Thursday, September 19, 2019

သံဃာကိုသာ လှူပါ •••••••••••••••••• မိထွေးတော် ဂေါတမီဟာ မြတ်ဗုဒ္ဓထံ ရောက်ရှိလာပြီး “ ရှင်တော် မြတ်ဗုဒ္ဓ၊ မြတ်ဗုဒ္ဓကို ရည်မှန်း၍ ကိုယ်တိုင် ယက်ယူထားသော သင်္ကန်းအသစ်ကို အလှူခံတော်မူပါ ဘုရား ” လို့ လျှောက်ထားတော်မူတဲ့ အခါ၊ မြတ်ဗုဒ္ဓက “ ဂေါတမီ၊ သံဃာကိုသာလှူ ပါ။ သံဃာကိုလှူရင် ဗုဒ္ဓကိုလှူရာရောက်တယ်။ ပူဇော်ရာလည်း ရောက်ပါတယ်” ဆိုပြီးတော့ မိန့်ပါတယ်။ ဂေါတမီ သုံးကြိမ်တိုင်တိုင် လျှောက်သော်လည်း သံဃာကိုပဲ လှူ ဒါန်းဖို့ပဲ မိန့်ပါတယ်။ ဒီအတွက်ကို ရှင်အာနန္ဒာက … “ မြတ်ဗုဒ္ဓ၊ မဟာပဇာပတိဂေါတမီရဲ့ သင်္ကန်းတော်မြတ် အသစ်ကို အလှူ ခံ ယူတော်မူပါ ဘုရား။ ကျေးဇူးများပါတယ်။ မြတ်ဗုဒ္ဓကို ပြုစုခဲ့တဲ့သူ၊ စောင့်ရှောက်ခဲ့တဲ့သူ၊ နို့ချိုတိုက်ကျွေးခဲ့တဲ့ မိထွေးတော်မြတ်ပါဘုရား။ မြတ်ဗုဒ္ဓရဲ့ မယ်တော်မြတ် နတ်ရွာစံတဲ့အခါမှာ မိထွေးတော်ကပဲ မြတ်ဗုဒ္ဓကို နို့ချိုတိုက်ကျွေးတော်မူခဲ့ရပါတယ် ဘုရား ” “ မြတ်ဗုဒ္ဓ၊ မိထွေးတော် ဂေါတမီ အပေါ်မှာ ကျေးဇူးများပါတယ်။ မြတ်ဗုဒ္ဓကို အကြောင်းပြုပြီး မိထွေးတော်မြတ်ဟာ ဘုရား၊ တရား၊ သံဃာတော် တို့ကို ဆည်းကပ်ကိုးကွယ်ခဲ့ပါတယ်။ ငါးပါးသီလကိုလည်း စောင့်ထိန်းခဲ့ပါ တယ်။ ရတနာသုံးပါးကို မလှုပ်မရှားပဲ ခိုင်ခိုင်မြဲမြဲနဲ့ ကြည်ညိုခဲ့ပါတယ်။ အရိယာတွေ နှစ်သက်တဲ့ သီလနဲ့လည်း ပြည့်စုံတယ်။ သစ္စာလေးပါး တရားတော်မြတ် ကိုလည်း ယုံမှားမှု ကင်းတယ်။ ဒါကြောင့် မိထွေးတော်မြတ် ဂေါတမီရဲ့ သင်္ကန်းသစ်ဒွိစုံကို အလှူ ခံတော်မူပါဘုရား ” လို့ လျှောက်တင်ပါတယ်။ မြတ်ဗုဒ္ဓက “ အာနန္ဒာ၊ မှန်ပါပေတယ်။ တပည့်တစ်ယောက်ဟာ ဆရာကို ရှိခိုးတာ၊ ကြိုဆိုတာ၊ လက်အုပ်ချီတာ၊ ၀တ်ကြီးဝတ်ငယ် ပြုစုတာ၊ သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေးပစ္စည်းလေးပါးနဲ့ ပေးလှူတာကို ကောင်းတဲ့ ကျေးဇူးဆပ်ခြင်း လို့ မပြောကြားလိုပါ။ ” အာနန္ဒာ … ပုဂ္ဂလိကအလှူ ၁၄ မျိုးရှိတယ် ၁။ ဘုရားကိုလှူ တာ ၂။ တရားကိုလှူ တာ ၃။ သံဃာကိုလှူ တာ ၄။ အရဟတ္တဖိုလ်ရအောင် ကျင့်နေသူကို လှူ တာ ၅။ အနာဂါမ်ကိုလှူ တာ ၆။ အနာဂါမ်ဖိုလ်ရအောင် ကျင့်နေသူကို လှူ တာ ၇။ သဒါဂါမ်ကို