Thursday, January 9, 2020

ပြာသိုလပြည့် ရှင်တစ်ထောင် အခါတော်နေ့ “ပြာသိုလပြည့်-ရှင်တစ်ထောင် အခါတော်နေ့” •••••••••••••••••••••••••••••••••••••••••••••••••••••• (၁)။ ရှင်တစ်ထောင် အခါတော်ပွဲ ကျင်းပရခြင်း အကြောင်းမှာ- ဂေါတမ မြတ်စွာဘုရားလက်ထက်တော်အခါက ရသေ့ညီနောင် ရှင်တစ်ထောင်တို့သည် ပြာသိုလပြည့်နေ့တွင် မိမိတို့၏အယူဝါဒကို ပယ်စွန့်ပြီး ဗုဒ္ဓသာသနာတော်သို့ ကူးပြောင်းရောက်ရှိသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။ (၂)။ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကိုချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် ရောက်တော်မူပါသည်။ ပြာသိုလပြည့်နေ့ထိ ၂ လကြာမျှ ဥရုဝေလတောတွင် သီတင်းသုံး၍ ရသေ့များအား စည်းရုံးခဲ့ပါသည်။ (၃)။ ထိုအချိန်က ဥရုဝေလတောတွင် အစ်ကိုကြီး ဥရုဝေလကဿပခေါင်းဆောင်သော ရသေ့ ၅၀၀၊ အစ်ကိုလတ် နဒီကဿပ ခေါင်းဆောင်သောရသေ့၃၀၀၊ ညီအငယ် ဂယာကဿပ ခေါင်းဆောင်သောရသေ့ ၂၀၀ တို့ သုံးနေရာခွဲ၍ နေထိုင်လျက်ရှိကြပါသည်။ (၄)။ မြတ်စွာဘုရားက ဥရုဝေလကဿပထံ နေခွင့်တောင်းရာ နဂါးကြီးရှိသော မီးတင်းကုပ်ကို နေခွင့်ပေးပါသည်။ မြတ်စွာဘုရားက နဂါးကြီးကို တန်ခိုးတော်ဖြင့် နှိမ်နင်းပြရာ ဥရုဝေလကဿပနှင့် ရသေ့များက အထင်ကြီးသွားကြပါသည်။ (၅)။ ရသေ့အားလုံး ကိလေသာခေါင်းပါးရန် မီးလှုံခြင်း၊ ရေငုပ်ခြင်း စသော ပဉ္စာတပအကျင့်များကို ကျင့်ကြံနေကြပါသည်။ ကျင့်ကြံပုံမှာ ဆီးနှင်းတွေ ဝေကျပြီး ခိုက်ခိုက်တုန်ချမ်းအေးသော ပြာသိုလ အတွင်းသတ်မှတ်ရက် ၈ ညတွင်နေရဉ္စရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြပါသည်။ မြတ်စွာဘုရားက ရသေ့များ အအေးဒဏ်မှ သက်သာစေရန် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော်မူပါသည်။ (၆)။ မြတ်စွာဘုရားက ရသေ့များခွဲ၍ မကွဲသော ထင်တုံး ၅၀၀ ကို တစ်ပြိုက်နက် ကွဲစေခြင်း၊ ရသေ့များ မွှေးမရသောမီးကို တစ်ပြိုက်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍မရသော မီး ၅၀၀ ကို တစ်ပြိုက်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်း ၅၀၀ ကို တစ်ပြိုက်နက် ဖန်ဆင်းခြင်း စသော တန်ခိုးတော်များကို ပြသတော်မူပါသည်။ တန်ခိုးတော် စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ တော်မူခဲ့ပါသည်။ (၇)။ ရသေ့အားလုံး သူတို့၏အသုံးအဆောင်များကို မြစ်ထဲသို့မျှောပစ်ကာ မြတ်စွာဘုရားထံ ရဟန်းအဖြစ်ကို တောင်းခံကြပါသည်။ ပထမအကြိမ် ဥရုဝေလကဿပနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿပနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿပနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ၀င်ရောက်ကြပါသည်။ ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများချည်း ဖြစ်လာကြပါသည်။ (၈)။ မြတ်စွာဘုရားက ရဟန်းတစ်ထောင်ကို ဂယာသီဟကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယသုတ္တန် ဒေသနာကို ဟောတော်မူရာ ရဟန်းအားလုံး အာဝေ၀ါကုန်ခန်း၍ ရဟန္တာအဖြစ်သို့ ရောက်တော်မူကြပါသည်။ (၉)။ သို့ဖြစ်၍ ပြာသိုလပြည့်နေ့တွင် ရှင်တစ်ထောင် ကျွတ်ပွဲကို နှလုံးမူ၍ မြတ်စွာဘုရားအား နံ့သာမီးဖြင့် ပူဇော်ပြီးလျှင် မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ် တံခါးခြောက်ပေါက်ကို လုံအောင်ပိတ်၍ မီး ၁၁ ပါးမှ ငြိမ်းအေးအောင် ကြိုးစားအားထုတ်သင့်ကြပါသည်။။ -【စာရိုက်ပူဇော်သူ - Admin Team of Young Buddhist Association】 -【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ (မာဂဓီ-သာစည်) ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】


via အလင်းရောင် ဓမ္မ https://ift.tt/2QWTY3S