အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Friday, January 10, 2020
" အာဒိယသုတ် " 🌹🌹🌹🌹🌹 အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာ၀တ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတ၀န်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရား ထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေသော အနာထပိဏ် သူဌေးအား မြတ်စွာဘုရားသည်- ဒါယကာ စည်းစိမ် ရကြောင်းတို့သည် ဤငါးမျိုးတို့တည်း။ အဘယ် ငါးမျိုး တို့နည်း ဟူမူ... ၁... ဒါယကာ ဤလောက၌ အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေး ဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ် ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် မိမိကိုယ်ကို ချမ်းသာ စေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်နိုင်၏၊ မိဘတို့ကို ချမ်းသာ စေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်နိုင်၏၊ သား မယား ကျွန် အမှုလုပ် ယောက်ျားတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်နိုင်၏။ ဤကား ပဌမ စည်းစိမ်ရကြောင်းတည်း။ ၂... ဒါယကာ ဤလောက၌ အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေး ဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ် ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် အဆွေ ခင်ပွန်း ချစ်ကျွမ်း၀င်သူတို့ကို ချမ်းသာစေ၏၊ နှစ်သက်စေ၏၊ ချမ်းသာကို ကောင်းစွာ ဆောင်နိုင် ၏။ ဤကား ဒုတိယ စည်းစိမ်ရကြောင်းတည်း။ ၃... ဒါယကာ ဤလောက၌ အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေး ဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ် ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် မီးကြောင့် လည်း ကောင်း၊ ရေကြောင့် လည်းကောင်း၊ မင်းကြောင့် လည်းကောင်း၊ ခိုးသူကြောင့် လည်းကောင်း၊ မချစ်မနှစ်သက်အပ်သူ အမွေခံဆိုးကြောင့် လည်းကောင်း ဖြစ်ပေါ် လာသော ထိုသို့ သဘောရှိသော ဘေးရန်တို့၌ ထက်၀န်းကျင်မှ ပိတ်ဆို့၍ မိမိ ကိုယ်ကို ချမ်းသာအောင် ပြု၏။ ဤကား တတိယ စည်းစိမ်ရကြောင်းတည်း။ ၄... ဒါယကာ ဤလောက၌ အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေး ဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ် ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် ဆွေမျိုးတို့အား ပူဇော်ခြင်း၊ ဧည့်သည်တို့အား ပူဇော်ခြင်း၊ ရှေးက သေပြီးသော ဆွေမျိုးတို့အား ပူဇော်ခြင်း၊ မင်းအား ပူဇော်ခြင်း၊ နတ်အစစ်တို့အား ပူဇော်ခြင်း ဟူသော