လှူ တာ ၈။ သဒါဂါမ်ဖိုလ်ရအောင် ကျင့်နေသူကို လှူ တာ ၉။ သောတာပန်ကို လှူ တာ ၁၀။ သောတာပတ္တိဖိုလ် ရအောင် ကျင့်နေသူကို လှူ တာ ၁၁။ သာသနာပမှာရှိတဲ့ ( ကျင့်တဲ့ ) ကာမဂုဏ် တပ်မက်မှုကင်းတဲ့သူကို လှူ တာ ၁၂။ သီလမရှိတဲ့ ပုထုဇဉ်ကို လှူ တာ ၁၃။ သီလရှိတဲ့ ပုထုဇဉ်ကို လှူ တာ ၁၄။ တိရစ္ဆာန်ကို လှူတာတို့ ဖြစ်ပါတယ်။ အာနန္ဒာ၊ ယခုအလှူ ပေါင်း ၁၄ မျိုးထဲက (၁) တိရစ္ဆာန်ကို ပေးလှူတာကြောင့် ဘ၀တစ်ရာ၊ (၂) သီလမရှိတဲ့ ပုထုဇဉ်ကို ပေးလှူတာကြောင့် ဘ၀တစ်ထောင်၊ (၃) သီလရှိတဲ့ ပုထုဇဉ်ကို ပေးလှူ တာကြောင့် ဘ၀ တစ်သိန်း၊ (၄) သာသနာပမှာရှိတဲ့ ( ကျင့်တဲ့ ) ကာမဂုဏ် တပ်မက်မှု ကင်းတဲ့သူကို လှူ တာကြောင့် ဘ၀ကုဋေတစ်သိန်း၊ (၅) သောတာပတ္တိဖိုလ်ကို ရအောင် ကျင့်နေသူကို လှူ တာကြောင့် ဘဝပေါင်း မရေတွက်နိုင်အောင်၊ (၆) သောတာပန်မှ အမြင့်ဆုံးပုဂ္ဂိုလ် ၁၄ မျိုး အထိကို လှူ တာကြောင့် ဘဝပေါင်း မရေတွက်နိုင်အောင် ကောင်းကျိုး ရနိုင်မယ်ဆိုတာ (အထူး) ပြောစရာ မလိုပါ။ အာနန္ဒာ … သံဃိက အလှူဟာလည်း ခုနစ်မျိုးရှိတယ်။ ၁။ ဗုဒ္ဓကို အမှူးပြုတဲ့ နှစ်ဖက်သံဃာ ( ရဟန်း၊ ရဟန်းမ ) ကိုလှူ တာ၊ ၂။ ဗုဒ္ဓ ပရိနိဗ္ဗာန် စံယူတော်မူအခါ နှစ်ဖက်သံဃာကို ပေးလှူ တာ။ ၃။ ရဟန်း ( သံဃာ )ကို ပေးလှူတာ၊ ၄။ ရဟန်းမ (သံဃာ ) ကို ပေးလှူ တာ၊ ၅။ နှစ်ဖက်သံဃာတော်ထဲမှ ရဟန်း ဘယ်လောက်၊ ရဟန်းမဘယ်လောက် ရှိသည်ကို ညွှန်ပြပါလို့ လျှောက်ထား ပင့်ဖိတ်ပြီး ပေးလှူတာ၊ ၆။ ရဟန်းသံဃာထဲ ဘယ်လောက်ရှိသည် ကို ညွှန်ပြပါလို့ လျှောက်ထားပင့်ဖိတ်ပြီး ပေးလှူ တာ၊ ရ။ ရဟန်းမ သံဃာထဲက ရဟန်းမ ဘယ်လောက်ရှိသည်ကို ညွှန်ပြပါလို့ လျှောင်တင်ပင့်ဖိတ်ပြီးပေးလှူ တာတို့ ဖြစ်ပါသည်။ “ အာနန္ဒာ … ရဟန်း အမည်ခံယူရုံမျှသာ ရှိတဲ့ သူတွေပေါ်လာလိမ့်မယ်။ သူတို့ရဲ့ လည်းပင်မှာ သင်္ကန်းစများကို ဖွဲ့ချည်းထားကြလိမ့်မယ်။ သူတို့ဟာ သီလမရှိတဲ့သူတွေ၊ ယုတ်မာတဲ့ ကိုယ်ကျင့်ရှိသူတွေ ဖြစ်ကြလိမ့်မယ်။ သံဃာကို ရည်မှန်းပြီး သီလမရှိတဲ့သူကို လှူ ဒါန်းကြရလိမ့်မယ်။ အဲဒီ အချိန်ခါတောင်မှ သံဃိကဒါန အလှူဟာ မရေမတွက်နိုင်အောင် ကောင်းကျိုးများ ပါတယ်။ သံဃိက အလှူထက် ပုဂ္ဂလိက အလှူ ဟာ ဘယ်လိုနည်းနဲ့မှ အကျိုးမများနိုင်ပါ။ ” လို့ မြတ်ဗုဒ္ဓ ဆုံးမပါတယ်။ “ အာနန္ဒာ … အလှူ စင်ကြယ်ခြင်း လေးမျိုးရှိပါတယ်။ ၁။ အလှူ ရှင်ဘက်ကသာ စင်ကြယ်ပြီး အလှူ ခံဘက်က မစင်ကြယ်တဲ့အလှူ တစ်မျိုး။ ၂။ အလှူ ခံဘက်ကသာ စင်ကြယ်ပြီး အလှူ ရှင်ဘက်က မစင်ကြယ်တဲ့အလှူ တစ်မျိုး။ ၃။ နှစ်ဖက်စလုံးမစင်ကြယ်တဲ့ အလှူ တစ်မျိုး။ ၄။ နှစ်ဖက်စလုံးစင်ကြယ်တဲ့ အလှူ တစ်မျိုး တို့ဖြစ်တယ်။ (၁) အာနန္ဒာ … လောကမှာ အလှူ ပေးသူဟာ သီလရှိသူ၊ ကိုယ်ကျင့်ကောင်းသူ ဖြစ်ရမယ်။ အလှူ ခံသူက သီလမရှိသူ၊ ကိုယ်ကျင့် မကောင်းဖြစ်ကြရင် ဒီအလှူဟာ အလှူ ပေးသူဘက်က စင်ကြယ်၍ အလှူခံ ဘက်က မစင်ကြယ်တဲ့ အလှူ ဖြစ်တယ်။ (၂) အာနန္ဒာ … အလှူပေးသူမှာ သီလမရှိ၊ ကိုယ်ကျင့်မကောင်း၊ အလှူခံပုဂ္ဂိုလ်တွေက သီလရှိ၊ ကိုယ်ကျင့်ကောင်း ဖြစ်ကြရင် ဒ်ီအလှူ ဟာ အလှူ ခံဘက်က စင်ကြယ်၍ အလှူ ပေးသူ ဘက်က မစင်ကြယ်တဲ့ အလှူ ဖြစ်တယ်။ (၃) အာနန္ဒာ … အလှူပေးတဲ့ သူကလည်း သီလမရှိ၊ ကိုယ်ကျင့်မကောင်း၊ အလှူခံသူ ကလည်း သီလမရှိ၊ ကိုယ်ကျင့်မကောင်း ဖြစ်ကြရင် ဒီအလှူ ဟာ နှစ်လက်စလုံး မစင်ကြယ်တဲ့အလှူ ဖြစ်တယ်။ (၄) အာနန္ဒာ … အလှူပေးသူကလည်း သီလရှိ၊ ကိုယ်ကျင့်လည်းကောင်း၊ အလှူ ခံသူကလည်း သီလလည်းရှိ၊ ကိုယ်ကျင့်လည်းကောင်းဖြစ်ကြရင် ဒီအလှူဟာ နှစ်ဖက်စလုံး စင်ကြယ်တဲ့ အလှူ ဖြစ်ပါတယ်။ ဖော်ပြပါ ဂါထာတော်မြတ်အတိုင်း မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါတယ်။ အလှူ ပေးသူသည် သီလရှိ၏။ ကြည်လင်သောစိတ်ရှိ၏။ မြတ်သောကံ၏ အကျိုးကို ယုံကြည်၏။ ထိုသူသည် တရားသဖြင့် ရအပ်သော ပစ္စည်းကို သီလမရှိသူတို့အား ပေးလှူ၏။ ဤအလှူသည် အလှူပေးသူဘက်မှ စင်ကြယ်၏။ အလှူ ပေးသူသည် သီလမရှိသူဖြစ်၏။ မကြည်လင်သော စိတ်ရှိ၏။ မြတ်သောကံ၏ အကျိုးကို မယုံကြည်သူ ဖြစ်၏။ ထိုသူသည် မတရားသဖြင့် ရအပ်သော ပစ္စည်းကို သီလရှိသူတို့အား ပေးလှူ ၏။ ဤအလှူ သည် အလှူ ခံသူဘက်မှ စင်ကြယ်၏။ အလှူ ပေးသူသည် သီလမရှိ။ မကြည်လင်သော စိတ်ရှိသူဖြစ်၏။ မြတ်သောကံ၏ အကျိုးကို မယုံကြည်သူဖြစ်၏။ ထိုသူသည် မတရားသဖြင့် ရအပ်သောပစ္စည်းကို သီလမရှိသူတို့အား ပေးလှူ ၏။ ထိုအလှူသည် အကျိုးမရှိဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူ၏။ အလှူ ပေးသူသည် သီလရှိသူဖြစ်၏။ ကြည်လင်သောစိတ်ရှိသူဖြစ်၏။ မြတ်သောကံ၏ အကျိုးကို ယုံကြည်သူ ဖြစ်၏။ ထိုသူသည် တရားသဖြင့် ရအပ်သော ပစ္စည်းကို သီလရှိသူတို့အား ပေးလှူ၏။ ထိုအလှူသည် အလွန်အကျိုးရှိ၏ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူ၏။ အလှူပေးသူဟာ ရာဂကင်း၏။ ကြည်လင်သောစိတ်ရှိသူဖြစ်၏။ မြတ်သောကံ၏ အကျိုးကို ယုံကြည်သူ ဖြစ်၏။ ထိုသူသည် တရားသဖြင့် ရအပ်သော ပစ္စည်းကို ရာဂကင်းသူတို့အား ပေးလှူ၏။ ထိုအလှူသည် ပစ္စည်းအလှူတို့မှ အမြတ်ဆုံး ဖြစ်၏။ ဒီတရားတော်အတိုင်း နွေရာသီ ရဟန်းခံ၊ ရှင်ပြုပွဲ တစ်ပွဲမှာ ဟောကြားခဲ့ပါတယ်။ သားက ရှင်ရဟန်းပြု၊ မိဘက စေတနာ ဖြူ စင်၊ သီလလည်းဆောက်တည်ထား၊ စိတ်ကလည်းကြည်လင်၊ ပြုလုပ်တဲ့ ကံ အကျိုးကိုလည်း ယုံကြည်၊ တရားသဖြင့် ရအပ်တဲ့ ပစ္စည်းတွေနဲ့ ရာဂကင်းကင်းနဲ့ ရဲရဲကြီး လှူဒါန်းတဲ့ အလှူ မို့ အမြတ်ဆုံး အလှူ ပါပဲ။ သို့သော် ပရိတ်သတ်စားဖို့၊ သောက်ဖို့ အလှူ အတွက်နဲ့ အသက်သေကြေရတဲ့ သတ္တဝါတွေရဲ့ ဘ၀ကို ညှာတာပြီး ထောက်ထားကြပါဦးလို့ ဟောပြော ပြလိုက်တဲ့အခါ အလှူ ပေးတဲ့သူတွေက “ အဲဒါမှ ဒုက္ခပဲ ” ဆိုပြီးတော့ နောင်တရ ကြပါတယ်။ တိရစ္ဆာန်ကိုလှူ လို့ ဘဝပေါင်းတစ်ရာ ကောင်းကျိုးချမ်းသာပေးတယ်လို့ မြတ်ဗုဒ္ဓ က လမ်းညွှန်ထားတဲ့ အလှူပါ။ တိရစ္ဆာန် အသား၊ အသွေး၊ အရေအရိုး၊ အသွေးကိုလှူရင် အလှူ ပေးသူဟာ သီလ ရှိသူ၊ ကိုယ်ကျင့်ကောင်းသူ၊ ကံအကျိုးကို ယုံတဲ့သူ၊ တရားတဲ့ ပစ္စည်းနဲ့ လှူ တဲ့သူ၊ ဟုတ်, မဟုတ် စဉ်းစားကြပေတော့လို့ တရားကိုနိဂုံးချုပ်လိုက်ပါတယ်။ “ ရှင်ရဟန်းမျက်နှာ ချိုချိုလေး ဒါယကာမျက်နှာ ချိုချိုလေး အလှူ ခံမျက်နှာ ချိုချိုအေး အလှူပစ္စည်း နီသွေးသွေး” နဲ့တော့ မပြုလုပ်ကြဖို့ ဆင်ခြင်ကြဖို့ ဖြစ်ပါတယ်။ ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေးဆရာတော်( တောမှီရဟန်း ) ရေးသားပြုစုသော စံရိပ်ငြိမ်တရားများ စာအုပ်မှ… “အမြတ်ဆုံးအလှူ "ဆောင်းပါး သံဃေ ဒိန္နံ မဟပ္ဖလံ၊ သံဃေ တေ ဂေါတမီ ဒေတိ ၊ သံဃေတေ ဒိန္နေ အဟဉ်စေဝ ပူဇိတော ဘဝိဿာမိ။ Credit;မူရင်း Ref ရတနာ့ဂုဏ်ရည် page


via အလင်းရောင် ဓမ္မ https://ift.tt/30vwupc