Tuesday, January 7, 2020

❝ အို သည့် တိုင်အောင် ကောင်းသည် ❞ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ပြန်တင်၍ တရားပူဇော်အပ်ပါသည် အိုသည့်တိုင်အောင် ကောင်းသည်ဆိုတာ “သီလ “ ပါပဲ။ သီလ ဆိုသည်မှာ စည်းကမ်းပါ။ ကိုယ်အမူအရာနဲ့ နုတ်အမူအရာတွေကို စောင့်ထိန်းတဲ့ .. စည်းကမ်း ဖြစ်ပါတယ်။ သီလကောင်းတဲ့ လူဟာ အပြစ်ကင်းပါတယ်။ အပြစ်ကင်းလျှင် သုခ ချမ်းသာ ဆိုတဲ့ အကျိုးတွေ ရရှိနိုင်တာကြောင့်၊ မိမိကိုယ် မိမိ(confident) ယုံကြည်ခြင်းကိုလည်း ဖြစ်စေပါတယ်။ မိမိဘ၀ကို ယုံကြည် စိတ်ချမှု ရှိနေတဲ့ပုဂ္ဂိ ုလ်ဟာ .. သေလည်း သေရဲပါတယ်။ နေလည်း နေရဲပါတယ်။ သီလကောင်းရင် .. ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် စွတ်စွဲခြင်း၊ မိမိကိုသူတစ်ပါး စွတ်စွဲခြင်း၊ ဘေးမှလည်း ကင်းဝေးစေသောကြောင့် စိတ်က အမြဲတမ်း ကြည်လင် နေစေပါတယ်။ စိတ်ကြည်လင်တဲ့ အတွက်ကြောင့် ရုပ်ပါ ကြည်လင်လာစေ ပါတယ်။ ရုပ်ကို စိတ်က .. အစဉ်သဖြင့် ပြောင်းလဲစေပါတယ်။ လူတို့ရဲ့ ခန္ဓာကိုယ် တကိုယ်လုံးဟာ သွေးများနဲ့လည်ပတ်နေပါတယ်။ စိတ်ရဲ့ ပြောင်းလဲမှု့ကြောင့် နှလုံးသွေးကလည်း ပြောင်းလဲလာပြီး မျက်နှာအနေ အထားလည်း ပြောင်းလဲလာတတ် ပါတယ်။ နှလုံးသွေးဟာ ဥာဏ်၀င်တဲ့အခါ ပတ္တမြားရောင် တောက်ပါတယ်။ သဒ္ဓါ ၀င်တဲ့အခါ ရွှေရောင် တောက်ပါတယ်။ ရာဂ ၀င်လျှင် နီတတ် ပါတယ်။ မောဟ၀င်တော့ နီကျဲကျဲပါ။ ဝိတက်၀င်တော့ ဖြူကြဲကြဲ အရောင်ဖြစ်ပါတယ်။ ဒေါသ၀င်ရင် မဲပါတယ်။ ဒါကြောင့် စိတ်တိုတဲ့ အချိန်ဆိုရင် မျက်နှာပေါ်တွင် .. မဲပုတ် နေတတ်ပါတယ်။ အဲဒါဟာ ရုပ်ကို စိတ်က အစဉ်သဖြင့် ပြောင်းလဲစေတဲ့ သဘောကြောင့်ပါ။ ဒါကြောင့် မိမိတို့ရဲ့ ကိုယ်၊ နုတ်နှစ်ပါး (ကာယကံ၊၀စီကံ) နှစ်ပါးကို သီလဆိုတဲ့ စည်းကမ်းနဲ့ စောင့်ထိန်း ရပါမယ်။ သီလစောင့်ထိန်းတဲ့ ပုဂ္ဂိုလ်ဟာ အပြစ်ကင်းပြီး၊ မိမိကိုယ်ကိုယ် စွတ်စွဲခြင်း၊ သူတစ်ပါး စွတ်စွဲခြင်းတို့မှလည်း ကင်းဝေးပါတယ်။ စိတ်နှလုံး ကြည်လင်စေပါတယ်။ စိတ်နှလုံး ကြည်လင်သောကြောင့် နေတော့လည်း ကြည်လင် သေတော့လည်း ကြည်လင်ပါတယ်။ ဒါကြောင့် အိုသည့် တိုင်အောင် ကောင်းသည်ဆိုတာ... သီလပါပဲ။ အိုခြင်း တစ်ရားကို သီလနဲ့ တန်ဆာဆင်ပါ ...