Friday, January 10, 2020

နိဗ္ဗာန်ကို ဘာကြောင့် လိုချင် တာလဲ 🌌🌌🌌🌌🌌🌌🌌🌌🌌 ဘာဖြစ်လို့ နိဗ္ဗာန်ကို လိုချင်တာလဲ။ ခန္ဓာကို မလိုချင်တော့လို့။ ခန္ဓာကို ဘာလို့မလိုချင်တာလဲ။ ဆင်းရဲလို့။ ဘာဖြစ်လို့ဆင်းရဲတာလဲ။ ကိုယ်လည်းမဟုတ်ဘူး။ ကိုယ့်ဥစ္စာလည်းမဟုတ်ဘူး။ ကိုယ်နဲ့လည်းမဆိုင်ဘူး။ မမြဲတဲ့သဘောတရားတွေပဲ။ အမြဲတမ်း ဖြစ်နေပျက်နေတဲ့ အနိစ္စတရားတွေပဲ။ ဇာတိလေးပေါ်လိုက် အိုသွားလိုက် သေသွားလိုက်နဲ့ တရစပ်ဆင်းရဲနေတာပဲ။ ဒါတွေကို သိအောင် ဘယ်လိုလုပ်ရမလဲ။ တရားထိုင်ရမယ်။ ဒီလိုထိုင်တာဟာ အရှင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီခန္ဓာကြီးဟာ မတည်မြဲဘူး။ အမြဲတမ်းဖောက်ပြန် ပျက်စီးနေတယ်။ တဖြည်းဖြည်းနဲ သေတဲ့ဖက်ကို သွားနေတယ်။ တရားထိုင်တယ်ဆိုတာ စိတ်ကို စုစည်းလိုက်တယ်။ ပြန့်ကျဲနေတဲ့ စိတ်တွေကို ဝင်လေ ထွက်လေပဲဖြစ်ဖြစ် ဖောင်းတယ် ပိန်တယ်ပဲဖြစ်ဖြစ် တည်ရာနေရာလေးတစ်ခု ပေးလိုက်တယ်။ တည်ငြိမ်အောင်လုပ်လိုက်တယ်။ငြိမ်နေအောင် လုပ်လိုက်တယ်ဆိုရင်ပဲ ခန္ဓာရဲ့ဖောက်ပြန်ပျက်စီးမှု က ထင်ရှားစွာ အချက်ပေးလာတယ်။ ဘယ်လိုပြနေလဲဆိုတော့ ခန္ဓာဟာ တစ်နေရာထဲမှာ ငြိမ်နေရ တော့ ညောင်းလာတယ် ကိုက်လာတယ်။ တောင့်လာတယ် တင်းလာတယ်။ သာမာန်အချိန်မှာတော့ မသိသာဘူး။ သင်္ခါရအနေနဲ့ ညောင်းလာရင် ပြင်လိုက်တာပဲ။ ခန္ဓာက ငါမဟုတ်ဘူး။ ရုပ်တရားသာဖြစ်တယ်။ ပေါင်မုန့်တစ်လုံးကို ဝယ်လာသလိုပဲ။ ဝယ်လာကတည်းကနေ တရစပ် ဖောက်ပြန်နေတယ်။ သူ့ရဲ့သက်တမ်းက သုံးရက်လား လေးရက်လား။ လေးရက်မှာ ပုပ်သိုးသွားတယ်ဆိုပါစို့။ လေးရက်ပြည့်မှ ပုပ်သိုးသွားတာ မဟုတ်ဘူးနော်။ ပေါင်မုန့်အဖြစ် စတင်ဖြစ်တည်လာကတည်းက စပြီး ပုပ်သိုးခြင်းဆီကို တရစပ်ဦးတည်ပြီးသွားနေတယ်။ ဒါကို တစ်ရက်ကြာတယ် နှစ်ရက်ကြာတယ် စသဖြင့် ကြာမြင့်ချိန်ပေါ် မူတည်ပြီး ဒီမုန့် လတ်ဆတ်တယ် မလတ်ဆတ်ဘူး။ စသဖြင့် ဆုံးဖြတ်တယ်။ ခန္ဓာလည်း ဒီသဘောပဲ။ အမြဲတမ်းဖောက်ပြန်နေတယ်။ ထိုင်နေတော့လည်း ဖောက်ပြန်တယ် ရပ်နေတော့လည်း ဖောက်ပြန်တယ် သွားနေတော့လည်း ဖောက်ပြန်တယ် အိပ်နေတော့လည်း ဖောက်ပြန်တယ်။ ဒါကို ဣထိယာပုဒ်တွေလို့ ခေါ်တယ်။ ဒီလေးပါးမှာ အကြာကြီး မတည်မြဲနေဘူး။ တရားထိုင်တော့ ညောင်းလာတယ် ကိုက်လာတယ်။ ဒါဟာ ထိုင်ကတည်းက