Wednesday, September 18, 2019

စေတနာဆိုတာ ကံ ➖➖➖➖➖➖ ❖ လူတွေဟာ ဘာပဲလုပ်လုပ် စေတနာနဲ့လုပ်တတ်ကြပါတယ်။ စိတ်ရင်း မကောင်းတဲ့သူဟာ သူ့စိတ်ဆိုးက စေ့ဆော်တဲ့အတိုင်း စေတနာဆိုးနဲ့လုပ်ပါတယ်။ စိတ်ရင်းစေတနာ ကောင်းပြီး ကံကံ၏ အကျိုးကို ယုံကြည့်တဲ့ သူတွေကတော့ စေတနာကောင်းနဲ့ အလုပ်လုပ်လေ့ ရှိကြပါတယ်။ ❖ ကိုယ့်စေတနာ ကိုယ်အကျိုးပေးဆိုတဲ့ စကားအတိုင်း စေတနာဆိုးနဲ့ လုပ်လိုက်လို့ အလုပ်တစ်ခု ပြီးမြောက်သွားတယ်ဆိုရင် အဲဒီလူအတွက် ကံဆိုးတစ်ခု ရသွားတာပါပဲ။ မကောင်းကျိုး ပေးနိုင်တဲ့ကံကို ရသွားတာပါပဲ။ အဲဒီလိုပဲ စိတ်ရင်းကောင်းတဲ့သူ အလုပ်တစ်ခု ပြီးမြောက်သွားတဲ့အခါမှာ ကံကောင်းတစ်ခု ပြီးမြောက်သွားတယ်။ အဲဒီကံက အကျိုးပေးကောင်းတွေ ပေးတော့မှာပါပဲ။ ❖ ဘ၀မှာ ကံဆိုးအမျိုးမျိုးကိုတွေ့တတ်ကြပါတယ်။ ကံဆိုးနေတဲ့အချိန်မှာ မိမိကိုယ်ကို မဆောက်တည်နိုင်တဲ့ သူတွေကတော့ အမှား ပိုလုပ်တတ်ကြပါတယ်။ အသိဥာဏ်နဲ့မယှဉ်နိုင်ဖြစ်တတ်ကြတယ်။ သူကံဆိုးတာဟာ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုပြီးသူတစ်ပါးကို အပြစ်ပုံချတတ်ကြပါတယ်။ အမှန်တကယ်တော့.... သူတစ်ပါးက မိမိကို မကောင်းကြံတယ် ဆိုရင်တောင်မှ မိမိဘက်က ချို့ယွင်းချက်ရှိနေလို့ပါပဲ။ အဲဒီလို့ မတွေးနိုင်ပဲ သူတစ်ပါးရဲ့အပြစ်ကိုသာ ကြည့်ပြီး လက်တုံ့ပြန်မယ်ဆိုရင် အမှားတစ်ခု ထပ်တိုးပြီး ကံဆိုးသံသရာက ရှည်နေတော့မှာပါ။ ❖ မိမိရဲ့ ကံအဆိုးတွေ ပိုမိုဆိုးမသွားအောင် ဘုရားတရားသံဃာ ရတနာသုံးပါရဲ့ အဆုံးအမနဲ့အညီ နေထိုင်မယ်လို့ စိတ်ကိုဖြောင့်ဖြောင့်ထားကာ စေတနာမှန်နဲ့ နေထိုင်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ ❖ ကံဆိုးအကျိုးပေးတဲ့ အချိန်မှာတောင်မှ မိမိကိုယ်ကို ဆောက်တည်ပြီး ကံဆိုးတွေ သိပ်မပြင်းထန်အောင် ကြိုးစားနိုင်သေးတယ်ဆိုရင် ကံကောင်းတဲ့ သူများလည်း ကံပိုပြီး ကောင်းလာအောင် ကြိုးစားဖို့သင့်ပါတယ်။ ❖ လာဇာဒေ၀ဓီတာ ပေါက်ပေါက် နတ်သမီးကလေးဆိုတဲ့ နတ်သမီးကလေး တစ်ယောက်ရဲ့ အကြောင်းကို ကြည့်ရအောင်... ❖ သူဟာမူလက အလွန်ဆင်းရဲတဲ့ လယ်သူမကလေး ဖြစ်ပါတယ်။ အရှင်မဟာကဿပ ရဟန္တာ အရှင်မြတ်ကြီး နိရောဓ သမာပတ်က ထတော်မူတဲ့အခါ ချီးမြှင့်သင့်တဲ့သူကို ဆင်ခြင်ပြီး အဲဒီသူဆင်းရဲမကလေး ထံက ပေါက်ပေါက်များကို အလှူခံခဲ့ပါတယ်။ ပေါက်ပေါက်များကို လှူပြီး ဒါနအပေါ်မှာ ပီတိဖြစ်ကာ အိမ်ကိုအပြန် လမ်းမှာ မြွေကိုက်ပြီး သူဆင်းရဲမကလေး သေရှာပါတယ်။ သေလျှင်သေချင်း သူ့ကုသိုလ် အဟုန်ကြောင့် နတ်သမီးဖြစ်သွားပါတယ်။ ❖ လာဇာဒေ၀ဓီတာ အမည်နဲ့ နတ်သမီးဖြစ်လာတဲ့ သူဆင်းရဲမလေးက သူအဖြစ်ကို သူချက်ချင်းဆင်ခြင်ပါတယ် အဲဒီအချိန်မှာ သူ့အလောင်းဟာ လယ်ကန်သင်းရိုးပေါ်မှာပဲ ရှိနေပါသေးတယ်။ နတ်သမီး ကလေးက သူ့ကုသိုလ်ဟာ အလွန်နည်းပါးပါလား၊ နတ်သမီး ဘ၀များ မေ့လျော့ ခံစားနေခဲ့ရင် တစ်နေ့မှာ ကုသိုလ်ကံအဟုန် ကုန်သွားလိမ့်မယ်။ ကုသိုလ်အမှုများကို ထပ်ပြုဦးမှ တော်မယ်ဆိုပြီး ကုသိုလ်အမှုများ ထပ်ပြီး ပြုတဲ့အတွက် သောတာပန် တည်သွားခဲ့ပါတယ်။ ❖ အဲဒီအဖြစ်ကလေးဟာ ကံကောင်းနေတဲ့သူများ သတိထားဖို့သင့်တဲ့ အချက်ပါ။ ကုသိုလ်ကံကောင်းဆိုတာ မျိုးစေ့ကောင်းနဲ့တူပါတယ်။ မျိုးစေ့ကောင်းကို လက်ဝယ်ပိုင်ပိုင် ရထားတဲ့ သူများက ပိုပြီး သတိထားရပါမယ်။ ကုသိုလ်မျိုးစေ့ ကောင်းပါလျက်နဲ့ ကောင်းစွာစိုက်ပျိုးခြင်း မရှိခဲ့ရင် မျိုးစေ့ သုဉ်းသွားနိုင်ပါတယ်။ အဲသည်လိုပါပဲ မိမိရဲ့အတိတ်ကံ ကောင်းနေရုံသာမက အခုအချိန်မှာလည်း ကောင်းတဲ့ အမှုများကို လုပ်ပြီး ကောင်းမှုဆက်နေတဲ့ သူဖြစ်ခဲ့ရင် ကံအကျိုးပေးပုံက ရှင်သန်နေမှာ ဖြစ်ပါတယ်။ #Credit to ✿ (ယောဆရာတော်) ✿ ❖ ဘ၀တု သဗ္ဗမင်္ဂလံ။ ဓမ္မဒါနကုသိုလ်အဖြစ်မျှဝေ ပူဇော်ပါသည်။ 🙏ခရီး သည်​ များအားလုံးပဲ့ မင်္ဂလာပါ ခင်​ဗျာ 🙏 🙏ပြန်​လည်​မျှ​ဝေသူ ခရီး သည်​ 🙏


via အလင်းရောင် ဓမ္မ https://ift.tt/303RW9j