အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Wednesday, September 18, 2019
သရဏဂုံအကျိုး •••••••••••••••• သရဏဂုံနှင့် သေရင် နတ်ပြည်ရောက်ဖို့ ကျိန်းသေသလို သရဏဂုံကိုသာ ရွတ်နေ၊ ဘယ် သေခြင်းဆိုးနှင့်မှ မသေစေရဘူး၊ သေချာတယ်။ လက်တွေ့တစ်ခု ပြောမယ်--- ဟို--- ဂျပန်ခေတ် ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းက ဘုန်းကြီးတို့ရွှေဘို ဒီပဲယင်းမြို့နယ်မှာ ကျွန်းရင်းရွာဆိုတာ ရှိတယ်။ အဲဒီရွာမှာ ကျောင်းထိုင်တဲ့ ဘုန်းတော်ကြီးက ဦးဝါယမ--တဲ့။ ဘုန်းကြီးလုပ်ရတာ မလွယ်ဘူး။ "အစ ရိုးစေ တစ်စတစ်စ တိုးစေ" ဆိုတဲ့အတိုင်း ဘုန်းတော်ကြီး ဦးဝါယမဟာ ရိုးလည်း ရိုးသားတယ်။ ရပ်ရွာနယ်ပယ် ဒကာ ဒကာမတွေကို ပြောဆိုဆုံးမလို့ ကျောင်းကန်လည်း တစ်စတစ်စ တိုးတက်တယ်လို့ ဆိုတယ်။ အချိန်အခါက တရားမရှိ ဓားမရှိ ခေတ်ပျက် ခေတ်ဆိုးကြီးဆိုတော့ ဟိုနယ် ဒီနယ်မှာ ခိုးဆိုး လုယက် တိုက်ခိုက်မှုတွေလည်း များတယ်။ ဘုန်းကြီးသော ဘာသော မရှောင်ကြဘူး။ အဲ--- တစ်ညသ၌ လ ကလည်းသာသာ လူဆိုးတစ်စုဟာ လက်နက်ကိုယ်စီ ကိုင်ဆောင်ပြီး ကျွန်းရင်းရွာ ဘုန်းကြီး ဦးဝါယမကျောင်းထဲ ဝင်လာကြတယ်။ ကျောင်းထဲ ရောက်တယ်ဆိုရင်ပဲ အေးချမ်းစွာ နေလေ့ရှိတဲ့ ဘုန်းကြီး ဦးဝါယမကို ကြိုးတွေနှင့် တင်းကျပ်စွာ တုပ်နှောင်ပြီး တောကြီးတစ်ခုထဲ ခေါ်ဆောင်သွားကြတယ်။ တွင်းနှုတ်ခမ်းမှာ သရဏဂုံတင် ~~~~~~~~~~~~~~~ တောကြီးတစ်နေရာရောက်တော့ အရပ်ခိုင်းလို့ ရပ်ပြီး ကြည့်လိုက်တဲ့အခါ အဆင်သင့် ကြိုတင်ပြီး ကျင်း အနက်ကြီး တူးထားတာကို တွေ့ရတော့တာပဲ။ ဘုန်းကြီးက--- "မင်းတို့ ငါ့ကို ဘာလုပ်ကြမလို့လဲ"လို့ မေတော့--- "ကိုယ်တော့်ကိုသတ်ပြီး ဒီကျင်းထဲ မြှုပ်ဖို့ပဲ" လို့ လူဆိုးများက မဆုတ်မဆိုင်း ဟုတ်တိုင်းမှန်ရာ ပြောကြတယ်။ "အေး--- မင်းတို့ ငါ့ကို သတ်ချင်လည်း သတ်ကြပါ၊ ငါ့ဝဋ်က ရှိနေမှတော့ ခံရမှာပေါ့၊ ဒါပေမယ့် ခဏလောက် ဆိုင်းငံ့ကြပါဦး၊ ငါ ဘုရား ဝတ်တက်ပါရစေဦး" လို့ ပြတ်ပြတ်ရှင်းရှင်း ရဲရဲတင်းတင်းပဲ ပြောဆို ခွင့်တောင်းလိုက်တယ်။ ဘုန်းကြီး ဦးဝါယမကလည်း သရဏဂုံစွဲထုံထားတဲ့ ဘုန်းတော်ကြီးတစ်ပါးဆိုတော့ ခုလဲ သေရမယ့်အရေးကို တွေးပြီး ကြောက်မနေအားဘူး။ ကြောက်လို့လဲ ရမှာမဟုတ်တဲ့ အတူတူ "သရဏဂုံနှင့်ပဲ ငါ့ဘဝကို နိဂုံးချုပ်စေရမယ်" လို့ ကြိုတင် ပုံစံချထားခဲ့သလိုပဲ လူဆိုးများက ခွင့်ပေးတာနဲ့ ချက်ချင်း အဲဒီတွင်းနှုတ်ခမ်းမှာပဲ ဆောင့်ကြောင့်ထိုင် ဘုရားကို ရည်မှတ်ပြီး လက်အုပ်ချီ ကန်တော့လိုက်တယ်။ မျက်စိမှိတ်ပြီး ပါးစပ်က သူလေ့လာ ရွတ်ဆိုနေကျအတိုင်း