Wednesday, September 18, 2019

#ရတာ နာလိုက်တာ ************************ ဘုရားလက်ထက်တော်ကာလက ရွာကြီးတစ်ရွာမှာ 'တောဒေယျ' ဆိုတဲ့ ရွာစား ပုဏ္ဏားကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ ရွာမှာ နေရပေမယ့် သူ့ကိုအထင်မသေးလိုက်ပါနဲ့။ ရွှေဒင်္ဂါးတွေချည်း ၈၇-ကုဋေချမ်းသာကြွယ်ဝပါသတဲ့။ ဒါပေမယ့် အထင်တော့လည်း မကြီးလိုက်ပါနဲ့။ ဘဝဆိုတာ ရှိတိုင်း ချမ်းသာတာ မဟုတ်ပါဘူး။ အသိတရား မရှိရင် ကိုယ့်မှာ ရ,ထားတာတွေ အကုန်လုံး နာစရာချည်းပါပဲ။ ပုဏ္ဏားကြီးမှာ အသိတရားကလည်း မရှိ, သဒ္ဓါတရားကလည်းမရှိတော့, လှူဖို့ တန်းဖို့ ပေးဖို့ကမ်းဖို့ နေနေသာသာ မိမိကိုယ် မိမိတောင်မှ မကြည်ဖြူဘူးတဲ့။ ကိုယ့်ကိုယ်တောင်မှ ဝအောင် မကျွေးချင်ဘူး။ မိသားစုတွေတောင်မှ ဝအောင် မကျွေးချင်ဘူး။ အင်မတန်မှ နှမြောသတဲ့။ သူ့ရဲ့ခံယူချက်က စီးပွားရေးမှာ အဝင်သာ ရှိစေရမယ်။ အထွက်အလျော့ မရှိစေရတဲ့။ သူ့ရဲ့တစ်ဦးတည်းသော သားကလေးကိုလည်း အခုလို သြဝါဒ အဆုံးအမ မကြာမကြာ ပေးပါသတဲ့။ 'ချစ်သား၊ မျက်ရေးကွင်းတဲ့ မျက်စဉ်းကျောက်ကြီးတွေကို ချစ်သား မြင်ဖူးတယ် မဟုတ်လား' 'မြင်ဖူးပါတယ် ဖခင်' 'အဲဒီ မျက်စဉ်းကျောက်ကြီးများကို ကျောက်ပျဉ်ပေါ်မှာ နည်းနည်း သွေးပြီး မျက်ရေးကွင်း, မျက်စဉ်းခတ်ဖန် များလို့ရှိရင် တစ်နေ့ထက် တစ်နေ့ တရွေ့ရွေ့သေး, သေးလာတယ်။ တော်တော်ကြာတော့ ဒီမျက်စဉ်းကျောက်ကြီး ကုန်သွားတာကို ချစ်သား မြင်ဖူးတယ် မဟုတ်လား' 'မြင်ဖူးပါတယ် ဖခင်' 'အေး-ဒီလိုပဲ စီးပွားဥစ္စာလည်းပဲ တစ်နေ့နည်းနည်း သုံးဖန်များရင် တော်တော်ကြာတော့ မျက်စဉ်းကျောက်ကြီး ကုန်သလို ကုန်သွားနိုင်တယ်။ အဲဒီတော့ အသုံးအစွဲကို အတတ်နိုင်ဆုံး ချွေတာရမယ်။ နောက်ပြီး ခြတောင်ပို့ကို သား မြင်ဖူးတယ် မဟုတ်လား။ အေး-ဒီခြကောင်ကလေးတွေရဲ့ ခံတွင်း ပါးစပ်ထဲက ထွေးအန်ထုတ်လိုက်တဲ့ မြေဆီကလေးတွေ နည်းနည်းက ရက်ကြာညောင်းလို့ စုပေါင်းလာတဲ့အခါ တောင်ပို့ကြီး ဖြစ်လာတာကို ချစ်သား မြင်ဖူးတယ် မဟုတ်လား' `` မြင်ဖူးပါတယ် ဖခင်´´ ``အဲဒီလိုပါပဲ၊ ပျားကောင်ငယ်ကလေးတွေဟာလည်း သေးငယ်တဲ့ သူတို့ခံတွင်းကလေးတွေနဲ့ နိုင်ရုံ နိုင်ရုံ ပန်းဝတ်ရည်ကလေးတွေကို နည်းနည်းချင်း စုပ်ယူလာပြီး