အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, January 11, 2020
တုန်လှုပ်မှု မရှိအောင်နေပါ။ ဘယ်လိုလောကဓံ လေပြင်းမုန်တိုင်းတွေဘဲ တိုက်တိုက် လာဘ အလာဘ လာဘ်ရသည်ဘဲဖြစ်စေ မရသည်ဘဲဖြစ်စေ နည်းနည်းမှ မတုန်လှုပ်ဘူး။ စီးပွားဥစ္စာ ရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ မရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ မကောင်းဘူးလား။ သိပ်ကောင်းတယ်။ အခြံအရံများသည်ဖြစ်စေ မများသည်ဖြစ်စေ ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ သိပ်ကောင်းတယ်နော်။ သူတစ်ပါးတို့ ကဲ့ရဲ့သည်ဖြစ်စေ သူတစ်ပါးတို့ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့ခြင်းကြောင့်လည်း စိတ်ထဲတုန်လှုပ်ခြင်းမရှိဘူး။ ချီးမွမ်းခြင်းကြောင့်လည်း စိတ်ထဲမှာ တုန်လှုပ်ခြင်း ဝမ်းသာခြင်း ဘယ်တော့မှ မဖြစ်ဘူးတဲ့။ သိပ်ကောင်းတယ်နော်။ ချမ်းသာတဲ့ ဝေဒနာတွေနဲ့တွေ့ရလို့ ဒုက္ခဆင်းရဲတဲ့ ဝေဒနာတွေနဲ့တွေ့ရလို့ စိတ်ထဲ တုန်လှုပ်မှု မဖြစ်ဘူး။ ချမ်းသာတာနဲ့တွေ့ရလို့ စိတ်ထဲစွဲမက်မှုတွေ မဖြစ်ဘူး။ ဆင်းရဲတဲ့ ဝေဒနာတွေ တွေ့ရသော်လည်း စိတ်ထားဖောက်ပြန်မှုတွေ နည်းနည်းမှမဖြစ်ဘူး။ သိပ်ကောင်းပါတယ်။ အဲ့ဒီလို လောကဒဏ် လေပြင်းမုန်တိုင်းတွေကြောင့် တုန်လှုပ်ခြင်းမရှိဘဲအလည်ခေါင်မှာ စိတ်ကို ငြိမ်ဝပ်စွာထားနိုင်တဲ့ စိတ်ထားလေးတစ်ခုကို တာဒိဂုဏ်လို့ ခေါ်ပါတယ်။ အဲ့ဒီ တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့ အဆင့်ရောက် အောင် ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်က ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။ ဒီလိုဆိုရင် ဒီပဋိပတ် တရားတော်က ဘုရားရှင်ရဲ့ အစ အလယ် အဆုံးဆိုတဲ့ ကောင်းခြင်းဂုဏ်နဲ့ပြည့်စုံတဲ့ တရားတော်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီပဋိပတ် ကျင့်စဉ်တရားတွေက သိပ်အားရဖို့ ကောင်းပါတယ်။ သီလကျင့်စဉ်ကို တကယ် လက်တွေ့ ကျင့်တယ်။ သမာဓိကျင့်စဉ်ကို တကယ် လက်တွေ့ကျင့်တယ်။ ပညာကျင့်စဉ်ကို တကယ် လက်တွေ့ကျင့်တယ်။ ကျင့်နေတဲ့ ပုဂ္ဂိုလ်လည်း ချမ်းသာတယ် တစ်ဖက်သား ပုဂ္ဂိုလ်တွေလည်း ထိခိုက်မှု နစ်နာမှုရှိသလား။ မရှိဘူး။ သိပ်ကောင်းတယ်နော်။ ဒါကြောင့် ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်သည် … အားလုံးအစွန်းတွေ လွတ်နေအောင် ဟောထားတဲ့ တရားတော်မို့ သွာက္ခာတ ဂုဏ်နဲ့ ပြည့်စုံတဲ့ တရားတွေဖြစ်ပါတယ်။ ဖားအောက်တောရဆရာတော် Via - Parallel
via အလင်းရောင် ဓမ္မ https://ift.tt/39WQ6s8
Newer Post
Older Post
Home