Thursday, September 19, 2019

သည်းခံ ခွင့်လွှတ်ခြင်း 🌷 🌷 🌷 🌷 🌷 🌷 🌸 လောကကြီးမှာ လူတွေဟာအပေါင်းနဲ့အသင်းနဲ့ နေပေမယ့် "ခွင့်လွှတ်ခြင်း" ဆိုတဲ့စိတ် အလွန်အားနည်းတယ်။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်တဲ့စိတ်ဓာတ် ဆိုတာလည်း အလွန်အားနည်းတယ်။ အပေါင်းအသင်းနဲ့နေတယ်ဆိုတာ အခက်အခဲတွေ ကျော်လွှားဖို့သာဖြစ်တယ်။ 🌸 လူလူချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ ဘုရားက လူမိုက်နဲ့ ပေါင်းခိုင်းတာတော့ မဟုတ်ဘူး။ အဆင်မပြေတဲ့သူနဲ့ သည်းခံပြီးနေရမယ်လို့ ဒီလိုပြောတာတော့ မဟုတ်ဘူး။ ဒါလည်းပဲ သတိထားစရာကောင်းတဲ့ အချက်တစ်ခုပဲ။ 🌸 အန္တရာယ်ဖြစ်မယ့် အကောင်နဲ့ သည်းခံပြီး နေရမယ်လို့ ဒီလို ဆိုလိုတာ မဟုတ်ဘူး။ တလွဲယူဆတတ်တာမျိုးတွေ ရှိတယ်။ 🌸 ရောင့်ရဲရမယ်ဆိုလို့ စီးပွားမရှာရဘူးလို့ မြတ်စွာဘုရားက ပြောတာမဟုတ်ဘူး။ 🌸 အတူတကွ သည်းခံပြီးတော့ နေရမယ်ဆိုတာ .. မကောင်းတဲ့လူနဲ့ သည်းခံပြီး သူခိုး ဓားပြ လူဆိုး၊ လူညစ်နဲ့ သည်းခံပြီးနေရမယ်လို့ ဒီလို ဆိုလိုတာ မဟုတ်ဘူး။ ကိုယ့်ကို ကိုက်မယ့် မြွေပွေးနဲ့ရော အတူတကွ နေရမှာလား။ ကိုယ့်ကို ကိုက်မယ့်မြွေပွေးနဲ့တော့ အတူနေလို့ မရသလို လူဆိုး၊ လူညစ်နဲ့လည်း ဘယ်လို အတူနေလို့ရမလဲ။ 🌸 "သည်းခံ၊ ခွင့်လွှတ်ခြင်း" ဆိုတာ အချင်းချင်း အပြန်အလှန် ရိုင်းပင်းကူညီ၊ မတော်တဆ စိတ်အခန့်မသင့်တဲ့အခါ ဖြစ်တာမျိုးတွေ မဖြစ်ဖို့ မြတ်စွာဘုရားက ဆုံးမသြဝါဒပေးခြင်းသာဖြစ်တယ်။ 🌸 ပညာရှိတဲ့အဖော်လိုတယ်။ လူတော်လူကောင်းတွေ လိုတယ်။ ဘယ်အရာပဲ ဖြစ်ဖြစ် စဉ်းစားတတ်တဲ့ ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေကို ဆိုလိုတာ။ 🌸 မကောင်းတဲ့သူကို ရှောင်ရမယ်။ ဖယ်ရမယ်။ အပေါင်းအသင်းမလုပ်ရဘူး။ ဒါမှ အသေဝနာစ ဗာလာနံ မင်္ဂလာတရားနဲ့ ကိုက်ညီတာ။ 🌸 လူတော်လူကောင်း ရမယ်ဆိုရင် သူနဲ့အတူနေပါ။ အခက်အခဲတွေ ဘေးရန်အန္တရာယ်တွေကို လက်တွဲပြီးတော့ သူနဲ့အတူတကွ ဖြေရှင်းပါတဲ့။ လူတိုင်းနဲ့အတူပေါင်းသင်းဖို့ ပြောတာမဟုတ်ဘူး။ 🌸 အဲ့ဒီလို အဖော်လုပ်သင့်တဲ့ ပုဂ္ဂိုလ်မတွေ့ဘူးဆိုရင်တော့ လောကမှာ ဆင်ပြောင်ကြီးဟာ တစ်ကောင်တည်းတောထဲမှာ ကျက်စားသလို၊ တိုင်းပြည်ကို စွန့်လွှတ်ပြီးတော့ တောထွက်သွားပြီး တစ်ဦးတည်းကျင့်တဲ့ နေမိမင်းတို့၊ ဇနကမင်းတို့လို