စုပေါင်းထွေးအန်ဖန်များတော့ လှည်းဘီးလောက် ပျားအုံကြီး ဖြစ်လာတာကို သင် ချစ်သား မြင်ဖူးတယ် မဟုတ်လား´´ ``ဒါကိုလည်း မြင်ဖူးပါတယ် ဖခင်´´ ``အေး -(ခြကို ပုံပြု, ပျားကိုတု, ဥစ္စာစီးပွား နာနာစု) ဆိုတဲ့အတိုင်း စီးပွားဥစ္စာ စုတဲ့နေရာမှာ ချစ်သား ခြနှင့်ပျားကို ဥပမာထားပြီး စုရမယ်။ သုံးစွဲတဲ့ နေရာမှာလည်း မျက်စဉ်းကျောက်ကို သွေးပစ်တော့ ကုန်သွားသလို ချစ်သား ဖြုန်းမပစ်လေနဲ့´´လို့ ပြောသတဲ့။ အဲဒီလောက် ကပ်စေးနှဲတော့ ဘုရားရှင် သီတင်းသုံးရာ သာဝတ္တိပြည်မှာ နေလျက်သားနဲ့ ပစ္စည်းဥစ္စာတွေ ရှိနေလျက်သားနဲ့ ဘာကုသိုလ်မျှမလုပ်၊ သူများအတွက် နေနေသာသာ ကိုယ့်အတွက် ကိုတောင် အကျိုးရှိအောင် မသုံးတတ်၊ မသုံးနိုင်ရှာဘူးတဲ့။ အဲဒီလို မြေပေါ်မြေအောက်မှာ ရှိတဲ့ ဥစ္စာပစ္စည်းတွေကို 'ငါ့ဟာ ငါ့ဟာ'နဲ့သာ အစွဲလမ်းကြီး စွဲလမ်းပြီး နေသတဲ့။ ဒီပစ္စည်းဥစ္စာတွေက သေရင် ကိုယ့်နောက် တစ်ခုမျှ ပါလာကြမှာ မဟုတ်ဘူးဆိုတာ နည်းနည်း ကလေးမျှ မတွေးမိဘူးတဲ့။ ရထားတဲ့ ဘဝနဲ့ခန္ဓာဟာ အမြဲ ဆုပ်ကိုင်ထားလို့ ရတဲ့အရာ မဟုတ်ဘူးဆိုတာလည်း မသိဘူး။ ပစ္စည်းဥစ္စာဆိုတာလည်း အများဆိုင် ဘုံဆိုင် ဖြစ်လေတော့ ကိုယ်က လက်မဦးရင်၊ ကိုယ်က အဖိုးတန်အောင် မသုံးတတ်ရင်၊ အကွက်စေ့အောင် မသုံးတတ်ရင်၊ အဖိုးတန် အင်အားတွေ ဖြစ်မလာဘူးဆိုတာတွေ သူက လုံးလုံးမှ မသိတာပဲကိုး။ အဲဒါနဲ့ ကိုယ့်မှာ ရှိတဲ့အခွင့်အရေးတွေ ကိုယ်က လက်,မဦးတော့ သေမင်းက လက်ဦးသွားတာပေါ့။ မြေပေါ်မှာ ရှိတဲ့ ၈၇-ကုဋေသော ပစ္စည်းတွေ မြေအောက်မှာ မြှုပ်နှံသိမ်းဆည်းထားတဲ့ ပစ္စည်းတွေဟာ 'ငါ့ပိုင်တာတွေပဲလို့' စွဲလမ်းပြီး သေသွားတာ ဖြစ်လေတော့ သူ့အိမ်မှာပဲ ခွေးပြန်ဖြစ်ပါသတဲ့။ အဲဒီလို အစွဲနဲ့တကွ သေခြင်းမျိုးကို ပါဠိလို 'သာပေက္ခ ကာလ ကိရိယာ' လို့ ခေါ်ပါတယ်။ မိမိရဲ့အိမ်ရာ စီးပွားဥစ္စာတွေပေါ်မှာ တွယ်တာတပ်မက်တဲ့ တဏှာ လောဘဖြစ်ပြီး အစွဲနဲ့သေရင် ကိုယ့်အိမ်မှာပဲ ပြန်ပြီး နွားလည်း ဖြစ်တတ်တယ်။ ခွေးလည်း ဖြစ်တတ်တယ်။ အိမ်မြှောင်လည်း ဖြစ်တတ်တယ်တာပဲ။ အခုလည်း တောဒေယျပုဏ္ဏားကြီးဟာ ၈၇-ကုဋေသော မိမိဥစ္စာတွေကို စွဲပြီး သေသွားတာ အိမ်မှာ ခွေးကြီး ဖြစ်ရတယ်။ အဲဒါ- ရတာ, နာ ပေါ့။ တောဒေယျ ပုဏ္ဏားကြီး ပစ္စုပ္ပန်မှာ အဖိုးတန်အောင် ဘာမျှ မသုံးလိုက်ရဘူး။ ဘုရားပွင့်တော်မူရာ ကာလမှာ ဖြစ်ခွင်ရတဲ့ လူ့ဘဝ အဖိုးတန်ကြီးကိုလည်း အဖိုးတန်အောင် မသုံးလိုက်ရ၊ ကုသိုလ်ပြုခွင့် အပြည့်အဝ ရတဲ့ ၈၇- ကုဋေ ကြွယ်ဝတဲ့ သူ့ရဲ့ ပစ္စည်းဥစ္စာတွေကလည်း မကယ်နိုင်။ ဘုရားပွင့်တော်မူရာ သာဝတ္ထိပြည်မှာ လူဖြစ်ခွင့်ရတာ၊ ချမ်းသာကြွယ်ဝခဲ့တာတွေဟာ တောဒေယျ ပုဏ္ဏကြီး အတွက် 'ရတနာ'တွေ မဖြစ်နိုင်တော့ဘူး။ ရတာ, နာ ချည်းဖြစ်ကုန်တယ်။ 'ပညာမရှိ အသိကင်းကွာ ရတာ,နာ ရှိတာသော်မှ ရှုံးရသည်' ဆိုတဲ့အတိုင်း အသိပညာများ ကင်းတော့ လူ့ဘဝရဲ့ကြွယ်ဝမှုတွေဟာ ရတနာ မဟုတ်တော့ဘဲ၊ နာကျည်းစရာတွေ ရတာ, နာတွေ ဖြစ်ကုန်ပြီး လုပ်ပိုင်ခွင့် ခံစားပိုင်ခွင့်တွေ အကုန်လုံး ဆုံးရှုံးကုန်တော့တာပါပဲ။ ``ငါ့ဘဝ ရတာ, နာလိုက်တာ။ ၈၇-ကုဋေသော ချမ်းသာကြွယ်ဝမှုတွေက အခုတော့ ငါ့ကို ခွေးဖြစ်အောင် လုပ်လိုက်ကြပြီ´´ လို့ မပြောသော်လည်း ပြောစရာ ဖြစ်ခဲ့ပြီ။ ဒီကြွယ်ဝမှုတွေကို စွဲလမ်းမိခဲတာကြောင့် အခုတော့ တောဒေယျ ပုဏ္ဏားကြီး သူဋ္ဌေးကနေ ခွေးဖြစ်သွားရပြီ။ အဲဒါကြောင့် လူ့ဘဝမှာ တစ်ဖက်မြင် ပညာသာမက လောကီလောကုတ္ထရာ၊ ပစ္စုပ္ပုန် တမလွန် နှစ်ဖက်မြင် ပညာဟာ သိပ်လိုအပ်တယ်ဆိုတာ သဘောပေါက် နားလည်ထားကြဖို့ပါပဲ။ တိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ယော ဆရာတော်ကြီး ဤဓမ္မပုံပြင်ဖြင့် ဆရာတော်သည်- (၁) လူ့ဘဝသည် လူ့အခွင့်အရေး အပြည့်အဝရသော ဘဝတစ်ခုဖြစ်ကြောင်း။ (၂) 'ပညာ နရာနံ ရတနံ' ဟူသည်နှင့် အညီ လူ့ဘဝ၏မွန်မြတ်သော ကောင်းကျိုးသုခတို့ ရဖို့အရေးတွင် အသိပညာသည် ရတနာတစ်ပါးဖြစ်ကြောင်းနှင့်၊ (၃) 'အသိပညာ' တည်းဟူသော ဆီမီးအလင်းရောင်သာ မရှိပါက ဘဝဟူသည် အမိုက်အမှောင်ကြီးသာဖြစ်၍ ရတနာအဖြစ်မှ ရတ,နာအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး လူ့ဘဝ၏ချိုမြိန်ကောင်းမြတ်သော ခံစားပိုင်ခွင့် များကို လက်လွတ်ဆုံးရှုံးရတတ်ကြောင်းတို့ကို ပြောပြလိုရင်း ဖြစ်ပါသည်။ စာရှုသူ ဓမ္မမိတ်ဆွေများလည်း အဖိုးတန် လူ့ဘဝ ရတနာလေးကို ရတာ, နာလိုက်တာ မဖြစ်ရအောင် စွမ်းဆောင် ကြိုးစားနိုင်ကြပါစေ။ တော်ဝင်နွယ် (ဓမ္မပုံပြင်များ) Credit:လှိုင် တိုး


via အလင်းရောင် ဓမ္မ https://ift.tt/2Nl9Rla