အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Tuesday, September 17, 2019
တွေ့ရသူတွေကို နှုတ်ဆက်ထားခဲ့ပါ •••••••••••••••••••••••••••••••••• #တိမ်တိုက်ပမာ သံသရာ တွေ့လာ တစ်ခဏ။ #လေကြောင့်ကွဲကွာ ပျက်ရရှာ လျှင်စွာ ပျောက်သွားကြ။ #သတိဥာဏ်ကူ အပူနှုတ်ကာ အေးတာကိုဆက် ရှေ့ကိုတက် နှုတ်ဆက်သူတွေ စိတ်အေးရ။ လူ့ဘဝ ဘူတာမှာ ခဏတွေ့ရသူတွေအားလုံး ကောင်းကင်မှာရှိနေတဲ့ တိမ်တိုက်ကြီးတွေနှင့် တကယ်တူပါတယ်။ ကောင်းကင်က တိမ်တိုက်ကြီး တွေကို သေချာကြည့်စမ်းပါ။ အဝေးကြီးမှာ တစ်ခုစီ တစ်ခုစီ ရှိနေကြတဲ့ တိမ်တွေဟာ မကြာမီ ပေါင်းစုမိသွားတယ်။ လေက ပေါင်းစုပေးလို့ စုမိကြတာပါ။ ဖြိုချပစ်လို့ ရုတ်တရက် ကိုယ့်မှာရှိတာတွေ ပျောက်ကွယ်ပြိုကျကုန်တယ်။ ကံကြောင့် ဆုံရတယ်။ ကံကြောင့်ကွဲရတယ်။ ကံကြောင့် ပြိုရတဲ့သဘောကို ဥာဏ်သွင်းပြီး ကြည့်ရှု သုံးသပ်ထားရမှာ ဖြစ်တယ်။ ဘယ်သူနှင့်တွေ့တွေ့ ဘာတွေပဲရှိရှိ ခဏလေးတွေ့ရမှာဖြစ်ပြီး လူ့ဘဝဘူတာမှ မီးရထား ထွက်သွားတာနဲ့ အားလုံးခွဲကြရမှာပါ။ ဓမ္မဝတ်ကျေအောင် နှုတ်ဆက်ထားမှ စိတ်အေးရမယ်။ နှုတ်ဆက်တယ်ဆိုတာ အပူကိုနှုတ်ပြီး အအေးနဲ့ ဆက်ပေးတာကို ပြောတာ။ ခွဲခွာရတဲ့အချိန်မှာ ပူကြဆွေးကြ ငိုကြကြွေးကြ မျက်ရည်ကျ ကြတာတွေဆိုတာ နှုတ်ဆက်တာ မဟုတ်ဘူး။ အဲဒါ ရန်လုပ်တယ်လို့ ခေါ်တယ်။ မကျေနပ်လို့ ရန်လုပ်တဲ့ အမူအရာကို ပြကြတာပါ။ ခွဲခွာသွားသူရော ကျန်ရစ်သူပါ စိတ်အေးစရာ ကိုယ့်ဖို့ တရားကျန်ခဲ့မှ နှုတ်ဆက်တာ အစစ်ပါ။ သတိ ဝီရိယ သမာဓိ ဥာဏ်အားနဲ့ အပူကိုနှုတ်လို့ အအေးကို ဆက်နိုင်မှ… အရှုပ်ကိုနှုတ်လို့ ရှင်းတာတွေကို ဆက်ပေးနိုင်မှ… ညစ်တာတွေကို ပယ်ရှားနှုတ်ပစ်လို့ သဒ္ဒါ ပညာ မေတ္တာနဲ့ သန့်ရှင်းတဲ့ ဒါန သီလ ဘာဝနာတွေကို ဆက်ပေးနိုင်မှ… ကြောက်စရာတွေကို နှုတ်ပြီး မကြောက်ရမယ့် ကောင်းမှုတရားကို ဆက်ပေးနိုင်မှ… နှုတ်ဆက်တယ်လို့ ဆိုနိုင်ပါတယ်။ ခဏတွေ့ရသူတွေကို အပိုင်မစီးချင်ပါနဲ့။ နှုတ်ဆက်ရရင်ပဲ ကျေနပ်ပါ။ သူတို့အတွက် ပေးသမျှ ကျွေးသမျှ ဒါန ကျန်ရစ်ခဲ့ပါစေ။ ဒါနနဲ့ နှုတ်ဆက်ပါ။ သူတို့ကိစ္စ ဆောင်ရွက်ပေးရသမျှ ဝေယျာဝစ္စ တွေ သီလကျင့်ဝတ်တွေ ကျန်အောင် ဆွဲယူ ထားလိုက်ပါ။ သီလနဲ့ နှုတ်ဆက်ရုံပေါ့။ သတိ ဝီရိယတွဲလို့ဖြစ်ဖြစ် မေတ္တာတရားထားလို့ ပဲဖြစ်ဖြစ် ငြိမ်သက်အေးချမ်းတဲ့ သမာဓိကျန်ခဲ့ဖို့ လိုမယ်။ဘာပဲလုပ်လုပ် သမာဓိနဲ့ နှုတ်ဆက်ပါ။ ကုန်တတ်တဲ့ သဘော (အနိစ္စ) ညှင်းဆဲတတ်တဲ့ သဘော (ဒုက္ခ) မပိုင်တဲ့ သဘော (အနတ္တ)တွေကို ဥာဏ်သွင်းကြည့်ရှုပြီး အချိန်တိုင်းမှာ ဝိပဿနာနဲ့ နှုတ်ဆက်ထားရမယ်။ ကိုယ့်ဟာကိုယ် ကျွေးတာတောင်မှ သီလ သမာဓိ ဝိပဿနာနဲ့ နှုတ်ဆက်ထားမှ စိတ်အေးရမယ်။ ယောဆရာတော်ဘုရားကြီး
via အလင်းရောင် ဓမ္မ https://ift.tt/2AmmGDn
Newer Post
Older Post
Home