည့်ကျင့် သောအခါ၌ဖြစ်စေ ခိုင်မာပြင်းထန်သော လုံလဝီရိယ ပယောဂ ရှိရပါမည် ) ၂။( ဥဇူ စ ) ဖြောင့်မတ်သောအကျင့်တရား ရှိရမည်။ ကိုယ်နှုတ်နှစ်ပါးဖြောင့်စင်း ရပါမည်။ မိမိ၌ မရှိသော၊ မရှိသောအရည်အချင်းကို ရှိသကဲ့သို့ ပြောဆိုခြင်း မာယာတရားမရှိရ။ ၃။( သုဟုဇူ စ ) တရံတစ်ခါမျှ ကောက်ကွေ့ခြင်းမရှိဘဲ ကောင်းကောင်းကြီး ဖြောင့်မတ်ရမည်။ မနောစိတ် အကြံသည်လည်း ဖြောင့်စင်ရပါမည်။မိမိအပြစ်ပြုမိလျင် ပြုမိပါသည် နောက်တစ်ကြိမ်ထပ်မပြုတော့ ပါဟု ဝန်ခံခြင်း။ ကိုယ်နုတ်စိတ်သုံးပါးလုံး လုံးဝဖြောင့် စင်ခြင်း ဖြစ်ရပါမည်။ ၄။( သုဝေစာ စ) ပညာရှိတို့ကောင်းစွာဆုံးမလွယ်သူ ဖြစ်ရပါမည်။ ပညာရှိသူတော်ကောင်းတို့က ဆိုဆုံးမခဲ့သော် နားလည်လွယ်သူဖြစ် နာခံလွယ်သောသူဖြစ်ရပါမည်။ အကြောင်းသင့် အကျိုးသင့် ရှင်းပြသည်ကို မိမိလက်ခံထားသည်နှင့်ဆန့်ကျင်ဖက်ဖြစ်သော်လည်း လက်တွေ့လိုက်နာကျင့်ကြံသော အားဖြင့်အမှန်ကို ပြောင်းလွယ် ပြင်လွယ်သူဖြစ် ရပါမည်။ ၅။( မုဒု စ ) ကောင်းမြတ်သော အရာတို့၌ နူးညံပြော့ပြောင်းသူ ဖြစ်ရပါမည်။ ရိုသေထိုက်သောအရာတို့၌ ရိုသေသောကိုယ်အမူရာ နှုတ်အမူရာ ရှိရပါမည်။ ကာယကံအမူရာသိမ့်မွေ့နူးညံခြင်း ဝစီကံအမူရာ နှုတ်မကြမ်းတမ်းခြင်း တို့ကို ပြုရပါမည်။ ၆။( အနတိမာနီ စ ) မာန်မာနတက်ကြွခြင်းမရှိစေရ။ မာန်မာန မရှိသူဖြစ်ရပါမယ်။ တရားအားထုတ်သော အခါ မာန်မာန အားလုံးကို ဘေးဖယ်ထားနိုင်ပါမှ ဆရာသမားထံမှ တရားနှင့်လျော်သော ဆုံးမမှုကို ရရှိနိုင်မှာဖြစ်ပါသည်။ ၇။( သန္တုဿကော စ ) မိမိမှာ ထင်ရှားရရှိသော ပစ္စည်းဖြင့်သာ ရောင့်ရဲ တင်းတိမ် ကျေနပ်သောသူ ဖြစ်ရပါမည်။ မိမိမှာရရှိသမျှ နဲ့ ရောင့်ရဲ ရပါမယ်။ အစား အဝတ် အိပ်ရာနေရာ မိမိတို့ရရှိသည့် အတိုင်း(သူတစ်ပါးတို့လှူဒါန်းပေးသည့်အတိုင်း) ကျေနပ် ရောင့်ရဲနိုင်ရပါမည်။ ၈။( သုဘေရာ စ) သူတစ်ပါးတို့ စောင့်ရှောက် မွေးမြုရန်(ပြုစုရန်) လွယ်ကူသောသူ ( ကြေးမများသူ ) ဖြစ်ရပါမည်။ မွေးမြူလွယ်သောသူ ဖြစ်ရပါမယ်။ အချို အငံ အချဉ် အစပ်စသည့် မတောင်းဘဲ နေတတ်ရပါမယ်။မိမိသည်ရရှိသည်နှင့်မျှတပါက ( မိမိကျန်းမာရေးကို မထိခိုက်စေပါက ) သူတပါးတို့ ပြုစုသည့်အတိုင်း သည်းခံနိုင်ရပါမည်။ ၉။( အပ္ပကိစ္စော စ ) ကျင့်ဝတ် တရားအတွက် မလိုအပ်သည့် အပိုကိစ္စများ နည်းပါး သောသူဖြစ်ရပါမည်။ တရားအားထုတ်ခြင်းအပြင် အခြားဗာဟိရ အလုပ်မရှိဘဲ အလုပ်ကိစ္စ နည်းသူဖြစ်ရပါမည်။ ၁၀။( သလ္လဟုကဝုတ္တိ ) ပေါ့ပါးလွယ်ကူသောအသက်မွေးခြင်းရှိသူ ဖြစ်ရပါမည်။ ယောဂီပုဂ္ဂိုလ်ဟာ ငှက်သည် ပျံသန်းလိုသည့်အခါ မိမိအတောင် တစ်ခုတည်းဟူသော ပေါ့ပါးသောဝန်ရှိ သကဲ့သို့ မိမိသည်လည်း မိမိလိုအပ်သလောက်သာအသုံးအဆောင် အနည်းငယ်သာ ရှိရပါမည်။ ၁၁။( သန္တိန္ဒြိယော စ ) ငြိမ်သက်တည်ကြည်သော ဣနြေ္ဒရှိရပါမည်။ ငြိမ်သက်သော မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊ စိတ် ရှိရပါမည်။ ၁၂။( နိပေကာ စ ) အပြစ်ကင်းသော အရာတို့၌ ရင့်ကျက်သော ကောင်းစွာသိမြင် ကျွမ်းကျင်လိမ္မာသော ဉာဏ်ပညာရှိသူ ဖြစ်ရပါမည်။ မိမိသည် ဤကားကုသိုလ်တရား၊ ဤကားအကုသိုလ်တရားဟု ကောင်းစွာ ခွဲခြားနိုင်သော ရင့်ကျက်သောပညာရှိသူ ဖြစ်ရပါမည်။ မိမိ အားထုတ်မည့်တရားကို ဆရာသမားထံမှာစနစ်တကျသင်ယူထားပြီး ဖြစ်ရပါမည်။ ၁၃။( အပ္ပဂဗ္ဘေ) ကိုယ်နှုတ်စိတ် သုံးပါးလုံးမကြမ်းတမ်းသူ ဖြစ်ရပါမည်။ မိမိ ကြောင့် တစ်ပါးသူ အနှောက့်ယှက် ဖြစ်ခြင်း(စုပေါင်း၍တရားထိုင်သောအခါ မိမိအကြောင်းကိစ္စကြီးငယ်ကြောင့်ထသွားသောအခါ သူတပါးအနှောက်အယှက်ဖြစ်စေသည် မိမိခြေသံ ပြင်းခြင်း စသည့်) တို့ကိုမပြုလုပ်ရပါ။ ၁၄။( ကုလေသွအနနုကိဒ္ဓေါ ) တွယ်တာ ငြိကပ်ခြင်း ကင်းရပါမည်။ မိမိဒယာကာ ဒယာကာမ တို့အပေါ်၌ တွယ်တာခြင်း။ မိမိ မိသားစု မိတ်ဆွေ တို့အပေါ်၌ ငြိကပ် နေခြင်း တို့မဖြစ်ပေါ်စေရပါ။ ၁၅။( န စ ခုဒ္ဒ မာစရေ ကိဥ္စိ၊ ယေန ဝိညူ ပရေ ဥပဝေဒေယျုံ ) ပညာရှိတို့ စွပ်စွဲကဲ့ရဲ့မည့် အရာမှန်လျင် တစုံတစ်ရာ အနည်းငယ်မျှမပြုကျင့်ရ... ဆိုတဲ့ အချက်များ နဲ့ ဦးစွာပြည့်စုံထားရပါမယ်။ အခု "တရား စထိုင်တယ်"ဆိုပါစို့ ။ အဲဒီလို ထိုင်နေတဲ့အခါမှာ ကိုယ့်ရဲ့ လက်မ ထိပ် နှစ်ခုကို ထိထားပါ။ အခြားပုဂ္ဂိုလ်တစ်ယောက်ကလည်း မိမိ လို ဘဲ လက်မ ထိပ်ခြင်းထိထားပါတယ်။ အဲဒီပုဂ္ဂိုလ် လက်မထိပ်ခြင်း ထိထားတယ်နော်။ အဲဒီထိထားတဲ့နေရာကို စိတ်နှင့် အာရုံပြုကြည့်လိုက်ပါ။ ဘာကိုသိရသလဲ?... ဘယ်လိုအာရုံမျိုး၊ ဘယ်လို ခံစားမှုမျိုးလဲ?... ထိထားတဲ့ နေရာကိုဘဲ အာရုံပြုပါ။အဲဒီနေရာက နွေးနေတယ်နော်။ ဒါပေမဲ့ သေသေချာချာသတိကို ကပ်၊ စိတ်ကို ညွှတ်ပြီး ကြည့်လိုက်တဲ့ အခါ မှာ အဲဒီနေရာမှာ လှုပ်နေတာတစ်ခုခုရှိနိုင်သလား? ရှိနေပါသလား? မိမိကိုယ်တိုင်လည်း ဖြစ်နေ၊သိနေတယ်နော်။ တစ်ခြားအဲဒီလို လက်မထိပ် နှစ်ခုထိထားတဲ့ တစ်ခြားပုဂ္ဂိုလ်မှာလည်း ဒီအတိုင်းဘဲ ခံစားရတာ။ အတူတူဘဲ။ လှုပ်တာကို သိနေတယ်။ လှုပ်တာလေး... ရှိတယ်နော်။ သေသေချာချာ သတိ ထားပြီး ကြည့်လို့ရှိရင် အဲဒီမှာ ကြည့်လို့ရပါတယ်။ တော်တော်တော့ သိမ်မွေ့ပါတယ်။ ဒါပေမယ့် သိတယ်။အဲဒီနေရာမှာ သွေးခုန် နေတာရှိပါတယ်။ ပြီးတော့ တုန်နေတယ်။ ဒုတ်၊ ဒုတ် နဲ့ တုန်နေမှန်းသိလို့ရပါတယ်။ သူက ပိုတောင် သိမ်မွေ့ပါသေးတယ်။ အဲဒီလို ပိုပြီးတော့ သိမ်မွေ့တာကို သိ လေလေ၊ "သတိ" ပိုကောင်းလေလေ၊ "သမာဓိ" ပိုကောင်းလေလေပါဘဲ။ ပထမတော့ အကြမ်းစားကို သိရတာဘဲ။ အကြမ်းစားကို သိနိုင်တဲ့သမာဓိ နဲ့  သိမ်မွေ့တာကို သိနိုင်တဲ့သမာဓိဆိုရင် သိမ်မွေ့တာကို သိနိုင်တဲ့ သမာဓိကပိုကောင်းပါတယ်။ အကြမ်းစားကိုသိတဲ့ သတိ နဲ့ သိမ်မွေ့တာကို သိတဲ့ သတိ နဲ့ ဆိုရင် သိမ်မွေ့တာကို သိတဲ့ သတိက ပိုပြီးအားကောင်းပါတယ်။ အဲဒီတော့ သိမ်မွေ့တဲ့ အာရုံကို ပိုပြီးတော့ ဂရုစိုက်ပြီးတော့ ပိုပြီးတော့၊အလေးထားပြီးတော့၊ စိတ်ကလေး နဲ့  သေသေချာချာကပ်ပြီးတော့ သိနေဖို့လိုတာပါဘဲ။ ဘာမှ မခက်ပါဘူး။ ဒီလိုသိနေလို့ရှိရင် လုံးဝအတွေးအတော မရှိတော့တဲ့အခါမှာ ဒီ သိရတဲ့အာရုံကို ငါလို့မထင်တော့ပါဘူး။ ပထမတော့ ငါ့လက်က ပူနေတာ လို့ ဒီလိုထင်တာကိုး။"ငါ့...လက်...ပူ.... " သုံးခုကတွဲထားတယ်။ နောက်တော့.. သတိအင်မတန်ကောင်းလာတဲ့အခါမှာ၊ လုံးဝအတွေးအတောမရှိတဲ့အခါမှာတော့.. ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ.. ငါလည်း မဟုတ်တော့ဘူး၊ လက်လည်း မဟုတ်တော့ဘူး။ ပူတာဘဲ ရှိတော့တယ်။ ငါဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ လက်ဆိုတဲ့ ပညတ်လည်း ကွာသွားပြီ။ ပူတယ်ဆိုတဲ့ သဘာဝခံစားနေတဲ့အာရုံ လေးတစ်ခုကိုဘဲ သိနေရတော့တာပါဘဲ။ အဲဒီလို ငါလည်း မဟုတ်၊ လက်လည်းမဟုတ်ပဲ နဲ့ ပူတာကိုသိတဲ့အချိန်မှာ သူဟာ "ပရမတ္ထ"ကို သိတာဘဲ။ ပညတ် မပါတော့ဘူး။ ငါပူတာမဟုတ်တော့ဘူး။ လက်ပူတာ မဟုတ်တော့ဘူး။ ပူတာဟာ ပူတာဘဲ။ သူ့ဟာသူဘဲ။ အဲဒီလိုသိရင်ကိုဘဲ "ရုပ်ကို ရုပ်" လို့ သိလိုက်တာဘဲ။ ရုပ်ကို ငါလို့မထင်တော့ဘူး။ ရုပ်ပေါ်မှာ ငါဆိုတဲ့ အထင်အမြင်မှားမှုဟာ ပျောက်သွားပြီ။ ဒါဟာ ပြောပြတော့ ရိုးရိုးလေး နဲ့ လွယ်လွယ်လေး..နော်။ အာရုံက ရိုးရိုးလေးနော်။ ဘာမှ မဟုတ်ဘူး။ ပူတဲ့အာရုံလေး သို့မဟုတ်ရင် လှုပ်နေတဲ့အာရုံလေး.. ပါဘဲ။ ဒီဟာလေးအပေါ်မှာ စိတ်ကလေးကို တည့်တည့်လေးထားပြီးတော့ သိသိ၊ သိသိနေတဲ့အခါမှာ လုံးဝအတွေးလည်း ကင်းသွားပြီ။ ပညတ်လည်း စိတ်ထဲမှာ မထင်တော့ဘူး။ သူ့ကို နာမည်လည်း မတပ်တော့ဘူး။ လက်ရဲ့  ပုံသဏ္ဍာန်ကြီးကိုလည်းဘဲ စိတ်ထဲက အာရုံမပြုတော့ဘူးဆိုရင် တည့်တည့်သိတဲ့အချိန်မှာ ငါလည်း မရှိဘူး၊ လက်လည်း မရှိဘူး။ ပူတာဘဲရှိတော့တယ်။ ငါမရှိဘူး၊ လက်မရှိဘူး။ လှုပ်တာဘဲ ရှိတော့တယ်။ အဲဒီတော့ ပစ္စုပ္ပန်တကယ်တည့်တဲ့အချိန်မှာ ပညတ်မပါပဲ နဲ့ ပရမတ်ကို တကယ်တည့်တည့်သိတဲ့အချိန်မှာ အဲဒီလိုဘဲ အမှန်ကို သိတာပါဘဲ။ သိပ်ပြီး ခဲခဲယဉ်းယဉ်းကြီးလည်း မဟုတ်ဘူးဆိုတာ သိလာမှာပါ။ အဲဒီတော့ အဲဒီ အာရုံက အင်မတန်ရိုးတယ်။ သိပုံလေးကလည်း အင်မတန်ရိုးတယ်။ ဆန်းဆန်းကြယ်ကြယ်မဟုတ်ဘူးနော်။ ဒါပေမယ့် အဲဒီလိုသိလို့ ဖြစ်ပေါ်လာတဲ့ အသိဉာဏ်ကတော့ အင်မတန်နက်နဲတယ်။ ဒီလို အနတ္တဆိုတဲ့ သဘာဝ ကို ပြောရတာ ကြားရလို့၊ စာအုပ်ထဲမှာ ဖတ်ရလို့သိပုံ နဲ့  အခုလို တကယ်ဖြစ်နေတာလေးကို အတွေးမပါပဲ နဲ့  တည့်တည့်သိတဲ့အခါမှာ သိလိုက်ရတဲ့အချိန်မှာ စိတ်ထဲမှာ အင်မတန် အားရကျေနပ်မှုဖြစ်လာတယ်။ တခါတလေ အင်မတန်ထူးဆန်းတယ်လို့တောင်ထင်တယ်။ ဟာ....ဘယ်လိုဖြစ်သွားတုန်းလို့။ ဒီလိုထင်သွားတယ်နော်။ အမြဲတမ်း ငါ....