Friday, September 20, 2019

ငြိမ်းချမ်းသောစိတ်ဓာတ်ကို တည်ဆောက်ရန် ဝိပဿနာကျင့်စဉ် ••••••••••••••••••••••••••••••••• ကမ္ဘာပေါ်ရှိ လူသားတို့၏နှလုံးသားဝယ် ငြိမ်းချမ်းမှုမရှိလျှင် ထိုလူတို့နေသော ကမ္ဘာဝယ် အဘယ်မှာလျှင် ငြိမ်းချမ်းမှု ရှိနိုင်ပါအံ့နည်း။ ဆူပူသောင်းကျန်းခြင်းနှင့် ငြိမ်းချမ်းခြင်းသည် အတူယှဉ်တွဲ နေထိုင်နိုင်ခြင်းမရှိပေ။ လူသားတို့၏ ကိုယ်တွင် ငြိမ်းချမ်းရေး ရရှိရန် အကောင်းဆုံးနည်းလမ်းမှာ "ဝိပဿနာ" ဖြစ်ပါသည်။ ဝိပဿနာဟူသည် "Insight Meditation" ပင် ဖြစ်သည်။ ဝိပဿနာကျင့်စဉ်သည် လူမျိုးစွဲ ဘာသာစွဲ ဂိုဏ်းစွဲ ဇာတ်စွဲ အယူဝါဒစွဲတို့မှ ကင်းလွတ် သော ကျင့်စဉ်တစ်ခုဖြစ်သည်။ သိပ္ပံနည်းကျ လူသားတိုင်း၏ ဤလက်တွေ့ ဘဝနှင့် တစ်ထပ်တည်းကျသော ငြိမ်းချမ်း သော တည်ငြိမ်သော အကျိုးတရားတို့ကို လေ့လာသော နည်းစနစ်တစ်ခုဖြစ်သည်။ ဝိပဿနာ၏ အမြင့်ဆုံးသောရည်ရွယ်ချက်မှာ မိမိကိုယ်ကို အဆက်မပြတ် လေ့လာခြင်းဖြင့် မိမိကိုယ်တွင်း မိမိ၏စိတ်တွင်းမှာရှိသော အရှိတရားနှင့် အမှန်တရားတို့ကို ကိုယ်တိုင် ထိတွေ့ သိရှိနားလည်ရခြင်းနှင့် မျက်မှောက် ပြုရခြင်းပင် ဖြစ်သည်။ ဝိပဿနာတရားကို အားထုတ်ခြင်းက ထိုသူ အတွက် ရှေးကမဖြစ်ဖူသော အထူးအဆန်း သန္တိသုခကို သယ်ဆောင်ပေးလာလိမ့်မည် ဖြစ်သည်။ ထို့ပြင် ပို၍အံ့သြဖွယ်ကောင်းသော အတွေ့အကြုံများမှ ရုပ်နှင့်နာမ်တို့ Mind and Body အပြန်အလှန် ဟန်ချက်ညီညီ မည်သို့မည်ပုံ ကျေးဇူးပြု အားပေးထောက်ပံ့ လှုပ်ရှားနေကြ သည်ဆိုသည်ကို ကိုယ်တွေ့ သိမြင် နားလည် လာခြင်းပင် ဖြစ်သည်။ မည်သည့်ဘာသာကို ကိုးကွယ်သော မည်သည့်လူမျိုးမှာမဆို တူညီသော အချက်များစွာ ရှိပါသည်။ တက်မက်ခြင်း စိတ်ပျက်ခြင်း မနာလိုခြင်း ရန်လိုခြင်း မုန်းတီးခြင်း အမျက်ထွက်ခြင်း တွေဝေခြင်း မိုက်မဲခြင်း စသည့် မကောင်းဆိုးဝါး ရိုင်းပျရမ်းကားသော စေတသိတ်များ လူ့စိတ်ထဲမှာ ထကြွ သောင်းကျန်းလာသည့်အခါတိုင်း ထိုစိတ်ယုတ်မာများသည် လူ့ခန္ဓာကိုယ် တစ်ခုလုံး၌ မနှစ်မြို့ဖွယ် ထုတ်လုပ်ဖြစ်ပေါ် စေပါသည်။ အခြားတစ်ဖက်တွင်လည်း