ဖြစ်ပါလိမ့်မယ်--- "အရဟံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ အရ-ဟံ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ အ-ရဟံ သံဃံ သရဏံ ဂစ္ဆာမိ" လို့ စိတ်ထဲက လှိုက်လှဲစွာ ရွတ်ဆို ရှိခိုးလိုက်သတဲ့။ တစ်နည်းအားဖြင့်ပြောရရင် သူ့ကိုယ်သူ သရဏဂုံတင် လိုက်တာပေါ့လေ။ ထပ်ဆင့် အံ့ဖွယ် ကြုံရတယ် ~~~~~~~~~~~~~~ လူဆိုးများကလည်း လသာသာ မျက်စိအောက်မှာ ရှိခိုးနေတဲ့ ဘုန်းတော်ကြီး ဦးဝါယမကို စောင့်ဆိုင်းကြည့်နေကြတယ်။ အဲသလို ဝိုင်းပြီး ကြည့်နေကြတုန်း ဖြုန်းဆို မမျှော်လင့်ဘဲ မိုးမှောင်ကြီး ကျလာလိုက်တာ ဘယ်သူ့ဘယ်သူမှ မမြင်ကြရတော့ဘူးတဲ့။ လူဆိုးများလည်း ကြောက်ရွံ့ထိတ်လန့်ပြီး ခြေဦးတည့်ရာ ထွက်ပြေးသွားကြတယ်။ ထပ်ဆင့် အံ့သြစရာကောင်းတာက ဘုန်းတော်ကြီး ဦးဝါယမလဲ မကြုံစဖူး အံ့သြကာ သရဏဂုံတန်ခိုးကို စဉ်းစားရင်း သူ့တစ်ကိုယ်လုံး တင်းကျပ်စွာ တုပ်နှောင်ထားတဲ့ ကြိုးတွေအားလုံး အလိုလို ပြေသွားတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ ဘေးကင်း ချမ်းသာစွာ မိမိကျောင်း ပြန်လာခဲ့သတဲ့။ တကယ်လို့ ဘုန်းကြီး ဦးဝါယမဟာ အဲဒီအချိန်က ပျံလွန်တော်မူသွားလျှင်လည်း နတ်ပြည်ရောက်မှာ သေချာပါတယ်။ အကြောင်းရှာတော့ ရန်သူဟာ ပစ္စည်း ~~~~~~~~~~~~~~~~~~~ ဘုန်းကြီးဦးဝါယမလည်း ကျောင်းပြန်ရောက်တာနဲ့ ဖြစ်ကြောင်းစုံ ပြန်လည် စဉ်းစားကြည့်တယ်။ သူ့ကို ရန်ငြိုးထားသူရယ်လို့လဲ မရှိ။ မည်သူနှင့်မှ မသင့်မမြတ်အောင်လည်း မနေခဲ့ဖူးဘူး။ "ဒီလူဆိုးတွေ ဒီလောက်ထိအောင် ငါ့ကို ဘာလို့ ကြံကြပါလိမ့်" လို့ အပြန်ပြန် အလှန်လှန် စဉ်းစားတော့ ပေါ်လာတယ်။ သူ့ကျောင်းမှာ ပစ္စည်းပစ္စယ အသုံးအဆောင်တွေ ပြည့်စုံပေါများတယ်၊ ဒီလို ပစ္စည်းရှားတဲ့ ခေတ်ပျက်ကြီးထဲမှာ ဒီပစ္စည်းတွေအတွက် ငါ့အသက် ရန်ရှာကြတာကိုး" လို့ အတိအကျ တွက်လို့ရတယ်။ "ငါ့ ရန်သူဟာ လူဆိုးတွေ မဟုတ်ဘူး ဒီပစ္စည်းတွေပဲ" လို့ သဲသဲကွဲကွဲ တရားခံ မြင်လာတယ်။ ဒါနဲ့ ဘုန်းကြီးဦးဝါယမလည်း မိမိ ပရိက္ခရာမှ တစ်ပါး ဘာပစ္စည်းမှ အပိုမယူဘဲ ရွှေဘို ရေဦးမြို့က ဝါဆိုကျောင်းတိုက်သို့ ပြောင်းရွှေ့သွားခဲ့တယ်။ အဲဒီမှာ ၂-ဝါဆိုပြီး သရက်ပင်ရွာစု ဒကာ ဒကာမများက ပင့်လျှောက်တဲ့အတွက် အဲဒီရွာကျောင်းကို ပြောင်းရွှေ့ သီတင်းသုံးတော်မူခဲ့တယ်။ သရက်ပင်စုကျောင်းမှာပဲ ပျံလွန်တော်မူသွားတာ မကြာလှသေးပါဘူး။ ပြောလိုရင်းက သရဏဂုံကို အထင်မသေးကြပါနဲ့။ ဘုန်းတော်ကြီးများသော်မှ အဲသလို သရဏဂုံကို အားကိုးအားထားပြုကြတယ် ဟူ၍ မှတ်။ နိုင်ငံကျော် ကမ္ဘာကျော် ပုဂ္ဂိုလ်ကျော် တောင်ပုလု ဆရာတော်ကြီး တစ်သက်လုံး ဒီသရဏဂုံကိုပဲ ဦးစားပေး ဟောသွားတာကိုလဲ သတိပြုကြရမယ်။ [ဓမ္မာစရိယဦးဌေးလှိုင်၏ 'ခရီးဖော်' စာအုပ်မှ ဖော်ပြပါသည်။] Credit: ဇော်မင်းခိုင် ____________________________________________ သရဏဂုံ ဆောက်တည်ခြင်းအကျိုး ====================== ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူစဉ် ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတသိန်းထက်၌ ဆန္ဒ၀တီပြည်တွင် မိအိုဖအိုတို့ကို လုပ်ကျွေးနေသော အမျိုးကောင်းသားတစ်ဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တစ်နေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝ အရှင်နိသဘမထေရ်မြတ်ထံသို့ရိုသေစွာသွားရောက်ကာ... ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ-ဟု ရွတ်ဆို၍ သရဏဂုံ ဆောက်တည်၏။ ထိုအမျိုးကောင်းသားသည် အနှစ်တစ်သိန်းကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါနတ်ပြည်သို့ရောက်၍ ၈-ပါးသောအကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး ၈-ပါးတို့မှာ- ၁။ နေရာမရွေး ပူဇော်ခံရခြင်း။ ၂။ ဉာဏ်ပညာ လွန်စွာ ထက်မြက်ခြင်း။ ၃။ များစွာသော စည်းစိမ်ချမ်းသာ ရှိခြင်း။ ၄။ အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။ ၅။ အသားအရောင် ရွှေရောင်အဆင်း တောက်ပခြင်း။ ၆။ အရာရာ မိမိအလိုကျ ဖြစ်ခြင်း။ ၇။ မိတ်ပျက်ခြင်းမရှိ၊ ပေါများသောမိတ်ဆွေ ရှိခြင်း။ ၈။ ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း ဖြစ်၏။ ထို့နောက် ထိုဘ၀မှစုတေပြီး သိကြားမင်းအဖြစ် အကြိမ် ၈၀၊ စကြာမင်းအဖြစ် ၇၅-ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ်ကား မရေတွက်နိုင်အောင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဂေါတမမြတ်စွာဘုရား လက်ထက်တွင် သာဝတ္ထိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်၌ လူ့အဖြစ်ရရှိခဲ့သည်။ ထို့နောက် ၇-နှစ်သားအရွယ်၌ ရဟန္တာတပါးထံ သရဏဂုံယူစဉ် ကမ္ဘာတသိန်းထက်က ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိဖြစ်ကာ ၀ိပဿနာဉာဏ်စဉ် ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။ ဘုရားရှင်သည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူ၏။ သရဏဂုံ ဆောက်တည်ခြင်းအကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်းပြု၍ ထိုရဟန္တာအရှင်ကို တိသရဏဂမနိယထေရ်ဟု ဘွဲ့မည်ပေး၏။ အပဒါနပါဠိ။ ပ-၃-သုဘူတိဝဂ် . . သရဏဂုံတည်ခြင်း၏အကျိုး ➖➖➖➖➖➖➖➖➖➖➖➖➖➖➖ သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပွားများသော ပုဂ္ဂိုလ်သည် အောက်ပါ အကျိုးတရားများကို ရရှိနိုင်ပါသည်။ ၁။ ဒိသာသု ပူဇိတော ဟောမိ။ သွားလေရာ အရပ်တိုင်း၌ လေးစားမြတ်နိုးခြင်းခံရမည်။ ၂ ။ တိက္ခပညော။ ဉာဏ်အလွန်ထက်မြက်မည်။ ၃။ သဗ္ဗေ ဒေဝါနုဝတ္တန္တိ။ နတ်တို့၏ စောင့်ရှောက်ခြင်းခံရမည်။ ၄။ အမိတဘောဂံ လဘာမဟံ။ စီးပွားရေး အဆင်ပြေမည်။ ၅။ သုဝဏ္ဏဝဏ္ဏော သဗ္ဗတ္ထ။ ဖြစ်လေရာဘဝတိုင်း၌ ရုပ်အဆင်းအလွန်လှပမည်။ ၆။ ပဋိကန္တော ဘဝါမဟံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူချစ်လူခင် အလွန်ပေါမည်။ ၇။ မိတ္တာနံ အစလော ဟောမိ။ ဖြစ်လေရာဘဝတိုင်း၌ မိတ်ကောင်းဆွေကောင်းခိုင်မြဲမည်။ ၈။ ယသော အဗ္ဘုဂ္ဂတော မမံ။ ဖြစ်လေရာ ဘဝတိုင်း၌ လူအများ၏ လေးစားခြင်းခံရမည်။ ကောင်းသောစကားများကိုသာပြောကြမည်။ ကောင်းသတင်းများသာကျောဇောလိမ့်မည်ဟု တိသရဏမထေရ် ရဟန္တာအရှင်မြတ်က ဟောကြားခဲ့သည်။ ဒီဃနိကာယ်(နှာ-၃၃၂) သံယုတ္တနိကာယ်(နှာ-၃၄၁) တို့၌ လာသော သရဏံ၏အကျိုးတရားများမှာ- ၁။ ယခုပစ္စုပ္ပန်ဘဝ၌ ကျရောက်ဆဲ ကျရောက်လတ္တံ့သော အန္တရာယ်များရှိခြင်း၊ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ အပါယ်လေးပါးသို့ လားရောက်ရခြင်းစသည် တို့ကို တားမြစ်ဖျက်ဆီးပေးတတ်၏။ 💧 ၂။နောင်ဘဝ နတ်ပြည်သို့ ရောက်သည့်အခါတွင်လည်း သရဏဂုံ တည်သော နတ်သည် သရဏဂုံ မတည်သော နတ်ထက် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊အခြွေအရံပေါများခြင်း၊ အပူဇော်ခံရခြင်း၊ထက်မြက်သော ဉာဏ်ပညာရှိခြင်း၊မနှိုင်းယှဉ်နိုင်သော စည်းစိမ်ချမ်းသာကို ရရှိခြင်း၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း၊ ချစ်ခင် နှစ်သက်မှုကို ရရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ အစိုးရခြင်း၊ နတ်တို့၏ အာရုံငါးပါးတွင် သာလွန်ခြင်း၊ မိမိ၏အလိုကို အခြားသော နတ်များကလိုက်လျောကြရခြင်း၊ မိမိ၏ အဆွေခင်ပွန်းများကို မည်သူကမျှ ပျက်စီးအောင်မပြုလုပ်နိုင်ခြင်းစသည့် အကျိုးတရားတို့ဖြင့် ပြည့်စုံ နိုင်ပါသည်။ ထို့ကြောင့် … အလွန်အလုပ်များ၍ တရားအားထုတ်ရန်အတွက် အချိန်မရသောသူများသည် သရဏဂုံသုံးပါးကို အမြဲမပြတ် ရွတ် ဆိုပွားများသင့်ပါသည်။ ထိုသို့ ရွတ်ဆိုပွားများရခြင်း အကျိုးကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် နိဗ္ဗာန်ကိုမျက်မှောက်ပြုကြရပါမည်။ သံ သရာ၌ ကျင်လည်ရလျှင်လည်း ဖေါ်ပြခဲ့သောအကျိုးတရားများကို ရရှိပါလိမ့်မည်။ ထို့ကြောင့် သရဏဂုံ သုံးပါးကို သတိရတိုင်း အမှတ်ရတိုင်း စိတ်ထဲမှာ ရွတ်ဆိုပွားများကြပါဟု တိုက်တွန်းအပ်ပါသည်။ အရှင်ဥက္ကံသ(ဖားအောက်တောရ) Credit: Original.
via အလင်းရောင် ဓမ္မ https://ift.tt/2Lz4kW4
Newer Post
Older Post
Home