Friday, January 10, 2020

နေ့ခံလို့ ညစံရတာ ဘာကြောင့်လဲ ================== ဒကာ။ ။ အပါယ်လေးပါးထဲပါတဲ့ အသူရကာယ် ဘုံသားတွေက ဘယ်လိုကံမျိုးတွေ လုပ်ခဲ့လို့ နေ့ခံလိုက် ညစံလိုက်နဲ့ ဖြစ်နေရတာလဲ ဆရာတော်၊ ပိဋကတ်တော်မှာ ပါရင်လည်း နည်းနည်းလောက်ထုတ်ပြီး ရှင်းလင်းပြပါဦးဘုရား။ ဆရာ။ ။ ဒါကတော့"သဒိသံ ပါကံ ဇနေတိ" ပါဠိအရ မိမိပြုတဲ့ အလုပ်ကံနဲ့ တူသော အကျိုးကိုရခြင်းပါပဲ၊ ပိဋကတ်တော်မှာပြတာကတော့ ပေတ္တ၀တ္ထုပါဠိတော် မိဂလုဒ္ဒက ပေတ၀တ္ထု တို့ပဲ ဖြစ်တယ်။ မြတ်စွာဘုရားလက်ထက်တော်က ရာဇဂြိုဟ်ပြည်မှာ နေ့ရောညပါ သားကောင်တွေကို ထောင်ဖမ်းသတ်ဖြတ် နှိပ်စက်ကာ အသက်မွေးမှုပြုနေတဲ့ ဒုစရိုက်သမား မုဆိုးတယောက်ရှိတယ်။ ယင်းရဲ့မိတ်ဆွေတယေက်ကတော့ ရတနာသုံးပါးကိုကြည်ညိုလေးစားတဲ့ သူတော်ကောင်း အမျိုးသားပဲဖြစ်တယ်၊ အဲဒီ သူတော်ကောင်းက သူ့မိတ်ဆွေ ဒုစရိုက်သမားကို ဒါမျိုးတွေ မလုပ်ဖို့ တရားဟောတယ် မရဘူး၊ ညပိုင်းမှာ ကျော့ကွင်းတို့, ပိုက်တို့ လေးမြားလက်နက်မျိုးစုံတို့ကို ပြင်ဆင်တယ်၊ နေ့ပိုင်းကျတော့ သားကောင်များကို ထောင်တယ် ဖမ်းတယ် ပစ်ခတ် သတ်ဖြတ် ညှင်းဆဲ နှိပ်စက်ခြင်း ပါဏာတိပါတကံ ဒုစရိုက်မှုတို့နဲ့ပဲ အချိန်တွေ ကုန်တယ်။ ယင်းသူတော်ကောင်း မိတ်ဆွေက လုံး၀ မပြုလုပ်ဖို့ပြောဟောလို့မရတဲ့ အဆုံးကျတော့ လက်မလျော့ဘဲ "ကဲ...မိတ်ဆွေချစ်၊ လာပါ၊ ဒီမကောင်းတဲ့ အကုသိုလ် ဒုစရိုက်မှုတို့ကို နေ့ညပတ်လုံး မရှောင်ရှားနိုင်ရင် ညအခါတော့ မိတ်ဆွေ အနားယူကာ ပါဏာတိပါတ စတဲ့ မကောင်းမှု ဒုစရိုက်အလုပ်တွေ မလုပ်ဘဲ ရှောင်ရှားပါလော့"ဟုစိတ်ဓာတ် ပျော့ပျောင်းအောင် ထက်၀က်လျော့ဖို့ ချော့မော့ ဖျောင်းဖျပေးတယ်။ ထိုဒုစရိုက်မုဆိုးဟာ အဲဒီအခါက စပြီးတော့ သူတော်ကောင်းမိတ်ဆွေ ညွှန်ကြား စေခိုင်းတဲ့အတိုင်း ညပိုင်းရောက်သောအခါ ပြုလုပ်နေကျ လေးမြားကျော့ကွင်း ပိုက်ကွန်တို့ကို မပြင်ဆင် မပြုလုပ်တော့ဘဲ သီလ သိက္ခာ ဆောက်တည်လျက် ကောင်းမှုကုသိုလ်ဖက်ကို လိုက်လုပ် ကြိုးစားခဲ့တယ်တဲ့။ အဲဒီမုဆိုးသေသောအခါ ရာဇဂြိုဟ်ပြည်ရဲ့ အနီးအနားမှာ ဝေမာနိကပြိတ္တာ ဖြစ်ကာ နေရတယ်တဲ့၊ ဝေမာနိကပြိတ္တာဆိုတာ ကိုယ်ပိုင်ဗိမာန်ရှိပြီး နေ့ခံလို့ ညစံရတဲ့ နတ်တပိုင်းပြိတ္တာတမျိုးပဲ၊ နေ့အခါမှာ ဆင်းရဲခြင်း ဒုက္ခနှိပ်စက်ခြင်းအမျိုးမျိုးတွေကို မချိမဆန့်ထိတ်ထိတ်လန့်လန့် သေလုမတတ် ခံစားရကာ၊ ညအခါကျတော့လည်း နတ်သမီးပေါင်းများစွာနဲ့ နတ်စည်းစိမ်ချမ်းသာတွေကို ခြိမ့်ခြိမ့်သည်းအောင် အပြည့်အ၀ ခံစားပျော်ရွှင်ကာ နေရပြန်တယ်တဲ့။ အဲဒီပြိတ္တာရဲ့ ဖြစ်ပုံမျိုးစုံကို အရှင်နာရဒမထေရ်မြတ်က မြင်တော်မူ၍ အကြောင်းအကျိုးကို မေးမြန်းသောအခါ ခုနက ပြောပြခဲ့တဲ့အတိုင်း နေ့ပိုင်းမှာ ပါဏာတိပါတ ဒုစရိုက်ကံတွေ ပြုခဲ့လို့ ခုလို ဆင်းရဲနှိပ်စက်ခြင်းမျိုးစုံကို ခံရတဲ့အကြောင်း၊ ညအခါမှာ သူငယ်ချင်းမိတ်ဆွေကောင်း၏ တိုက်တွန်းညွှန်ကြား စေခိုင်းချက်အတိုင်း အားနာပါးနာနဲ့ သီလဆောက်တည်ကာ ကုသိုလ်ကောင်းမှု ပြုခဲ့လို့ နတ်၌ဖြစ်တဲ့ ချမ်းသာသုခမျိုးစုံတွေ ခံစားနေရတဲ့ အကြောင်းများကို အရှင်နာရဒ မထေရ်အား သူ့ဖြစ်ပုံ လုပ်ပုံကံမျိုးစုံကို ပြန်လည် ဖြေကြားလျှောက်ထား လို့ သိရတယ်တဲ့။ ကဲ.....အဲဒါဟာ နေ့ခံလို့ ညစံရတဲ့ အကြောင်းအရာ ပိဋကတ်တော် စာပေထဲမှာပါတဲ့ ၀တ္ထုကြောင်းတွေပါပဲ၊ ကျေနပ်ရဲ့လား၊ ညဘက် ဥပုသ်စောင့်ရင် ထက်၀က်စာတော့ ရသေးတာပဲ၊ မရှုံးပါဘူး၊ ဥပုသ်စောင့် မပျင်းကြနဲ့နော်။ ဒကာ။ ။ ဟာ...တပည့်တော်တို့က နေလုံးပေါက် ၂၄ နာရီ ဥပုသ်သမားတွေပါ ဆရာတော်၊ ရှင်းသွားပါပြီဘုရား။ အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ Credit ဓမ္မဒါနဖြင့်ပြန်လည်ကုသိုလ်ပြုပါသည်။ 🌷ကုမုဒြာ


via အလင်းရောင် ဓမ္မ https://ift.tt/30afO7S