မေတ္တာ ကရုဏာ မုဒိတာ ပညာစသော လှပသော နူးညံ့သော ယဉ်ကျေးသော စေတသိတ်များ … လူ့စိတ်ထဲတွင် နိုးကြားတက်ကြွလာသော အခါ စိတ်၏အလုပ်လုပ်ပုံမှာ ပြောင်းလဲသွား ပါတော့သည်။ ဤသို့လျှင် နူးညံ့ယဉ်ကျေးသော သိမ်မွေ့သော စေတသိတ်တို့နှင့် တွဲဖက်နေသော စိတ်သည် … ချမ်းသာခြင်း ရွှင်လန်းခြင်း တက်ကြွခြင်း တည်ငြိမ်ခြင်း ငြိမ်းချမ်းခြင်းဟူသော ခံစား ချက်များကို လူ့ကိုယ်ထဲ၌ ဖန်ဆင်းလေသည်။ ခဏတိုင်း ခဏတိုင်း စိတ်သည် မုန်းတီးခြင်း သို့မဟုတ် ချစ်ခင်ခြင်း မက်မောခြင်း ရက်ရောခြင်း ရက်စက်ခြင်း ဝမ်းမြောက်ခြင်း ဝမ်းနည်းခြင်း နှစ်လိုဖွယ်ကောင်းခြင်း မနှစ်မြို့ခြင်း လိုက်လျောခြင်း ဆန့်ကျင်ခြင်း ပျော်ရွှင်ခြင်း စိတ်ပျက်ခြင်း စသည်တို့ကို ထုတ်လုပ်နေသည်။ ဖန်တီးနေသည်။ ရံခါ အတ္တလွန်ကဲ၍ တကိုယ်ကောင်း ဆန်မည်။ မည်သည့်လူသား၏ စိတ်မဆို ဤအတိုင်းသာတည်း။ ထို့ကြောင့် လူသားတို့၏ စိတ်ရေစီးကြောင်း ကြီးတခုလုံးမှာ ရေကြည်ရေနောက် တစ်မျိုး မျိုးဖြင့် အမြဲတမ်း ရေလျှံရေလွှမ်းနေသည်သာ ဖြစ်ပေ၏။ ဝိပဿနာကျင့်စဉ်သည် လူ့စိတ်၌ သော်လည်းကောင်း လူ့ရုပ်လူ့ခန္ဓာ၌ သော်လည်းကောင်း အပြန်အလှန် အလုပ်လုပ်နေကြသော ကိုယ် နှုတ် စိတ် (၃)ပါး၏ "Actrivities" များကို ဖော်ထုတ် စစ်ဆေးပေးသည်။ ကောင်းသည် ဆိုးသည် အလယ် အလတ် ဖြစ်သည်တို့ကို ဆုံးဖြတ်ပေးသည်။ သုံးသပ် ပေးသည်။ စစ်ဆေးပေးသည်။ လေ့လာ ကြည့်ရှုသည်။ Negative နှင့် Positive တို့ကို ခွဲခြားပေးသည်။ သူတို့၏ Natural Source ကို ရှာဖွေပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဆန့်ကျင်သော စိတ်ဓာတ်နှင့် ငြိမ်းချမ်းသောစိတ်ဓာတ်တို့ကို တည်ဆောက်ဖို့ရန် လူသားတို့၏ ဘဝနှင့် တစ်ထပ်တည်း ဖြစ်သော ဤဝိပဿနာကျင့်စဉ်ကို တစ်ဖက် သတ် တစ်ယူသန်အစွဲအလမ်း ကင်းရှင်းစွာဖြင့် … တစ်ကမ္ဘာလုံးက ထွက်သောရေကို တစ်ကမ္ဘာလုံးကလူတွေ ယုံကြည်စိတ်ချစွာ သောက်သုံးသကဲ့သို့ ကျင့်သုံးကြဖို့တိုက်တွန်း လိုက်ပါ၏။ သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ


via အလင်းရောင် ဓမ္မ https://ift.tt/30hCrKd