။ ၂။ အို သည့် တိုင်အောင် နာသည့်တိုင်အောင် သေသည့်တိုင်အောင် ကောင်းသည် ဆိုတာ... “သဒ္ဓါ ” ပါပဲ။ သဒ္ဓါ ဆိုတာက စိတ်ကို ကြည်လင် စေပါတယ်။ ဘာကြောင့် စိတ်မှာ သဒ္ဓါ ဖြစ်စေသလဲ ဆိုရင် ကံ၊ ကံ၏ အကျိုးနဲ့ ဘုရား၊ တရား၊ သံဃာ သာသနာတော်ရဲ့ ကျေးဇူးကို ယုံကြည်ပြီး စိတ်ထဲမှာ ကြည်လင် လာလို့ပါ။ သဒ္ဓါဟာ၊ စိတ်ကို ကောင်းစွာ ကြည်စေတတ်တဲ့ သတ္တိ အထူး ရှိပါတယ်။ သဒ္ဓါ စိတ်ကြောင့်၊ သဒ္ဓါကောင်းဖြစ်ရင် သဒ္ဓါကောင်းစွာရရင် ... ၁။ ကိလေသာ အကြမ်းစားတွေကို အနည်ထိုင်သွားစေပါတယ်။ ၂။ စိတ်ပေါ်မှာ လွမ်းအုပ်နေတဲ့့ အညစ်အကြေးတွေ ကွာသွားစေပါတယ်။ ၃။ ပူလောင်နေတဲ့ စိတ်နှလုံးသားတွေဟာ အေးချမ်း သွားစေပါတယ် လို့ ဆိုထားပါတယ်။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ထပ်တလဲလဲ ပွားများခြင်းဟာ သဒ္ဓါတရားကို ဖြစ်ပွားစေတဲ့ အကောင်းဆုံး .. ဗုဒ္ဓနုဿတိ ဘာ၀နာ ဖြစ်ပါတယ်။ သဒ္ဓါဆိုတဲ့ ယုံကြည်ချက် မရှိရင် လောကမှာ .. အကျင့်သီလ ကောင်းသော်လည်း၊ ဘ၀သံသရာမှာ အခက်အခဲတွေ အများကြီး တွေ့နိုင်ပါတယ်။ မျက်မှောက် ဘ၀မှာ ခဏ၊ ခဏ စိတ်ညစ် ရတတ်ပါတယ်။ ယုံကြည်ချက် မရှိလျှင် .. ဘ၀သံသရာကို မကူးခတ်နိုင်ပါဘူး။ ဒါကြောင့်... အို သည့်တိုင်အောင် နာသည့်တိုင်အောင် သေသည့်တိုင်အောင် ကောင်းတာ သဒ္ဓါလို့မိန့်ကြားတော် မူခဲ့ပါတယ်။ ၃။ အို သည့် တိုင်အောင်၊ နာသည့်တိုင်အောင် ကောင်းသည်ဆိုတာ “ပညာ“ ပါပဲ။ ပညာဆိုတာ အသေးစိတ် သိနားလည်ခြင်း (Detail Understanding) ပါ။ ကျောင်းတွေ၊ တက္ကသိုလ်တွေက သင်ပေးလိုက်တဲ့ ပညာရပ်အပြင်၊ လောကကြီးကို အမှန်တကယ် မိမိကိုယ်တိုင် လျှေက်လှမ်းတဲ့အခါ ဘ၀မှာ ကြုံတွေ့လာတဲ့ ပြသနာတွေ၊ အခက်အခဲတွေကို .. ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို သိတာကိုလည်း ပညာလို့ခေါ်ပါတယ်။ ထိုပညာကို လောကထဲမှာသာ သင်ယူလို့ရနိုင် ပါတယ်။ ဒါကြောင့် ကမ္ဘာလောက ကြီးဟာ လူသားတို့ရဲ့ ဆရာသမား ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နုပျိုသော်ငြားသော်လည်း ပညာမတတ်လျှင် အချီးအနှီးပါပဲ။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဟာ ပညာတော့ သိပ်တတ်ပြီး၊ သဒ္ဓါခေါင်းပါးလျှင်လည်း ကောက်ကျစ်တဲ့ ပညာတတ် အဖြစ်သို့ ရောက်သွားတတ်ပါတယ်။ သဒ္ဓါ ယုံကြည်ချက်တွေ ဘယ်လောက်ပဲ ပြင်းထန်နေပေမဲ့ ပညာ(အသိဥာဏ်) ကင်းမဲ့တဲ့ ယုံကြည်ချက်ဆိုရင် .. အကန်းရုံ ဖြစ်သွား တတ်ပါတယ်။ သီလကင်းမဲ့ပြီး .. ပညာ သိပ်တတ်ခြင်းဟာလည်း ယုတ်မာတဲ့ ပညာတတ် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အိုသည့်တိုင်အောင် ကောင်းသည်မှာ .. သီလ၊ သဒ္ဓါ ၊ ပညာ၊ ပါပဲလို့ မိန့်တော်မူခဲ့ပါတယ်။ ၄။ အို သည့် တိုင်အောင် နာသည့်တိုင်အောင် သေသည့်တိုင်အောင် ကောင်းသည် ဆိုတာ “ပုညဆိုတဲ့ ကုသိုလ်ကောင်းမှု့" ပါပဲ။ မိမိ ဘ၀ တစ်လျောက်လုံး ကောင်းစေရန်အတွက် ကုသိုလ် ကောင်းမှု့တွေကို များများကြီး စုဆောင်း ထားသင့်ပါတယ်။ ရာထူး ဥစ္စာ၊ စီးပွား၊ တက်ချင်တိုင်း တက်ပါစေ။ ထိုအရာများဟာ နှစ်တစ်ရာ အတွင်းမှာ ကိုယ်ပိုင်ဆိုင် ထားမယ်လို့ ယုံကြည်လို့မရနိုင်ပါဘူး။ ဘ၀ဆိုတာ ရှေ့သို့သာ ဦးတည် သွားနေပါတယ်။ ဒါကို ဥပမာလေး တစ်ခုနဲ့ ပြောပြရလျှင်တော့ - ရန်ကုန် ကနေ မန္တလေး သို့ သွားမယ် ဆိုကြပါစို့ ဘူတာကြီးသွားပြီး ရထားလက်မှတ်၀ယ်တဲ့အခါ လက်မှတ် လေးမှာ .. ခုံနံပါတ်လေးရေးပေး လိုက်ပါတယ်။ အဲဒီလက်မှတ် လေးကိုင်ပြီး ဒီတွဲနံပါတ်ဟာ .. ငါ့အတွဲ ၊ဒီခုံက ငါ့ခုံ၊ ဆိုပြီးတော့ တက်ထိုင်လိုက် ပါတယ်။ ရထားက ရန်ကုန်ကနေ ထွက်သွားပြီး ပဲခူးရောက် ပါတယ်။ ရန်ကုန်၊ မန္တလေး မိုင်ပေါင်း ၄၅၀ ကွာဝေးတယ်ပဲထား၊ ပဲခူးရောက်တော့ မိုင် ၅၀ ကုန်သွားပါပြီ။ သူပိုင်ဆိုင်ခွင့် မိုင် ၄၀၀ပဲ ကျန်ပါ တော့တယ်။ ရထားကလည်း ရှေ့သို့ပဲသွားပါတယ်၊ နောက်ပြန်မဆုတ်ပါဘူး၊ ပျဉ်းမနား ရောက်တော့ မိုင်နှစ်ရာ ကျော်သွားပြီ။ ကိုယ်ပိုင်ဆိုင်ခွင့် တွေက တဖြည်းဖြည်းလျော့ သွားပါတယ်၊ ရှေ့ကိုပဲ သွားရင်း၊ သွားရင်း နဲ့ ငါပိုင်ဆိုင်တဲ့ ဥစ္စာတွေ၊ တဖြည်းဖြည်းခြင်း ငါပိုင် ငါပိုင် ဆိုတာတွေ တဖြည်းဖြည်း ကုန်ဆုံးနေတာကို အားလုံး သတိမပြုမိ လိုက်ကြပါဘူး။ မန္တလေးဘူတာကို ရထား၀င်လို့ ရထားလည်းရပ်ရော .. ထိုရထား လက်မှတ်ဟာ ဘာမှ အသုံးမ၀င်တော့ သလို ငါ့တွဲ၊ ငါ့ထိုင်ခုံ ဆိုပြီး ယူသွားလို့ မရပါဘူး။ ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါ။ ဘူတာ ဆိုက်တဲ့အခါ ရထားပေါ်က ယူသွားလို့ရမှာက တွဲနဲ့ထိုင်ခုံ မဟုတ်ပါဘူး၊ ကိုယ့်အိပ်ကပ်ထဲမှာ ပါတဲ့ ပိုက်ဆံဖြစ်တဲ့ ရိက္ခာထုတ်ကသာ ကိုယ့်သွားလေရာ သယ်သွားလို့ရမဲ့ ရိက္ခာပါပဲ။ (ကိုယ့်ရဲ့ ရိက္ခာထုတ် ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ် ကောင်းမှု့တွေကို ဆိုလိုတာပါ) လူသားအားလုံးဟာ လူ့ဘ၀ခရီးမှာ ပိုင်ဆိုင်မှု့၊ စီးပွားဥစ္စာ၊ ရာထူးတွေ ဆိုတာကတော့ ဘူတာ မဆိုက်ခင်လေး ပိုင်ဆိုင်ကြ ရတာပါ။ ဘူတာဆိုက်ရင် အကုန်လုံး ထားခဲ့ကြရမှာပါပဲ။ ပုညဆိုတဲ့ ကုသိုလ်ကောင်းမှု့နှင့် ကိုယ်ပြုတဲ့ ဒါန၊ သီလ၊ သမထ ဝိပသနာ ဆိုတဲ့ကောင်းမှု့တွေဟာ ရန်သူမျိုးငါးပါး တို့.. လုယက် ဖျက်စီးလို့မရတဲ့အတွက် ကိုယ်ပိုင်ဥစ္စာလည်းဖြစ်ပါတယ်။ ဒါကြောင့် အိုသည့် တိုင်အောင်၊ နာသည့်တိုင်အောင်၊ သေသည့်တိုင်အောင် ကောင်းတယ် ဆိုတာ .. “သီလ၊ သဒ္ဓါ၊ ပညာ၊ နဲ့ ကုသိုလ်ကောင်းမူ့” ပါပဲ။ ထိုလေးမျိုးဟာ ဘ၀ကို လှပစေဘို့ရာ ဘ၀ရဲ့အလှ တန်ဆာများ ဖြစ်ပါတယ်။ ရုပ်ခန္ဓာကြီးကတော့ .. ဖြည်းဖြည်းချင်း ဖြည်းဖြည်းချင်း ငါးဆယ်ကျော်တာနဲ့ ဘ၀တစ်၀က်ကျိုးတာနဲ့ ဆွေးမြေ့ပျက် စီးမှု့တွေ ထင်ရှားစွာ ပြပြလာမှာကို တွေ့ရမှာပါ။ ဆွေးမြေ့ပျက်စီး သွားတဲ့ရုပ်ခန္ဓာကို ဒီလေးခုနဲ့တန်ဆာဆင် အလှဆင်ပြီး အိုသည့်တိုင်အောင် ကောင်းတာ သီလ၊ နာသည့် သေသည့်တိုင်အောင် ကောင်းတာ သဒ္ဓါ၊ အိုနာသေ ဘယ်လောက်နှိပ်စက်ပါစေ ပညာနဲ့ကုသိုလ်ကောင်းမူ့တို့သာလျှင် ဘ၀ရဲ့ကောင်းကြောင်း တရားတွေ ဖြစ်တယ် လို့ မြတ်စွာဘုရားက နတ်သားအား ဖြေကြားတော် မှုခဲ့ပါတယ်။ နတ်သားကလည်း ထိုအဖြေများအား ၀မ်းမြောက် ကျေနပ်သဖြင့် မြတ်စွာဘုရားအား ရှိခိုးဦးချကန့်တော့ပြီး သန်းကောင်ယံမှာ သူနဲ့ပါလာတဲ့ နတ်ပရိတ်သတ် ထောင်သောင်းကို ခေါ်၍... နတ်ပြည်သို့ပြန်တော်မူပါတယ်။ ထို သီလရယ် သဒ္ဓါရယ်၊ ပညာရယ် ကုသိုလ်ကောင်းမှု့ရယ် ဆိုတာကို သာဓုလေးပါးလို့မှတ်သားထားကြပါတယ်။ ဘ၀ရဲ့ အကောင်းတရားလေးပါးဖြစ်တဲ့ ထိုသာဓု တရားလေးပါးနဲ့ မိမိတို့ရဲ့ ဘ၀ကို .. အိုသည့် နာသည့် သေသည့် တိုင်အောင် အကောင်းဆုံး အလှပြင်၍ တန်ဆာ ဆင်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ပါတယ်။ အားလုံးပဲ ဘ၀ကို လှပစွာ ဖြတ်သန်း နိုင်ကြပါစေ ....။ ကျန်းကိုး- (ကျေးဇူးတော်ရှင် သီတဂူ ဆရာတော်ဘုရားကြီး - ဦးဉာဏိဿရ ၏ ဘဝကောင်းကြောင်း တစ်ရာ့လေးပါး တရားတော်) ဓမ္မလက်ဆောင် credit .


via အလင်းရောင် ဓမ္မ https://ift.tt/2FsPE73