တစ်ဦးတည်းနေတာကောင်းတယ် ။ အဖော်ကောင်းမတွေ့ရင် တစ်ဦးတည်းနေတာကောင်းတယ်။ 🌸 မိုက်မဲပြီး အပြစ်ပြုတတ်တဲ့ ပုဂ္ဂိုလ်၊ အဆိပ်အတောက်ရှိတဲ့ မြွေဆိုးလို လူဆိုးတွေ၊ စိတ်ကောင်းမရှိတဲ့သူတွေ၊ ဖျက်လိုဖျက်ဆီးလုပ်တတ်တဲ့သူတွေ၊ အသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်၊ အဲ့ဒီလို အဆင့်မရှိတဲ့ပုဂ္ဂိုလ်တွေမှာ အပေါင်းအဖော်လုပ်ဖို့ဆိုတဲ့ အရည်အချင်းဆိုတွေ သူတို့မှာ မရှိဘူးတဲ့။ 🌸 ပေါင်းသင်းဆက်ဆံဖို့ ကောင်းလောက်တဲ့အရည်အချင်း သူတို့မှာ မရှိသည့်အတွက် ကိုယ်တစ်ယောက်တည်းနေပါ။ မဟုတ်တာတွေမလုပ်နဲ့။ ကိုယ်ကျိုးကိုယ်စီးပွားကို ကြိုးစားအားထုတ်ရမယ်လို့ မြတ်စွာဘုရားက ဆုံးမသြဝါဒပေးသွားတယ်။ အလွန်မှတ်သားစရာကောင်းတယ်။ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ လိုက်နာကျင့်သုံးရမယ်။ ပါမောက္ခချုပ်ဆရာတော် ဟောကြားတော်မူသော လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ကြိုးပမ်းချက် တရားတော် အပိုင်း(၁၇) အသံဖိုင်မှ ရေးသားပူဇော်ပါသည်။ ______________________________________________ 💐 သည်းခံခြင်း ဆိုသည်မှာ 💐 🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸 ♨သည်းခံလျှင် တစ်ခါတရံ အနိုင်ကျင့်ခံရ၏ မည်သို့နေရပါမည်နည်း ? 💌အနိုင်ကျင့်တာ မကျင့်တာ ကိုယ့်အလုပ် မဟုတ်ဘူး။ အနိုင်ကျင့်သူရဲ့ အပြစ်သာလျှင်ဖြစ်တယ်။ 💌မိမိဘက်က သည်းခံခြင်း ကတော့ သည်ခံတယ် ဆိုတာ ဒေါသ မထွက်အောင် ကိုယ့်ကိုယ်ကို ထိန်းနိုင်တာကို သည်ခံတယ် လို့ခေါ်တယ်။ 💌ဘာမှ မပြောဘဲ စိတ်ကတော့ ဆိုးတယ် ငုံ့ခံနေတာ အဲ့ဒါမျိုးကို သည်းခံတယ်မခေါ်ဘူး။ 💌သည်းခံတယ် ဆိုတာ ကိုယ့်ရဲ့သန္တာန်မှာ တစ်ဖက်သား ရဲ့ ပြုလုပ်မှုကြောင့် ဒေါသ ဖြစ်လာတာကို မဖြစ်အောင် ထိန်းတာကို သည်းခံတယ် လို့ခေါ်တယ်။ 💌ကိုယ့်ကိုယ်ကို ထိန်းတာပဲ၊ သည်းခံတယ် ဆိုတာ၊ ကျန်တဲ့လူကို ထိန်းတာ မဟုတ်ဘူး။ 💌တစ်ဘက်သားက လာစော်ကားနေတဲ့ အချိန်မှာ ကိုယ့်မှာဒေါသဖြစ်တယ်။ 💌ဒေါသ ဖြစ်ရင် ဒီဒေါသသည် ကိုယ့်နဲ့ သက်ဆိုင်တဲ့ အကုသိုလ်ဖြစ်တယ်။ 💌အဲ့ဒီ အကုသိုလ် မဖြစ်အောင် ထိန်းတယ် ဆိုတာကိုပဲ သည်းခံတယ် လို့ပြောတာ။ 💌အနိုင်ကျင့်တယ် မကျင့်ဘူး ဆိုတာတော့ သူ့အလုပ်ပဲ။ သည်းခံခြင်းကြောင့် အနိုင်ကျင့်တယ် လို့လည်း ပြောမရဘူးလို့နော်။ 💌အနိုင်ကျင့်တာကို