ဖောက်ပြန်ပျက်စီးမှုကို ဦးတည်နေလို့ပဲ။ သူ့ရဲ့ ဖောက်ပြန်မှု အမြင့်ဆုံးကိုရောက်လာတဲ့အခါ sign ပြလိုက်တယ်။ ညောင်းတယ် ပေါ့။ ဒါဆိုရင် ညောင်းတာက ရုပ်တရားပေါ်မှာ ပေါ်လာတာ။ညောင်းတာကိုသိတာက နာမ်တရား။ နေရာပြင်ချင်တာက နာမ်တရား။ နေရာပြင်လိုက်တာက ရုပ်တရား။ ဒီတော့ဖောက်ပြန်ပျက်စီးတတ်တဲ့ ရုပ်သည် ဒုက္ခသစ္စာ။ သိတတ်သောသဘော ခံစားတတ်သောသဘော ပြုပြင်စီရင်သောသဘော မှတ်သားတတ်သော သဘော သည် နာမ်တရား။ ဒီရုပ်တရား နာမ်တရားတို့သည် ရုပ်ကို ကြည့်တော့လည်း မတည်မြဲဘူး။ တော်နေကြာ တောင့်လာလိုက် ယားလာလိုက် အောင့်လာလိုက်နေသာတဲ့အနေအထားလေးဖြစ်လိုက် နဲ့ တရစပ်ဖောက်ပြန်နေတယ်။ ဒီရုပ်က ပြတာကို နာမ်ကလည်း သိပေးနေရတယ်။ ရုပ်က ပူလာလိုက်ရင် နာမ်က ပူတယ်လို့ သိပေးလိုက် တစ်ခါ ရုပ်က ညောင်းတယ်ဆိုရ့င် နာမ်က သိပေးလိုက်နဲ့ ရုပ်ရော နာမ်ရောဟာ ဖောက်ပြန်နေတယ်။ ဒါကို ရှုနေတဲ့ ယောဂီဟာ ပူရင်ပူတယ်မှတ်တယ်။ အရှုခံက ပူတယ်။အရှုဥာဏ်က ပူတယ်ဆိုတာကို သိတယ်။ ဒီလို အရှုခံနဲ့ အရှုဥာဏ်သွားနေတော့ ပူတာကို မကြိုက်တဲ့ဒေါသ ဖြစ်ခွင့်မရဘူး။ ဒါဆိုရင် ဒီဒေါသ ကိလေသာအတွက် ဖြစ်ရတဲ့ ရုပ်တွေ နာမ်တွေ အကုန်သိမ်းတယ်။ ခန္ဓာတွေ ဖြစ်ခွင့်ရဘူး။ ဒါက တဒင်္ဂပယ်ဟန်နဲ့ ကိလေသာပယ်တာ။ နိဗ္ဗာန်ဆိုတာက ကိလေသာကို အမြစ်ပြတ်ပယ်တာဆိုတော့ ဒီလို တဒင်္ဂပယ်ဟန်ကနေပဲ သွားရတယ်။ ရေကန်ထဲက ရေတွေကို ခပ်ထုတ်သလိုပဲ။ ပထမစခပ်ကာစမှာတော့ မသိသာဘူး။ ဒါပေမယ့် ခပ်ထုတ်ရင်း ခပ်ထုတ်ရင်းနဲ့ တဖြည်းဖြည်း ကုန်သွားသလိုပဲ။ ခန္ဓာဆိုတာ ကိလေသာကြောင့်ဖြစ်ရတာ။ ခန္ဓာရရင် အို နာ သေနဲ့ဆင်းရဲရမှာအမှန်ပဲ။ ဘယ်လောက်ပဲ ချမ်းသာပြည့်စုံပျော်ရွှင်တဲ့ ဘဝကို ရပါစေ ။ သေရမှာပဲ။ ဒီတစ်ဘဝပြီးတော့ရော နောက်ဘဝမှာလည်း အသတ်ခံရမှာပဲ။ ဒါကြောင့် ခန္ဓာမရမှ အေးမယ်။ ခန္ဓာမရချင်ရင် လောဘ ဒေါသ မောဟ မရှိအောင် ကုန်အောင်လုပ်ရမယ်။ ဒီလို လုပ်ဖို့ ဒီခန္ဓာဟာ ဆင်းရဲတယ်။ ဒါကိုမြင်အောင်ကြည့်ရမယ်။ ဒီလိုကြည့်တာဟာ တမင်လုပ်ကြည့်တာ မဟုတ်ဖူး။ သူ့နဂိုသဘာဝကိုက ဒီလိုပဲ။ ဒါကို မြင်မှ မလိုချင်မယ်။ မလိုချင်မှ နိဗ္ဗာန်ရမယ်။ ဒီလိုထိုင်ခြင်းဖြင့် ဒုက္ခဆင်းရဲဆိုတာကို ထင်ရှားစွာတွေ့လိမ့်မယ်။ အမှန်တော့ တရားထိုင်မှမဟုတ်ဘူး။ မြင်တဲ့နေရာ ကြားတဲ့နေရာ စားတဲ့နေရာ နံတဲ့နေရာထိတွေ့တဲ့နေရာ တွေးတောတဲ့နေရာ ဒါတွေအကုန်လုံးဟာ ဝိပဿနာရှုရမယ့်နေရာပဲ။ ဒါပေမယ့် မြင်သာထင်ရှားတဲ့အနေနဲ့ ဒုက္ခကို ပြတဲ့နေရာမှာ တရားထိုင်တာဟာ အကောင်းဆုံးပဲ။ အစပိုင်းမှာ ပြောခဲ့သလိုပဲ နိဗ္ဗာန်ဆိုတာ လွတ်မြောက်တာ ဒုက္ခတွေက လွတ်မြောက်တာ ငြိမ်းချမ်းတာ။ ဒါဆိုရင် ဒုက္ခဆိုတာ ဘာလဲ။ ဒုက္ခလွတ်မြောက်ရာကကော ဘယ်လိုလဲ။ ဒီလို ဒုက္ခကလွတ်ဖို့ ဘာလုပ်ရမလဲ။ ဒီဒုက္ခက ဘာကြောင့်ဖြစ်တာလဲ။ ဒီလေးချက်ကို သိရမယ်။ ဒါကို စာလိုပြောတော့ သစ္စာလေးပါးလို့ ခေါ်တယ်။ ဒုက္ခက ဒုက္ခသစ္စာ သူက ယခုဘဝမှာ ရထားတယ်။ သူ့ကိုရထားသရွေ့ အို နာ သေ ရှိတယ်။ ဒုက္ခလွတ်မြောက်ရာက နိဗ္ဗာန်။ သစ္စာက နိရောဓသစ္စာ။ အို နာ သေ မရှိဘူး။ ဒုက္ခကို လွတ်ဖို့နည်းလမ်းရှိတယ်။ ဒီနည်းလမ်းက ရှစ်မျိုးရှိတယ်။ သစ္စာက မဂ္ဂသစ္စာ။ ဒုက္ခက ဘာကြောင့်ဖြစ်တာလဲ။ ကိလေသာကြောင့်ဖြစ်တာ။ သစ္စာက သမုဒယသစ္စာ။ ဒီသစ္စာလေးပါးမှာ အဓိကက ဒုက္ခကို ဒုက္ခလို့ သိဖို့လိုရင်းပဲ။ ဒုက္ခလို့သိမှသာ လွတ်မြောက်ချင်မှာ ဖြစ်ပါတယ်။ ဒီအတိုင်း မင်းရထားတာ ဒုက္ခသစ္စာကြီးလို့ ပြောရုံနဲ့ မသိနိုင်ဘူး။ သူ့သဘောကို ကိုယ်တိုင် သိမှသာ လွတ်မြောက်ချင်မှာ မလိုချင်မှာ ဖြစ်ပါတယ်။ အဝိဇ္ဇာဆိုတာ ဒီဆင်းရဲခြင်းကို မသိတာ။ ဒါကြောင့် အဝိဇ္ဇာရှိရင် ရုပ်နာမ်ရှိတယ် အဝိဇ္ဇာမရှိရင် ရုပ်နာမ်မရှိဘူး။ ရုပ်နာမ်ရှိရင် အနိစ္စ ဒုက္ခ အနတ္တ ရှိတယ်။ ရုပ်နာမ်မရှိရင် အနိစ္စ ဒုက္ခ အနတ္တမရှိဘူးလို့ ကျေးဇူးတော်ရှင် မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး မှ ဟောညွှန်ထားပါတယ်။ ဒါကြောင့် အဝိဇ္ဇာကို သတ်ချင်ရင် အနိစ္စ ဒုက္ခ အနတ္တကို မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။ လိုချင်တယ်ဆိုတာ မသိလို့လိုချင်တာပါ။ ဆင်းရဲမှန်းမသိလို့ လိုချင်တာ။ မသိတာက အဝိဇ္ဇာဖြစ်ပါတယ်။ ဆရာ ကျော်နန္ဒအောင်၏ ကျေးဇူးတော်ရှင်ဆရာတော်ကြီးများ၏ ဝိပဿနာရှုနည်းပေါင်းချုပ်စာအုပ် မှ ကျေးဇူးတော်ရှင် မင်းကွန်းဇေတဝန်ဆရာတော်ဘုရားကြီး၏ ဝိပဿနာရှုနည်းမှ မှီငြမ်းပါသည်။ Credit: ဥတ္တရအလင်း မေတ္တာဖြင့်ပြည်လည်ကုသိုလ်ပြုပါသည်။ #ကုမုဒြာ


via အလင်းရောင် ဓမ္မ https://ift.tt/2FxfjeS