အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Saturday, September 21, 2019
" အကြီးအကဲ " •••••••••••••• ကြီးလျှင်....ကဲလာတတ်သည်၊ သတိထား ။ ကြီးလေလေ...ကဲလေလေဖြင့် အကြီးဆုံးသည် အကဲဆုံးတည်း။ တောင်ကြီးလျှင် တောင်ငယ်တို့ထက် ကဲလျက်မိုးနေပြီမုချ။ သစ်ကြီး ဝါးကြီးသည် သူ့အောက်ငယ်တို့အပေါ် အကဲတက်နေပြီ။ ထို့အတူ လူကြီးလျှင် လူငယ်ထက် ကဲတတ်၏။ အခြားသတ္တဝါများမှာလည်း နည်းနည်းကြီး၊ နည်းနည်းပင်ကဲ၏ ။ လူတို့်တွင် တစ်ဦးကား အများထက် သီလအကျင့်၌ အားကြီးဘိ၏ ထိုသူအများတို့ထက် သီလအားဖြင့် အကဲရပြီး၊ ရှေ့ရောက်နေချေပြီ။ တစ်ဦးကား … သမာဓိ၊ ပညာ စသည့် ကောင်းဂုဏ်၌ သူမတူတန် အားကြီးလှချေ၏။ ထိုသူ ထိုသမာဓိ၊ ပညာ နယ်ပယ်နှင့် ပတ်သက်လာလျှင် သူတကာတို့ထက် အကဲအသာရပြီး ရှေ့ဆုံးသို့ ရောက်ရချေပြီ ။ အို … ဗုဒ္ဓဝါဒီတို့ … သင်တို့သည် ဘာတွေကြီး၍ ဘာတွေကဲနေကြပါသနည်း ။ သီလ၊ သမာဓိ စသည့် ကောင်းဂုဏ်နှင့်ကြီးသော လူကြီးဖြစ်နေလျှင် မဆိုသာပါ။ ကဲလေ ကောင်းလေသာ ဖြစ်သဖြင့် အားပေးရမည်သာ ဖြစ်ပါ၏။ ရာဂ၊ ဒေါသ စသည် မကောင်းဂုဏ်နှင့်ကြီးသော လူကြီးဖြစ်ခဲ့လျှင်ကား … ကဲလေ ပြဲလေ ဖြစ်တတ်ပါ၏ ။ လူကြီးလေ အပူကြီးလေ ဖြစ်တတ်ပါ၏ ။ အသက်ကြီးလေ ပျက်စီးလေလည်း ဖြစ်တတ်လှပါ၏ ။ လူကြီးသည် လူသေးထက် ကိလေသာကြီး၍ ကိလေသာ အပူကဲ ကဲနေတတ်သည်ကို သတိပြုစေလို၏။ လူကြီးပျက်တော့ အေးစက်စက် လူသေးပျက်တော့ သွေးဆူပွက် ဟူဘိသို့ သွေးအေးအေးနှင့် ကျိတ်ကဲ ကဲနေတတ်သည်ဟု ကိုယ့်အကြောင်း ကိုယ်တွေး၍ ရေးရေးမျှ သိစေလို၏ ။ ကောင်းဂုဏ်နှင့်ကြီးလျှင် မျက်နှာပွင့်ပေမင့်၊ ဆိုးဂုဏ်နှင့်ကြီးလျှင်ကား မျက်နှာမတင့် ဖြစ်တတ်လှချေ၏။ ကောင်းဂုဏ်ကြီး၍ ကဲသည်မှာ သဒ္ဓါ၊ သီလစသည့် သူတော်ကောင်းဥစ္စာတို့ကို အမွေရသဖြင့် ကဲခြင်းသာဖြင့်၍ မျက်နှာပွင့်၏ ။ ဆိုးဂုဏ်ကြီး၍ ကဲသည်ကား ရာဂ၊ ဒေါသ စသည့်သူယုတ်ဥစ္စာ အမွေရသဖြင့် ကြိုက်, မကြိုက် မသိဟူသည့် အငှါးဉာဏ်နှင့် ကဲခြင်းသာဖြစ်၍ မျက်နှာငယ်ရ၏ ။ ကိုယ်ပိုင်ပစ္စည်း ဝတ်စား၍ ကြွားသူနှင့် အငှါပစ္စည်း ဝတ်စားလျက် ကြွားသူ မည်သူသည် အကြီးသဲ၍ အကဲလှမည်နည်း ။ ကိုယ်ပိုင်ပစ္စည်းကိုင်ရင်း ပျက်စီးသူနှင့် အငှါပစ္စည်း ကိုင်ရင်း ပျက်စီးသွားသူ၊ မည်သူသည် မျက်နှာမည်း၍ အကဲမလှဖြစ်မည်နည်း ။ ကြီးသင့်သည့် အရာ၌ ကြီးမာ၍ ကဲသင့်သည့်နေရာ၌ အကဲသွားသော် ထည်ဝါခြင်း၊ ဂုဏ်ရှိခြင်းတို့ဖြင့် ဘဝတစ်ခွင် သံသာပြင် ကျင်လည်ရရာတိုင်းတို့၌ အထက်တန်းကျကျ မျက်နှာပန်းလှတတ်ပါချေသည်။ အကယ်တိတိ … မကြီးသင့်သည့်အရာ၌ ကြီးထွားနေ၍ မကဲသင့်သည့်နေရာ၌ လွဲမှားစွာ အကဲပါနေချေသော် တစ်ပြည်ပျက်လည်း အနေခက်၊ တစ်ချီပျက်လည်း အနေခက်နှင့် အသရေပျက်, အနေခက်လျက် မျက်နှာမသာ၊ ခြေရာမလှ... အောက်တန်းကျ ဘဝမျိုးနှင့် တိုးမိမှားမည်ကို သတိပေါ် ဉာဏ်တင်၊ အပြန်တွင် အသွားထည့်၍ ချဲကြည့်ကြပါဦးကွယ်တို့ … ။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဉာဏဒဿနကထာ ဓမ္မဒါနမျှဝေသူ မိုးဝင်း ပြန်လည်မျှဝေပါသည်။
via အလင်းရောင် ဓမ္မ https://ift.tt/2No2pG5
Newer Post
Older Post
Home