ပတ်သက်ပြီး ကိုယ်ကလည်း သည်းမခံဘူး ပြန်ချမယ် ဆိုရင်တော့ ဒါကတော့ အပြစ်ဖြစ်တာပေါ့ ပြန်လုပ်ရင် ကိုယ်လုပ်တဲ့ အပြစ်ဖြစ်တယ်။ 💌သည်းခံခြင်းကြောင့် ကိုယ့်မှာတော့ ဒေါသ မဖြစ်ဘူး ဒေါသ မဖြစ်ခြင်းကြောင့် ကိုယ့်မှာ အကုသိုလ် မဖြစ်ဘူး။ 💌ဒါကြောင့်မို့ ဘုရားအလောင်းတော်တွေဆိုရင် ဘာလုပ်လုပ် သည်းခံနေလိုက်တယ်ပေါ့။ 💌သည်းခံနေခြင်း အားဖြင့်လည်း တစ်ဘက်သားရဲ့ ငြိမ်းအေးသွားမှုကို မိမိ သည်းခံမှုကို အကြောင်းပြုပြီး သူဟာ ဆက်လက်ပြီး စော်ကား တာမျိုး တချို့ကြတော့ မလုပ်တော့ဘူးပေါ့။ 💌တချို့ကြတောလည်း လုပ်တဲ့လူလည်း ရှိနိုင်တယ်ပေါ့။သို့သော် သည်းခံတာ သည်လျှင် မိမိ အလုပ် ဖြစ်တယ်ပေါ့။ 💌အနိုင်ကျင့်တာ မကျင့်တာ ကိုယ့်နဲ့ မဆိုင်ဘူး လို့ပဲ နှလုံးသွင်းမှာ ဖြစ်တယ်ပေါ့။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ______________________________________________ သည်းခံခြင်း ဟူ​သော ဂုဏ်​ရည် •~•~•~•~•~•~•~•~•~•~• လောကမှာနေထိုင်တာ တစ်ဦးတစ်ယောက်တည်း နေထိုင်တာ မဟုတ်သည့်အတွက်ကြောင့် သည်းခံခြင်းဆိုတဲ့ ဂုဏ်ရည်ဟာ အများနဲ့ ဆက်ဆံတဲ့အခါမှာ အလွန်အရေးကြီးတဲ့ ဂုဏ်ရည်တစ်ခုဖြစ်တယ်​ ... ဒါတင်မကဘူး " သေ​ဗ္ဗပိ ကုသလာ ဓမ္မာ ခန္တရာယတ္တာဝ ဝဋ္ဋ​ဒေး " တဲ့ ... ကုသိုလ်ရဖို့ အတွက် အရေးကြီးဆုံးက သည်းခံမှုပဲပေါ့ ... အဲဒီတော့ သည်းခံမှုမရှိရင် ကုသိုလ်တောင်မရနိုင်ဘူးလို့  ဒီလိုဆိုလို့ ရတယ် ... သည်းခံတယ်လို့ ဆိုတဲ့နေရာမှာ သည်းခံစရာတွေဟာ ဘာတွေရှိသလဲဆိုတော့ သည်းခံစရာတွေ လိုက်ကြည့်မယ်ဆိုရင် ကိုယ့်အပေါ်မှာ စော်ကားပြောဆိုတဲ့စကားတစ်မျိုးတည်းတင် သည်းခံစရာမဟုတ်ဘူး ... ကိုယ့်ပေါ်မှာ စော်ကားပြောဆိုတဲ့ စကားကိုလည်း သည်းခံတယ် ... ​ကိုယ့်သန္တာန်မှာ ဖြစ်ပျက်လာတဲ့ ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေကိုလည်း သည်းခံတယ် ... ရာသီဥတုဒဏ်တွေကိုလည်း သည်းခံတယ် ... သည်းခံပြီးတော့လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လုပ်နေတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုပြောတာနော် ... မိမိအပေါ်မှာ ဘယ်အရာတွေပဲဖြစ်ဖြစ် သူများက စော်ကားတဲ့အရာတွေလည်း ကိုယ့်အပေါ်မှာ တင်ထားလိုက်တယ် ... တွန်းဖယ်မချဘူး ... ဆင်းရဲဒုက္ခတွေကိုလည်း တွန်းဖယ်မချဘူး ... လက်ခံထားလိုက်တယ် ... အဲဒီလို လက်ခံထားနိုင်တဲ့ စွမ်းရည်သတ္တိတွေနဲ့  ကိုယ့်စိတ်ဟာ တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲနဲ့  အရာရာကို ရင်ဆိုင်ပြီးတော့ စိတ်အားမပျက်ဘဲနဲ့ နေတာ ဒါ သည်းခံတယ်လို့ ပြောတာ ... ခံနိုင်ရည်ရှိတယ်ဆိုတာ ဆန့်ကျင်ဘက်တွေလာတဲ့အခါမှာ ဘယ်လိုပဲ ဆန့် ကျင်မှုတွေလာလာ ခံနိုင်ရည်ရှိတယ် ... ခံနိုင်ရည်ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာကိုပြောတာတုန်းဆိုတော့ မိမိအပေါ်မှာ ဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့စိတ်ဓာတ်ကို ပြောင်းလဲသွားစေနိုင်တဲ့ မခံနိုင်လောက်တဲ့ အတိုင်းအတာတစ်ခု ကိုယ့်မှာ ဖြစ်ပေါ်လာလို့ ရှိရင် စိတ်အခြေအနေမပြောင်းဘဲနဲ့ ခံနိုင်ရည်ရှိတာ ... အဲဒီခံနိုင်ရည်ရှိတာကို ခန္တီလို့ ခေါ်တယ် ... ခန္တီရဲ့ သဘောကို ပြောမယ်ဆိုရင် ဒေါသမဖြစ်တာလဲ ခန္တီပဲ ... မေတ္တာမပျက်နေနိုင်တာလည်း ခန္တီပဲ ... အပြုံးမပျက်နေတာလည်း ခန္တီ ပဲလို့ ဒီလိုပြောတယ် ... ပြန်မပြောပေမယ့်လို့  စိတ်ထဲက ဒေါသထွက်နေရင် ခန္တီမဟုတ်ဘူး ... အဓိကက စိတ်ထဲက မည်သို့ မျှ ပြောင်းလဲခြင်းမရှိဘဲနဲ့ ပင်ကိုယ်စိတ် အခြေအနေတစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့ စိတ်ဓာတ်အရည်အချင်းတစ်မျိုးလို့  ဒီလိုခေါ်ရမယ် ... အဲ့​တော့ လူတော်လူကောင်းဖြစ်ဖို့ ထူးခြားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံဖို့လို့ ဆိုတဲ့အခါမှာ ဒီသည်းခံခြင်းဆိုတဲ့ ခန္တီတရားဟာ အရေးပါတဲ့တရားဖြစ်တယ် ​... သည်းခံတယ်ဆိုတာကို လူတွေက အရှုံးပေးတယ်လို့ မြင်နေကြတယ် ... သည်းခံတာဟာ အရှုံးပေးတာမဟုတ်ဘူး ... အနိုင်ယူတာသာဖြစ်တယ်​ပေါ့ ... လောကလူသားတွေရဲ့ ရှုံးခြင်းနိုင်ခြင်းလို့ ဆိုတဲ့ သတ်မှတ်ချက်ဟာ ဗုဒ္ဓမြတ်စွာရဲ့ သတ်မှတ်ချက်နဲ့ အင်မတန်မှ ကွာခြားတယ် ... လောကလူတွေက ကိုယ်ကပြန်မပြောလိုက်ရဘူး ... ဘာမှမလုပ်လိုက်ရဘူးဆိုရင် ရှုံးတယ်လို့ ထင်နေတယ် ... တကယ်တော့ ကိုယ်က အနိုင်ရလိုက်တာ လို့ ... အနိုင်အရှုံးဆိုတာ သေသေချာချာ တွက်ချက်ကြည့်တဲ့အခါ သည်းခံမှုက နိုင်လိုက်တယ်ဆိုတာ အင်မတန်မှ ထင်ရှားတယ် ... ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ Credit:original uploader.


via အလင်းရောင် ဓမ္မ https://ift.tt/3075jFG