ငါ.....ငါ....ဆိုပြီးတော့ စွဲလာတဲ့ အစွဲကြီးဟာ အဲဒီအချိန်မှာ ခဏလောက် ပျောက်သွားတယ်။ သိတဲ့စိတ်ကလေးရှိတယ်။ သိနေရတဲ့ ပူတဲ့အာရုံ၊ သို့မဟုတ် လှုပ်တဲ့အာရုံလေးဘဲရှိတယ်။ ကျန်တာဘာမှ မရှိတော့ဘူး။ အဲဒီလို ခံစားမှုဖြစ်နေတာဟာ အင်မတန်ထူးဆန်းတယ်။ အဲဒီအချိန်မှာ ဖြစ်နေတဲ့အသိဉာဏ်ဟာ အင်မတန်နက်နဲတယ်။ ရိုးတဲ့အာရုံ၊ သိတာလည်းဘဲ ရိုးရိုးလေးသိတယ်။ သို့သော်လည်း ဖြစ်ပေါ်လာတဲ့အသိဉာဏ်က အင်မတန်ကြီးကျယ်တယ်။ အင်မတန် နက်နဲတယ်။ ဒါကြောင့် တရားအားထုတ်လို့ ဖြစ်ပေါ်လာတဲ့အသိဉာဏ်ဟာ ဆန်းဆန်းပြားပြား မဟုတ်တော့ဘူး။ ဘာမှစိတ်ပညာတွေ နဲ့ ဆန်းစစ်ဖို့ လုပ်နေစရာမလိုဘူး။ တွေးစရာ၊ ကြံစရာ ဘာမှ မရှိဘူး။ တိုက်ရိုက်သိတဲ့ ဉာဏ်လေး ဖြစ်လာတာဘဲရှိတယ်။ အင်မတန်နက်နဲတယ်။ အင်မတန်ရိုးတယ်။ အင်မတန်ရှင်းပါတယ်။ အဲဒီတော့ အဲဒီလို ရိုးရိုး နဲ့ နက်နက်နဲနဲသိအောင်ကိုဘဲ တရားအားထုတ်ရတာပါဘဲ။ ဘာမှ ဆန်းဆန်းပြားပြား ရှာဖို့ သိဖို့ ကြိုးစားနေတာမဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့သဘာဝကို အမှန်အတိုင်းသိဖို့ဘဲ ကြည့်နေတာပါဘဲ။ အဲဒီလိုဘဲ ခန္ဓာကိုယ်မှာ ဖြစ်သမျှ တခြားဘယ်လိုအာရုံမျိုးကိုဘဲဖြစ်ဖြစ် သတိလေးနှင့် သေသေချာချာကပ်ပြီးတော့ ကြည့်တဲ့အခါမှာ အမြဲတမ်းဘဲ သူ့သဘော နဲ့ သူဟာသူ ဖြစ်နေတယ်ဆိုတာ ကြာလေ ပိုထင်ရှားလေ၊ ကြာလေ ပိုထင်ရှားလေ ဖြစ်လာတယ်။ကိုယ်က လုပ်ယူနေတာ တစ်ခုမှ မပါဘူးဆိုတာ လက်တွေ့မြင်လာပါလိမ့်မယ်။ အင်မတန် သတိကောင်းတဲ့သူဟာ ဒီအာရုံကို သိနေတဲ့စိတ်ကိုလည်း သူသိနေတယ်။ လှုပ်နေတာကို သိတယ်။ အဲဒီလှုပ်နေတာကို သိတဲ့စိတ်ကိုလည်း သိတယ်။ အလေ့အကျင့်များလာရင် ဒီလိုဘဲ သိလာတာဘဲ။ ပထမတော့ အာရုံကိုဘဲသိတယ်။ စိတ်ကိုမသိဘူး။ နောက် အင်မတန် သတိသမာဓိကောင်းလို့ အလေ့အကျင့်များလာတဲ့အခါမှာ ဖြစ်ပေါ်နေတဲ့ အာရုံကိုလည်း သိတယ်။ အဲဒီအာရုံကို သိတဲ့စိတ်ကိုလည်း သိတယ်။ ဒီလိုနဲ့ဘဲ ဆက်ပြီးတော့ ကြည့်သွားလို့ရှိရင် ဒီသိတဲ့စိတ်ကလည်းဘဲ သူသိတဲ့သဘောလေးသက်သက်ပဲ ဆိုတာကို မြင်တယ်။ သူလည်းဘဲ အမြဲတမ်းမရှိဘူး။ ရှိချင်တဲ့အခါရှိတယ် နော်။ တခါတလေ သတိမေ့တဲ့အခါမှာ၊ မောဟအားကြီးနေတဲ့အခါမှာ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့အာရုံကို မသိဘူး။ အဲဒီတော့ သိတဲ့စိတ်ကို ပြန်ကြည့်တဲ့အခါမှာလည်းဘဲ ငါသိတယ်ဆိုတဲ့ အထင်ဟာ မပါလာတော့ဘူး။ သိတဲ့သဘောလေးကဘဲ သိတယ်ဆိုတာလေးကို ကိုယ့်ဉာဏ်မှာ ရှင်းရှင်းလင်းလင်းပေါ်လာတယ်။ သိနေရတဲ့ ရုပ်ကိုလည်းဘဲ... ငါပူတယ်၊ ငါလှုပ်တယ်၊ ငါညောင်းတယ်၊ ငါနာတယ်လို့ ဒီလိုမထင်တော့ဘူးနော်။ ပူတဲ့သဘောလေးက သူ့ဖာသာသူ ပူတာပါဘဲ။ သိတဲ့သဘောလေးကလည်း သူ့ဖာသာသူ သိတာပါဘဲ။ ရိုးရိုးလေးဘဲ။ လှုပ်တဲ့သဘောကလည်း သူ့ဟာသူ လှုပ်တဲ့ သဘောလေးရှိတယ်။ သိတာကလည်း သူ့ဟာသူ သိတာပါဘဲ။ အဲဒီတော့ ဘယ်အရာကိုကြည့်ကြည့် သဘာဝအဖြစ်နဲ့ဘဲမြင်တယ်။ ပုဂ္ဂိုလ်သတ္တဝါ အဖြစ်နှင့် မမြင်တော့ဘူး။ အဲဒီ ဉာဏ်ဆိုတာ နဲနဲနောနောဉာဏ် မဟုတ်ဘူးနော်။ နာမ်ရုပ်ကို ပိုင်းခြားပြီးတော့ သိတဲ့ဉာဏ်ဖြစ်သွားပြီ။ လောကီကိစ္စတွေမှာ၊ Philosophy ( စိတ်ပညာ )စာအုပ်တွေဘာတွေ ဘယ်လောက်ပဲ နက်နက်နဲနဲ ကြီးကျယ်တာတွေ လေ့လာဖတ်ရှုနေအုံးတော့၊ ဒီလောက်နက်နဲတဲ့ ဉာဏ်မျိုးကို ရဖို့က လုံးဝမလွယ်ဘူး။ အတွေးလေး နဲ့ တင်ဘဲ သိရတာကိုး။ အထင် နဲ့ ဘဲ သိရတာကိုး။ အခုဟာက အတွေးမပါဘူး။ အထင်မဟုတ်ဘူး။ တကယ်ဖြစ်နေတာကို တိုက်ရိုက်ကြည့်ပြီး သိရတာမို့လို့ အင်မတန် နက်နဲကြီးကျယ်တဲ့ဉာဏ်ဖြစ်တယ်။ အဲဒီ ဉာဏ်မျိုးကို ရတဲ့သူဟာ နဂိုတုန်းက သူသိထားတဲ့ အသိအမြင်၊ အထင်မှားမှုတွေဟာ အများကြီး ပျောက်ကုန်ပါတယ်။ သူ့ရဲ့  Personality( နဂို အရင်ကစိတ် ရှိတဲ့ပုံစံ ) ပါ တခါတည်း ပြောင်းလဲသွားနိုင်တယ်။ သူ့ ရဲ့ အသိဉာဏ်ပါ ပြောင်းလဲသွားနိုင်တယ်။ အတွေးအခေါ်နဲ့ ရတဲ့ အသိဉာဏ်ဟာ Personality ( နဂို အရင်ကစိတ် ရှိတဲ့ပုံစံ )အပြောင်းအလဲကို တကယ်မဖြစ်စေနိုင်ပါဘူး။ ဒီလို တိုက်ရိုက်ကြည့်ပြီးတော့ သိလာတဲ့ အသိဉာဏ်ဟာဖြင့် လူတစ်ယောက် ရဲ့ Personality ( နဂို အရင်ကစိတ် ရှိတဲ့ပုံစံ )ကိုအများကြီး ပြောင်းလဲသွားစေပါတယ်။ ဒါကတော့ အနောက်နိုင်ငံကပြောတဲ့ Personality ( နဂို အရင်ကစိတ် ရှိတဲ့ပုံစံ )ဆိုတဲ့ စကားလုံးကို ယူပြီးတော့ သုံးလိုက်ရတာပါ။ လူ့ရဲ့  စိတ်နေသဘောထား၊ အပြုအမူ၊ အသိအမြင် ပြောင်းလဲသွားတာ။ ပြောင်းလဲတာမှ တကယ်ကို သိသိသာသာကြီးကို ပြောင်းလဲသွားတာဘဲ။ တကယ်ကို ပြောင်းပြန်ပြန်မလာနိုင်လောက်အောင် ပြောင်းလဲသွားနိုင်ပါတယ်။ ထိထိရောက်ရောက် ကြိုးစားခဲ့လို့ .. တကယ်လည်းပြောင်းလဲခဲ့တာ ကြုံဖူးပါတယ်။ အဲဒီတော့ တရားအားထုတ်တာတွေမှာ နည်းအမျိုးမျိုး နဲ့ အားထုတ်တာတွေ ရှိပေမယ့်..... ဒီပစ္စုပ္ပန်မှာဖြစ်နေတဲ့၊ ခန္ဓာကိုယ်မှာဖြစ်နေတဲ့ သဘာဝတရားတွေကို အတွေးမပါ၊ ပုံသဏ္ဍာန်မှန်းဆမှုမပါဘဲ နဲ့ တိုက်ရိုက်သိနိုင် တဲ့ ဒီတရားအားထုတ်တဲ့နည်းဟာဖြင့် အရိုးဆုံး၊ သဘာဝအကျဆုံး၊ အထိရောက်ဆုံးဖြစ်တယ် လို့ ဆိုချင်ပါတယ်။ အကောင်းဆုံးပါဘဲ။ Simple( အလွယ်ကူဆုံး ) ဖြစ်တယ်။ Natural( သဘာဝအကျဆုံး ) ဖြစ်တယ်။ Effective( အထိရောက်ဆုံး ) ဖြစ်တယ်။ ပြီးတော့ Simple( အလွယ်ဆုံး ) ဖြစ်မှကောင်းပါတယ်။ သိပ်ပြီးတော့ Complicated( ခက်ခဲမှု) ဖြစ်လာရင်၊ ရှုပ်ထွေးကုန်တာမို့လို့ လုပ်ရတာ အဆင်မပြေတော့ပါဘူး။ ပင်ပန်းပါတယ်။ ရေရှည်မလုပ်နိုင်ပါဘူး။ တမင်တကာလုပ်ယူရတာမဟုတ်တဲ့ ရိုးရိုးလေးဖြစ်နေတဲ့၊ သဘာဝတရားကို ရိုးရိုးလေးဘဲ သတိလေး နဲ့ ကပ်ပြီးတော့ ကြည့်ပြီးတော့ သိနေဖို့ဘဲလိုတာပါဘဲ...။ ဒါဟာ.. အရှင်းဆုံး....အရိုးဆုံး တရားအားထုတ်နည်းပါဘဲ.. လို့ တင်ပြရင်းဓမ္မဒါန ပြုလိုက်ပါတယ်။ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။ ( ခန္ဓာ-၅ပါးတစ်ဦး ) ••••••••••••••••••••••••••••••• လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး) ကိုးကား-ဖားအောက်တောရဆရာတော် ဘဒ္ဒန္တအာစိဏ္ဏဟောကြားတော်မူသော တရားထူး တရားမြတ်ကို ရရှိစေရန် ပြည့်စုံစေရမည့် အကြောင်း စာမျက်နှာ နှင့် "ဆရာတော် ဦးဇောတိက"ဟောကြားသော အရိုးဆုံးတရားအားထုတ်နည်းတို့ မှ ကောက်နှုတ်ပြီးhttp://yatanavasatemple.ning.com/မှတင်ပြပါသည်။ *ခန္ဓာ ၅ ပါးတစ်ဦး* ထံမှ ကူးယူမျှဝေ ပူဇော်ပါသည်။


via အလင်းရောင် ဓမ္မ https://ift.tt/30eFkMF