Friday, September 20, 2019

လိုချင်မက်မောနေတဲ့သူဟာ အမှန်တရားကို မမြင်နိုင်ဘူး။ 🔜🔜🔜🔜🔜🔜🔜🔜 မွေးကတည်းက စပြီးတော့ ကိုယ်သိလာတဲ့ အသိ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကိုပေးတဲ့ အသိတွေက "ရလေ ကောင်းလေ"ဆိုတဲ့ အသိပဲ ပေးခဲ့တာ။ များများရှိလေ များများရလေ များများ ချမ်းသာလေ များများသိမ်းထား လေလေ ကောင်းလေလို့ ပေးခဲ့တာ။ ဒါကြောင့် ပိုက်ဆံတွေ အများကြီးရှိလို့ အများကြီး ရှာနိုင်တဲ့သူ အများကြီးသိမ်း နိုင်တဲ့သူကို လူချမ်းသာလို့ ပြောကြတာ။ အများကြီး ရှိပြီးတော့ အများကြီး ပူလောင်နေရတာတော့ မမြင်ဘူးလေ။ မြတ်စွာဘုရားကတော့ စွန့်နိုင်မှ ချမ်းသာမယ်လို့ ပြောတယ်။ လောကက ကျုပ်တို့ကို သင်ပေးတာတော့ အများကြီးရှိမှ အများကြီးရမှ ချမ်းသာမယ် လို့ သင်ပေးတယ်။ ကျုပ်တို့က ဘယ်လမ်းစဉ်ကို လိုက်ကြတာ များတုန်း။ လောက,က သင်ပေးတဲ့ လမ်းစဉ်ကိုပဲ လိုက်ကြတာနော်။ အမေ အဖေကလည်း အဲလောက်ဘဲ သင်ပေးနိုင်တာလေ။ ပတ်ဝန်းကျင်က ပေးတဲ့ အသိကလည်း အဲဒါလောက်ပဲ ရှိတာကိုး။ ဒါကြောင့် များများနဲ့ မြန်မြန်နဲ့ လွယ်လွယ်နဲ့ ရှာနိုင်အောင် ဘာလုပ်ပေးကြတုန်း။ ပညာတွေ သင်ပေးကြတယ်။ ဒီဘက်ဘဲ တွန်းအားပေးကြတယ်။ "လောဘကြောင့် စိုးရိမ်ရတယ်"တဲ့ ဟုတ်တာပေါ့။ တစ်ခုခု လိုချင်နေပြီဆိုရင် ရမှရပါ့မလား။ အဆင်မှ ပြေပါ့မလားဆိုတဲ့ စိုးရိမ်မူလေးက ပါလာတယ်။ လိုချင်တာ ရပြီဆိုတော့လည်း ပျက်များ ပျက်စီးသွားမလားဆိုတဲ့ စိုးရိမ်မူတွေ လာပြန်တယ်။ ဒါကြောင့် လိုချင်မူဆိုတဲ့ လောဘဟာ စိုးရိမ်မှုဆိုတဲ့ သောကနှင့် ရောပြွန်းနေတယ် ဆိုတာ ပရိသတ်တို့ သဘောပေါက်ထားရ မယ်နော်။ ရလာတဲ့အခါမှာ ဝမ်းသာရင် ဝမ်းသာသလောက် ပျော်ရင် ပျော်သလောက် အဲဒီရတာတွေ ပျက်စီးပြီဆိုတော့ အကြီးအကျယ် ဆင်းရဲကြရတော့ တာပဲ မဟုတ်လား။ လိုချင်တယ်ဆိုတာ တကယ်တန်းကတော့ မပြည့်ဝလို့ လိုချင်နေရတာပဲလေ။ လောဘကို မပြည့်ဝမှု ရူထောင့်အနေနဲ့ ကလည်း မြင်တတ်ဖို့ လိုတယ်။ တစ်ခုခုကို ရချင်တယ်။ လိုချင်တယ်။ ဖြစ်ချင်တယ်ဆိုရင် ဒါ ဘာလဲ။ ဒီအတိုင်း အဆင်မပြေဘူးဆိုတဲ့ အဓိပ္ပာယ်ကို ပြောရာရောက်တယ်။ တစ်ခုခုကို ဖြစ်ချင်တယ်ဆိုရင် အခုဖြစ်နေရတာ အဆင်မပြေသေးဘူးဆိုတဲ့ သဘော။ ပြည့်ပြည့်ဝဝ မရှိသေးဘူးဆိုတဲ့ သဘော။ အဲဒီလို သက်ရောက်တယ်နော်။ ပြောရလို့ရှိရင် ဒါ အလိုမကျမူတည်းဟူသော နှောင်ကြိုးတွေပါ တစ်ခါတည်း တွဲပြီးတော့ ပါနေတယ်ဆိုတာကို နားလည်ရမယ်။ အလိုဆန္ဒရဲ့ နောက်ကွယ်မှာ အလိုမပြည့်ဝမှုဆိုတာ ရှိနေတယ်။ ကပ်နေတယ်ဆိုတာကို နားလည်ဖို့ လိုမယ်။ လိုချင်မက်မောနေတဲ့သူဟာ တကယ် အကျိုးရှိတာကို မသိနိုင်ဘူးတဲ့။ လိုချင်မက်မောနေတဲ့သူဟာ အမှန်တရားကို မမြင်နိုင်ဘူးတဲ့။ လိုချင်မက်မောမူ ဖြစ်လာတာနဲ့ အဲဒီလူဟာ အမိုက်တိုက်ကြီး အလွှမ်းခံရသလို ဖြစ်သွားတာပဲတဲ့။ မှန်လိုက်တာ… လိုချင်လာပြီဆိုရင် အကျိုးရှိတာတွေ အကျိုးမရှိတာတွေ ဘာမှ မသိနိုင်တော့ဘူး။ တရားတာတွေ မတရားတာတွေ ဘာမှ မမြင်နိုင်တော့ဘူး။ လိုချင်နေတဲ့ အခိုက်အတန့်မှာတော့ သူ့ရဲ့ဉာဏ်ဟာ ကန်းသွားပြီ။ အမိုက်မှောင်ကြီး ဖုံးသွားပြီ။ မိုက်သွားတယ် မှောင်သွားတယ်ဆိုတော့ ဘယ်မြင်တော့မလဲ။ ဘယ်သိတော့မလဲ။ လုပ်မိမှား ပြောမိမှားတဲ့ ပုဂ္ဂိုလ်တွေသာလျှင် နောင်တရဲ့ ထူထောင်းတာကို ခံကြရတာ။ အဲဒီအချိန်မှာ ပိုက်ဆံနဲ့ ကာကွယ်လို့ မရဘူး။ မဟုတ်တာလုပ်ထားတယ်။ နောင်တရတယ်။ ပိုက်ဆံဘယ်လောက်ရှိရှိ ရမှာပဲ ဒီနောင်တက မဟုတ်တာ လုပ်ထားရင် လာမှာပဲလေ။ ငြိကပ်တွယ်တာမူ ကြီးရင် ကြီးသလောက် ဘဝဟာ လေးလံတဲ့သဘော ရှိတယ်။ ပင်ပန်းတဲ့သဘောရှိတယ်။ ဒါ နိယာမပဲ။ ဒါ သဘာဝပဲ။ ဘယ်သူ့မျက်နှာမှ မငဲ့ဘူး။ ဘယ်သူ့မှလည်းပဲ အားနာတယ်လို့ မရှိဘူး။ ငြိကပ်တွယ်တာမူ များရင်တော့ ပင်ပန်းလိမ့်မယ်။ ငြိကပ်တွယ်တာမူ နည်းရင်တော့ ပေါ့ပါးလိမ့်မယ်။ ဒါ သဘာဝပဲ။ လောဘဟာ စိတ်ကို လေးလံစေတယ်။ ပင်ပန်းစေတယ်ဆိုတာကို လက်ခံလို့ရှိရင် စွန့်လွှတ်ခြင်းဟာ စိတ်ကို ပေါ့ပါးစေတယ်။ လွတ်လပ်စေတယ်။ ပေါ့ပါးစေတယ်ဆိုတာ အလွန်မှ ထင်ရှားတယ်။ ဘဝကို မက်မောတာ ရှိတယ်။ ဘဝကို ဖျက်ဆီးချင်တာ ရှိတယ်။ အကယ်၍ အနိစ္စ ဒုက္ခ အနတ္တကိုသာ သိမယ်ဆိုရင် လောဘနဲ့လည်း လောကကို မက်မောမှာ မဟုတ်သလို ဒေါသနဲ့လည်းပဲ လောကကို ဖျက်ဆီးမှာ မဟုတ်ဘူး။ သစ္စာရွှေစည်ဆရာတော် အရှင်ဥတ္တမ #Via - Paral Lel


via အလင်းရောင် ဓမ္မ https://ift.tt/30a7U14