အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, January 10, 2020
"တံမြက်စည်း လှည်းခြင်း၏ အကျိုးကျေးဇူး ကြီးမားပုံ" ❤❤❤❤❤❤❤❤ ယနေ့ခေတ်မှာ ခေတ်လူငယ်များ ဘုရားရင်ပြင်၊ ကျောင်းအ၀န်းစသည်တို့မှာ ညီညာစွာ တံမြတ်လှည်း သန့်ရှင်းရေးလုပ်ကြတာ တွေ့မြင်ရလို့ ကြည်နူးမိပါတယ်။ အချို့လူငယ်များဆိုရင် စေတနာအဖွဲ့ ဖွဲ့ပြီး ရပ်ကွက်၊ မြို့နယ်တွေမှာရှိတဲ့ ရိပ်သာများ၊ ဘကကျောင်းများမှာ သန့်ရှင်းရေးဝေယျာဝေစ္စဆောင်ရွက်တာတွေ သိရလို့ ပီတိဖြစ်ရတယ်။ အင်မတန်ကောင်းမြတ်ပြီး သန့်ရှင်း ရိုးသားတဲ့ စေတနာပါပဲ။ ဒါကြောင့် သူတို့လေးတွေ ပိုမိုကုသိုလ်ပွားနိုင်စေရန်အလို့ငှါ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှည်းရုံ နဲ့ ကောင်းကျိုး အလီလီခံစားရတဲ့ မထေရ်အကြောင်းလေးကို ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။ သူ့နာမည်က “သကိံသမ္မဇ္ဇမထေရ်”လို့ ခေါ်ပါတယ်။ ၀ိပဿီဘုရားလက်ထက်တုန်းကပေါ့ မထေရ်လောင်းဟာ တစ်နေ့မှာ “သခွက်ဗောဓိပင်” ရှေ့ရောက်တဲ့အခါ ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို ကြည်ညိုစိတ်ဖြစ်ခဲ့တယ်။ နောက်ပြီး အဲအပင်အောက် မှာ ပြန့်ကျဲနေတဲ့ သစ်ရွက်တွေကို သန့်ရှင်းချင်စိတ်ပေါ်လာတာနဲ့ တံမြက်စည်းကိုင်ပြီး လှည်းခဲ့ပါတယ်။ တံမြတ်စည်းလှည်းခဲ့တာလေးကို စိတ်ထဲ အပြန်အလှန် အောက်မေ့ရင်း အပြန်မှာ စပါးကြီးမြွေနဲ့တွေ့လို့ အမျိုခံလိုက်ရပါတယ်။ သူဟာ ကောင်းတဲ့ အာရုံနဲ့ သေခဲ့တာဖြစ်လို့ သေပြီးနောက်မှာတော့ နတ်ပြည်မှာ နတ်သားသွားဖြစ်ခဲ့ပါတယ်။ နတ်စည်းစိမ်ကို ခံစားခဲ့တယ်။ အဲဒီအချိန်ကစပြီး သူရဲ့ စိတ်ဟာ နောက်ကျူခြင်းမရှိ၊ အမြဲကြည်လင်နေခဲ့တယ်။ နုနာ၊ ဝဲနာ၊ ပွေးနာ၊ ၀က်ရူးပျံရောဂါ၊ အနာကြီးရော စတဲ့ အနာမျိုးစုံမှ ကင်းဝေးခြင်းအကျိုးခံစားခဲ့ရတယ်။ စိုးရိမ်ခြင်း၊ ပူပန်ခြင်းမရှိ၊ စိတ်ဓာတ် အမြဲ တည်ငြိမ်နေတယ်။ တစ်စုံတစ်ခုကြောင့် တုန်လှုပ်ခြင်းမရှိ။ သမာဓိကို လိုချင်တဲ့အချိန်မှာ ခဏလေးနဲ့ ရအောင် လုပ်နိုင်တယ်။ နှစ်သက်ဖွယ်အာရုံ၌ မနှစ်သက်၊ အမျက်ထွက်ဖွယ်အာရုံ၌ အမျက်မထွက်၊ တွေဝေစရာအာရုံ၌ မတွေဝေရပါ။ တံမြတ်စည်းလှဲခဲ့တဲ့အချိန်ကစလို့ “အပါယ်လေးပါး” လားရတယ်ဆိုတာ မရှိခဲ့ပါဘူး။ နောက်ဆုံး အခု ဂေါတမဘုရားရှင်လက်ထက်မှာ အာသဝေါကုန်ခမ်းလို့ “ရဟန္တာ” ဖြစ်ရပါတယ်။ ဒါဟာ ဗောဓိပင်အောက်မှာ တစ်ကြိမ်တစ်ခါ တံမြတ်စည်းလှဲခဲ့ရတဲ့ အကျိုးပါပဲ။ တစ်ကြိမ်တစ်ခါ စေတနာထက်သန်စွာ တံမြတ်စည်း လှဲခဲ့တာလေးတောင် ခုလို ကြီးမားတဲ့အကျိုးပေးတယ်ဆိုရင် အကြိမ်များစွာပြုလုပ်တဲ့ စေတနာရှင်များ မှာ ပြောဖွယ်မလိုပါ။ ကိုယ်လုပ်တဲ့အလုပ်ရဲ့ မြင့်မြတ်မူလေးကို အာရုံပြုပြီး စေတနာတိုးပွားအောင်လုပ်ဆောင်ဖို့ပဲလိုပါတယ်။ ဒါ့အပြင် မိမိငယ်စဉ်က ရဖူးတဲ့ကဗျာလေးတစ်ပုဒ်ရှိပါတယ်။ ရေးတဲ့ဆရာတော်ကိုတော့မမှတ်မိတော့ပါဘူး။ “သူ့စိတ်ကိုယ့်စိတ်၊ ယိုဖိတ်ကြည်လင်၊ နတ်တို့လေးစား၊ သနားချစ်ခင်၊ ကြည်ညိုဖွယ်ကောင်း ဂုဏ်ပေါင်းမြတ်ရှင်၊ နတ်ပြည်ရောက်ထွန်းတောက်ကျိုးငါးအင်”တဲ့။ တံမြတ်လှည်းရခြင်းရဲ့ အကျိုးငါးပါးဖြစ်ပါတယ်။ လှည်းသူရဲ့စိတ်ရော မြင်တဲ့သူရဲ့စိတ်ရော ကြည်လင်ပါတယ်။ ဗုဒ္ဓဝေယျာဝေစ္စ၊ သံဃာ့ဝေယျာဝေစ္စလုပ်နေလို့ နတ်တွေလေးစားတယ်။ ချစ်ခင်စောင့်ရှောက်တယ်။ ဂုဏ်သတင်းတွေ သင်းပျံ့တယ်။ သေရင် နတ်ပြည်ရောက်တယ်။ ဒါကြောင့် မိတ်ဆွေများအားလုံး တံမြက်စည်းလှည်း ကုသိုလ်ယူခြင်းဖြင့် ကောင်းကျိုးတရားတွေ ရရှိနိုင်ကြပါစေ။ - 【ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ】 Dhamma Dãna Source ► https://ift.tt/1tab2NY ☘☘☘☘☘☘☘☘☘☘☘☘☘☘☘☘ Khine My Collections!!!
via အလင်းရောင် ဓမ္မ https://ift.tt/35Alx89
Newer Post
Older Post
Home