အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, January 8, 2020
💖 နတ်တွေရည်မှန်းတဲ့ မြင့်မြတ်သည့် ကောင်းရာသုဂတိဘုံ 💖 နတ်ဘ၀တစ်ခုမှာ နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ လျှော်ဖွတ်ရတယ် မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို... ပူလို့ အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်းသန့်ပြန့် နေတယ်။ သို့သော် ပန်းတွေ ညိုးလာတယ်၊ ခန္ဓာကိုယ်က စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက် ဖြစ်လာတယ်။ ချွေးတွေထွက်လာတယ်ဆိုရင် သူတို့ သေခါနီးပြီဆိုတဲ့ sign ပြတာလို့ ခေါ်တယ်။ အဲဒီလို အခြေအနေတွေ ပေါ်လာတဲ့ နတ်တွေကို.. မိတ်ဆွေနတ်တွေက နန္ဒ၀န်ဥယျာဉ်ထဲကို ဆွဲခေါ်သွားပြီးတော့ အားပေးစကား (၃)ခွန်း ပြောဆိုမှာကြားတယ်။ အေး.. ဘာမှမစိုးရိမ်ပါနဲ့ (၁) ဒီဘ၀က သေသွားလို့ရှိရင် အကောင်းဆုံး “လူ့ဘုံ”ကို ရောက်အောင် သွားပါ။ (၂) အကောင်းဆုံးလက်ဆောင် “သဒ္ဓါတရား”ကို ရအောင်ယူလာပါ။ (၃) အဲဒီ ရထားတဲ့ “သဒ္ဓါတရားကို ခိုင်မာအောင်” သဒ္ဓါစွမ်းအားကို အကြောင်းပြုပြီးတော့ ကုသိုလ်များများလုပ်ပါ။ ဆိုတဲ့... စကား (၃) ခွန်းကို ပြောလိုက်ပြီး တို့နတ်ပြည်ကို ပြန်လာပါလို့ မှာကြားကြတယ်။ အဲဒါကြောင့် သဒ္ဓါစွမ်းအားရဲ့တန်ဘိုးကို နတ်တွေက ပိုသိကြတယ်။ လူ့ပြည်ရဲ့တန်ဘိုးကို နတ်တွေက ပိုသိကြတယ်။ လူ့ပြည်မှာ ဘုရားရှိတယ်၊ တရားရှိတယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်နိုင်တယ်။ ဘုရား၊ တရား၊ သံဃာ ရတနာ (၃)ပါး ရှိတဲ့အတွက်ကြောင့် လူ့ပြည်မှာ ကုသိုလ်ကောင်းမှုလည်း ရှိတယ်။ နတ်ပြည်မှာကျတော့.. အခွင့်အလမ်း မသာဘူး။ သီလဆောက်တည်ဖို့ ဆိုတာလည်း မသေချာ၊ သင်္ကန်းကပ်ခြင်း၊ ဆွမ်းကျွေးခြင်း၊ ကျောင်းဆောက်လှူခြင်း ဆိုတာတွေကိုလည်း လုပ်လို့ မရဘူး။ လူ့ပြည်မှာက ကုသိုလ်ကောင်းမှုတွေ အကုန်လုံး လုပ်နိုင်တယ်။ ဒါကြောင့် သူတို့က လူ့ပြည်ကို “ကောင်းရာသုဂတိဘုံ”လို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း မိမိရထားသော လူ့ဘ၀ကို အကျိုးရှိအောင် အသုံးချ ကျင့်ကြံအားထုတ်နိုင်ကြပြီး မမေ့သောသတိ၊ မလျော့သော လုံ့လဝီရိယဖြင့် ကြိုးစားကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း ...။ အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ ဟောကြားသော ... "မြတ်သောဥစ္စာ စုဆောင်းပါ"တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ (ဓမ္မလက်ဆောင်)
via အလင်းရောင် ဓမ္မ https://ift.tt/39SjBvi
Newer Post
Older Post
Home