အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, January 8, 2020
“မိတ်ဆွေကောင်း မပီသသူကို မပေါင်းနဲ့ ဝေးဝေးက ရှောင်နေလိုက်ပါ” မိတ်ဆွေကောင်း မပီသသူကို မပေါင်းနဲ့ ငယ်ငယ်တုန်းက “ပုံပြင်လေး´´တစ်ခု ဖတ်ဖူးတယ်။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့ ပုံပြင်လေး တစ်ခုပဲ။ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီး တစ်ခုကို ဖြတ်သန်းသွားတယ်။ လူတစ်ယောက်က လက်နက်ပါတယ်။ တစ်ယောက်ကမပါဘူး။ လက်နက်ပါတဲ့သူက ဘာပြောလဲဆိုတော့ “`ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာကောင်ပဲတွေ့တွေ့ ငါကာကွယ်နိူင်တယ်ပေါ့။ ဘယ်အကောင်မှ မကြောက်ဘူး´´တဲ့။ သူက ဒီလို ပြောနေတယ်။ ပြောလို့မှ မဆုံးသေးဘူး။ လမ်းကွေ့တစ်ကွေ့မှာ “ဝက်ဝံကြီး´´ တစ်ကောင် ဘွားခနဲ ပေါ်လာတယ်။ ဝက်ဝံကြီးကိုလည်း တွေ့လိုက်ရော အဲဒီလူက သစ်ပင်ပေါ် တက်ပြေးပါလေရော။ လက်နက်မပါတဲ့ သူငယ်ချင်းကို ဒီအတိုင်းပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတယ်။ သူငယ်ချင်းလုပ်တဲ့သူက တိမ်းရှောင်ဖို့ အချိန်မရလိုက်ဘူး။ အဲဒီတော့ သူ့အသက်ကိုသူ ကာကွယ်တဲ့အနေနဲ့ လှဲအိပ်လိုက်ပြီး အသက်အောင့်ထားတယ်။ သေချင်ယောင် ဆောင်နေလိုက်ရတယ်။ အဲဒီအချိန်မှာ ဝက်ဝံကြီးက အနားနားလာပြီးတော့ ခေါင်းကိုလျှာနဲ့ လျက်တယ်။ ဟိုနမ်း ၊ ဒီနမ်း လုပ်တယ်ပေါ့။ မလှုပ်ရဲဘူး။ အသက်လည်း မရှူရဲဘူး။ ငြိမ်နေရတယ်။ လှုပ်လိုက်ရင်တော့ အကိုက်ခံရမှာ သေချာတယ်။ အဲဒီမှာ ငြိမ်နေတဲ့အခါကျတော့ ဝက်ဝံကြီးက လက်နဲ့ ဟိုဘက်က ပုတ်ကြည့်။ ဒီဘက်က ပုတ်ကြည့်။ အသေကြီးပဲ မှတ်ထင်ပြီး သူ့လမ်းသူ ဆက်သွားတယ်။ ဝက်ဝံကြီ ထွက်သွားပြီဆိုတော့မှ ဟိုသေနတ်နဲ့ကောင်က သစ်ပင်ပေါ်က ဆင်းလာတယ်။ ဆင်းလာပြီးတော့ ………… “`သူငယ်ချင်း ၊ မင်းကို ဝက်ဝံကြီးက တိုးတိုး တိုးတိုးနဲ့ ဘာပြောသွားတာတုန်း ´´ မေးသတဲ့။ ဟိုလူက ပြောသတဲ့။ “` အေး …… ဝက်ဝံကြီးက ငါ့ နား ,နား ကပ်ပြောသွားတာ မိတ်ဆွေ သူငယ်ချင်း မပီသတဲ့ အကောင်မျိုးကို နောင်ဘယ်တော့မှ မပေါင်းနဲ့တဲ့။ အရေးကြုံလာပြီဆိုရင် နှစ်ဦးပူးပေါင်းခုခံမယ် မလုပ်ဘဲနဲ့ အဲဒီလို ကိုယ်လွတ်ရုန်းသွာတဲ့ အကောင်မျိုးကို ဘယ်တော့မှ မပေါင်းနဲ့´´ လို့ ဝက်ဝံကြီးက သူ့ကို မှာသွားတယ်လို့ ပြောသတဲ့။ “အာပဒါသု န ဇဟတိ´´ ဒုက္ခကြုံလာတဲ့အခါမှာ စွန့်ပြီးသွားတာမျိုး မဖြစ်စေရဘူးတဲ့။ အဲဒါ ဘုရားဟောတဲ့ မိတ်ကောင်းဆွေကောင်းပါပဲ။ ပေါင်းသင်းရမည့် ဆရာသမားကောင်း ဆရာသမားတွေနဲ့ ပက်သက်ပြီး ပေးထားတဲ့ မိတ်ကောင်းဆွေကောင်း အင်္ဂါရပ်တွေက ဘာတုန်းဆိုရင် ... “ပိယော ဂရု ဘာဝနီယော၊ ဝတ္တာ စ ဝစနက္ခမော´´တဲ့။ ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် အဲဒီ အရည်အသွေး ရှိ မရှိ ကြည့်ရမယ်တဲ့။ မိတ်ကောင်း ဆွေကောင်းဆိုတာ……… (၁)။ ပိယော — ချစ်ခင်လေးစားလောက်တဲ့ သီလ ၊ သမာဓိ ၊ ပညာ အရည်အသွေး ရှိရမယ်။ (၂)။ ဂရု — လေးစားလောက်တဲ့ ကိုယ်ကျင့်တရား ရှိရမယ်။ (၃)။ ဘာဝနီယော ချီးမွမ်းလောက်တဲ့ ကိုယ်ကျင့်တရား ရှိရမယ်။ သို့မဟုတ် မေတ္တာ ဘာဝနာပွားတဲ့ မေတ္တာစိတ်ဓာတ်ထားတာ ရှိရမယ်။ (၄)။ ဝတ္တာ မကောင်းရင်လည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ ဆုံးမတတ်တယ်။ အကြံပေးတတ်တဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ (၅)။ ဝစနက္ခမော– အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ် ဖြစ်ရမယ်။ တစ်ချို့က သူများကိုတော့ ကိုယ်က ဆုံးမတတ်တယ်။ ကိုယ့်ကိုဆုံးမရင်တော့ ဘာပြောလဲ။ လျှာမရှည်နဲ့တဲ့ ဟုတ်လား။ ကိုယ့်ကို လာပြောရင် မကြိုက်တဲ့ လူက ပိုများတယ်နော်။ အဲဒါမျိုး မဖြစ်စေရဘူးတဲ့။ “`ဝတ္တာ´´´ ကိုယ်ကလည်း ဆုံးမတတ်ရမယ်။ “ဝစနက္ခမော´´သူက ပြောလို့ ရှိရင်လည်း လက်ခံရမယ်… အဲဒီအချက်က အင်မတန်ခက်တယ်။ ဘာဖြစ်လို့ ခက်တာတုန်းဆိုရင် လူတွေမှာ “မာန´´ရှိတယ်။ မာနရှိသည့်အတွက်ကြောင့် ကိုယ်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင် လက်မခံဘူး… ကိုယ့်အောက်က လူက ပြောရင် “ရန်သူ´´ပဲ… အရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်… ဒီနေရာမှာ အရှင်သာရိပုတ္တရာရဲ့စိတ်ဓာတ်ဟာ အင်မတန်မှ အတုခိုးစရာကောင်းတယ်။ ပညာရှိ ပီသတယ်ပေါ့ ဘယ်လို ပညာရှိပီသတုန်းဆိုရင် “အရှင်သာရိပုတ္တရာ မထေရ်မြတ်´´ဟာ တစ်ခါတုန်းက သင်္ကန်းရုံထားတာလေးက မညီမညာ တွဲလောင်းလေး ကျနေတော့ ကိုရင်လေးတစ်ပါးက လျှောက်တယ်တဲ့။ “`အရှင်ဘုရား ၊ ဟောဒီမှာ သင်္ကန်းလေး တွဲလောင်းကျနေတယ် ၊´´ အရှင်သာရိပုတ္တရာ မထေရ်မြတ်က ကိုရင်လေး ပြောတဲ့အတိုင်း ဟုတ်နေတော့ သင်္ကန်းလေးကို သူပြင်ရုံပြီး လက်အုပ်လေးချီပြီး “ညီသွားပါပြီလား´´ လို့ ပြောသတဲ့။ “ကျေးဇူးတင်တယ် ကိုရင်၊ ကျေးဇူးတင်တယ်´´လို့ ကိုရင်ပေါက်စလေးက သတိပေးတာကို လက်ခံတယ်။ လက်ခံပြီးတော့ သံဃပရိတ်သတ်ကြားထဲမှာ ဘာပြောလဲဆိုရင် ……… ““ဒီကနေ့မှ ကိုရင်ဖြစ်လာပြီး အသက်အရွယ်ကလည်း (၇)နှစ်ပဲ ရှိသေးတဲ့ အဲဒီ (၇)နှစ်အရွယ် ကိုရင်လေးက သူ့ကို ဆုံးမသြဝါဒ ပေးမယ်ဆိုရင်တောင် ဦးထိပ်ပန်ဆင်ပါ့မယ်´´လို့ ဒီလို ပြောတာနော် ဒါ စံနမူနာ ယူရမှာပဲ။ အဲဒီတော့ မိတ်ကောင်းဆွေကောင်းကို အင်မတန်မှ တန်ဖိုးထားတယ်ဆိုတဲ့ အဓိပ္ပာယ် ပေါ်တယ် အေး …… ဟုတ်ပြီ။ “ဝတ္တာ စ ဝစနက္ခမော´´´ သူများက ဆုံးမရင်လည်း လက်ခံနိူင်ရမယ်။ အဲဒီ လက်ခံနိူင်တာလည်းပဲ မိတ်ကောင်း၊ ဆွေကောင်းရဲ့ အင်္ဂါရပ်ပဲ။ နောက်တစ်ခုက (၆) “`နော စ ဋ္ဌာနေ နိယောဇကော´´´ များသောအားဖြင့် လူတွေက သူများကို ချောက်တွန်းတတ်တဲ့ အလေ့အထလေး ရှိတယ်ပေါ့။ ချောက်တွန်းတယ်ဆိုတာ မကောင်းမှန်းသိလျက်နဲ့ တွန်းပို့တာမျိုးပေါ့။ အဲဒါမျိုးမလုပ်တဲ့ ဆရာသမားမျိုးကို ရွေးပြီးတော့ ကိုးကွယ်ပါတဲ့။ “`ပိယော ဂရု ဘာဝနိယော၊ ဝတ္တာ စ ဝစနက္ခမော´´´ အဲဒီ ပုဂ္ဂိုလ်မျိုးကို ကိုးကွယ်ပါ။ ထို့အတူပဲ လောကမှာ အဲဒီလို မိတ်ဆွေတွေ ရှိတယ်။ #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏 ဓမ္မဒါန_(Su Myat) ✨✨
via အလင်းရောင် ဓမ္မ https://ift.tt/2FuZhCa
Newer Post
Older Post
Home