ငါးပါးသော ပူဇော်ခြင်းကို ပြုလုပ်၏။ ဤကား စတုတ္ထ စည်းစိမ်ရကြောင်းတည်း။ ၅... ဒါယကာ ဤလောက၌ အရိယာတပည့်သည် လက်ရုံးအားကိုး ဆည်းပူး၍ ချွေး ဒီးဒီးကျ ဖြစ်စေအပ်ကုန်သော တရားနှင့်လျော်ကုန်သော တရားသဖြင့် ရအပ် ကုန်သော ထကြွလုံ့လဖြင့် ရအပ်ကုန်သော စည်းစိမ်တို့ဖြင့် မာန်ယစ်ခြင်း မေ့လျော့ခြင်းမှ ကင်းကုန်သော၊ သည်းခံခြင်း ကောင်းသော အမှု၀ယ် မွေ့လျော် ခြင်း၌ တည်ကုန်သော၊ တစ်ယောက်တည်းသော မိမိကိုယ်ကို ဆုံးမကုန်သော၊ တစ်ခုတည်းသော မိမိစိတ်ကို (ကိလေသာမှ) ငြိမ်းအေးစေကုန်သော၊ တစ်ခုတည်း သော မိမိစိတ်ကို (ကိလေသပရိနိဗ္ဗာန်အားဖြင့်) ငြိမ်းအေးစေကုန်သော သဘော ရှိသည့် သမဏဗြာဟ္မဏတို့၌ အထက်ဘုံသို့ သွားကြောင်း ဖြစ်သော၊ နတ်ပြည် အစီးအပွါး ဖြစ်သော၊ ချမ်းသာကျိုး ရှိသော၊ ကောင်းမြတ်သော အာရုံကို ဖြစ်စေ တတ်သော မြတ်သော အလှူကို ဖြစ်စေ၏။ ဤကား ပဉ္စမ စည်းစိမ်ရကြောင်းတည်း။ ဒါယကာ စည်းစိမ်ရကြောင်းတို့သည် ဤငါးမျိုးတို့တည်း။ ဒါယကာ စည်းစိမ်ရကြောင်း ငါးမျိုးကို ရသော ထိုအရိယာတပည့်အား အကယ်၍ စည်းစိမ်တို့သည် ကုန်ခြင်းသို့ ရောက်ခဲ့မူ ဟု စိတ်အကြံ ဖြစ်၏။ ဤသို့လျှင် ထိုအရိယာတပည့်အား နှလုံးသာယာခြင်း ဖြစ်၏။ ဒါယကာ စည်းစိမ်ရကြောင်း ငါးမျိုးတို့ကို ရယူသော ထိုအရိယာတပည့်အား အကယ်၍ စည်းစိမ်တို့သည် တိုးပွါးခဲ့မူ ဟု စိတ် အကြံဖြစ်၏။ ဤသို့လျှင် ထိုအရိယာတပည့်အား နှစ်ပါးသော အခြင်းအရာဖြင့်ပင် နှလုံးသာယာခြင်းဖြစ်၏ ဟု (မိန့်တော်မူ၏)။ ငါသည် စည်းစိမ်တို့ကို သုံးဆောင်ခဲ့ပြီ၊ (မိဘတို့ကို) လုပ်ကျွေးခဲ့ပြီ၊ သားမယားတို့ကို မွေးမြူခဲ့ပြီ၊ ဘေးရန်တို့ကို လွန်မြောက်ခဲ့ပြီ၊ အထက်နတ်ပြည်၌ ဖြစ်စေတတ်သော အလှူကို ပေးလှူခဲ့ပြီ၊ ထို့ပြင် ငါးမျိုးသော ပူဇော်မှုကိုလည်း ပြုခဲ့ပြီ၊ သီလရှိကုန် (ကိုယ်နှုတ်နှလုံး)စောင့်သုံးကုန်သော မြတ်သော အကျင့်ကို ကျင့်သုံး သူတို့အား လုပ်ကျွေးခဲ့ပြီ။ အိမ်၌ နေသော ပညာရှိသည် အကြင် အကျိုးငှါ စည်းစိမ် ဥစ္စာတို့ကို အလို ရှိရာ၏၊ ထိုအကျိုးသည်ငါ့အား အစဉ် ဆိုက်ရောက်လေ ပြီ၊ နောက်တစ်ဖန် မပူပန်ရသော အမှုကို ငါ ပြုခဲ့ပေပြီ။ ဤသို့ အဖန်ဖန် အောက်မေ့သော လူဖြစ်သူ သတ္တဝါသည် အရိယာတို့၏ တရား၌ တည်၏၊ ထိုသူကို ဤဘ၀၌ပင် ချီးမွမ်းကြကုန်၏၊ တမလွန် ဘ၀၀ယ် နတ်ပြည်၌ မွေ့လျော်ရ လေသတည်း။ ၁ - အာဒိယသုတ်၊ မုဏ္ဍရာဇ၀ဂ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။ Posted by U Lawkanartha 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ #ဗုဒ္ဓတရားတော်များ 🙏🙏🙏🙏🙏🙏🙏
via အလင်းရောင် ဓမ္မ https://ift.tt/30cDd8P
Newer Post
Older Post
Home