အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, September 16, 2019
"ပိုက်ဆံ ကိုင်ရလို့ လူထွက်တာ မဟုတ်ဘူး ၊ သာသနာမှာ သဒ္ဓါတရားနည်းလို့ လူထွက်တာ" (မင်းကွန်း တိပိဋက ဆရာတော်ကြီး၏ သြဝါဒ) တခါက "ရန်ကုန် ပဉ္စနိကာယနိကာယ် စာမေးပွဲ စာအောင်ပူဇော်ပွဲ"အတွက်"သြဝါဒါစရိယဆရာတော်ကြီးများ"နှင့် "အသင်းလူကြီးများ" စည်းဝေးပွဲတွင် "ပခုက္ကူတိပိဋကဆရာတော်-က -"စာအောင်သံဃာ"အား ပူဇော်ရာ တွင် အပ်စပ်သော "စာအုပ်,သင်္ကန်း"စသည်တို့ဖြင့်သာ ပူဇော်ရန်။ -မအပ်စပ်သည့် "နဝကမ္မဝတ္ထုငွေ"တို့ဖြင့် မပူဇော်ရန် အကြံပြုပါသည်။ ထိုအခါ - "မင်းကွန်းတိပိဋကဓရ ဆရာတော် "-က -"နဝကမ္မဝတ္ထုငွေ"ဟာ စိတ်ထားတတ်သူတို့အတွက် အပြစ်က နည်းတယ် ၊ သာသနာအတွက် အကျိုးက များတယ်။ ဒါ့ကြောင့် သာသနာ အတွက် အကျိုးများရာကို ကြည့်ပြီး "နဝကမ္မဝတ္ထုငွေ"နဲ့ ပူဇော်သင့်တယ်"- ဟူ၍ အောင်မြင်သော အသံဖြင့်"ဓမ္မာရုံကြီး" ဟိန်းသွားအောင် မိန့်တော်မူပါသည်။ ထို့နောက် ဆက်လက်၍- "မင်းကွန်း"မှာ ဘုန်းကြီးတို့ ငယ်စဉ်က မန္တလေးစာဝါလိုက်ဘို့ မြစ်ဆိပ်လာရင် "ငှက်လှေသမား"တိုင်းက "နိဗ္ဗာန်ကူးတို့"အလကား အခမဲ့ ပို့ကြတယ်။ "မန္တလေး"ဘက်ရောက်တော့ "ဈေးချို"ကို မြင်းလှည်းစီး "ဆယ်ပြား"ပေးရတယ်။ "ဈေးချို"မှ "ဘုရားကြီး " မြင်းလှည်းစီးရတယ်၊ "ဆယ်ပြား"ဘဲ။ "ဘုရားကြီး ဆတော်"(ဘုရားကြီး ဆရာတော် ) ထံ စာဝါ လိုက် ပြန်တော့လဲ ဒီတိုင်းဘဲ။ ဒီလိုပိုက်ဆံ ကုန်ခံ စာဝါတွေလိုက်ခဲ့လို့ "ဆရာနည်း"တွေ , "သာသနာပြုနည်း"တွေ အများကြီးရခဲ့တယ်။ ခုခေတ် - ဘယ်"ငှက်လှေသမား", ဘယ်"မော်တော်သမား"ကမှ "အလကား အခမဲ့"တင်မှာ မဟုတ်ဘူး။ ဒီလိုဆို , "မော်တော်ခ , ကားခ" မရှိလျှင် ဦးဇင်းလေး တွေ အဝေး ကို စာဝါ မလိုက်ရလို့ "ဆရာနည်း"တွေ , "သာသနာပြုနည်း"တွေ ရမှာ မဟုတ်ဘူး။ မရလျှင် သာသနာ အတွက် အကျိုးတွေ အများကြီးလျော့မယ်။ "နိဿ ဂ္ဂိ"က တချိန်ချိန်မှာ ကုစားလိုက်လျှင် မထိုက်တော့ဘူး။ "ပိုက်ဆံ ကိုင်ရလို့ လူထွက်တာ မဟုတ်ဘူး ၊ သာသနာမှာ သဒ္ဓါတရားနည်းလို့ လူထွက်တာ" ဒီလို -"သာသနာ အတွက် အ ကျိုးက များပြီး "အပြစ်က နည်း" လို့လည်း- -ဆတော်ဗုဒ် တို့ -ဓမ္မကူးဆတော် တို့ -ရွှေဥမင်ဆတော် တို့ -မစိုးရိမ်ဆတော် တို့ -လယ်တီဆတော် တို့ စတဲ့ ကိုယ့်ထက် စာတတ်တဲ့ - အနေထိုင်ကောင်းတဲ့ "သံဃာ့ဖခင်ကြီး"တွေ ကိုယ်တိုင်က မတားမြစ်ခဲ့တာကို ကိုယ့်ကျမှ ရေးကြီးခွင်ကျယ် လုပ်မနေကြနဲ့။ "စာအောင်သံဃာ"တွေကို ထိုက်ထိုက်တန်တန် "နဝကမ္မ ဝတ္ထုငွေ"နဲ့ ပူဇော်ကြ။ - ဟူ၍ "အသံ ခပ်မာမာ"ဖြင့် ယတိပြတ် မိန့်ခဲ့ပေသည်။ ထို့ကြောင့် "နိဿ ဂ္ဂိထိုက်သည်"ဆိုသည်မှာ- စာသင်သားရဟန်းသံဃာတော်များ အတွက် "ပါရာဇိက ကျခြင်း "မဟုတ်။ ကုစား၍ ရသော အရာဖြစ်သည်"-ဟု ဗဟုသုတရပြီး သာသနာအကျိုးအတွက် ငဲ့ကွက်ခွင့်လွှတ်နိုင်ကြပါစေသော်ဝ်။ Copy: Credit
via အလင်းရောင် ဓမ္မ https://ift.tt/2ZXGf3b
Newer Post
Older Post
Home