Thursday, September 19, 2019

စိတ်နဲ့တန်တဲ့ဘဝ 🚶‍♀️🚶🚶‍♀️🚶 မျက်လုံးတွေ အကောင်းတိုင်းရှိနေလျက်နဲ့ အကောင်းမမြင်တတ်ဘူးဆိုရင် - - - နားတွေ အကောင်းတိုင်းရှိနေလျက်နဲ့ ဆုံးမစကားတွေ မကြားလိုဘူးဆိုရင် - - - နှလုံးသားက အကောင်းတိုင်းရှိနေလျက်နဲ့ ခွင့်လွှတ်တတ်တဲ့စိတ် မမွေးမြူဘူးဆိုရင် - - - လူတွေကြားမှာ နေထိုင်နေပါလျက်နဲ့ မိတ်ဆွေကောင်းတွေရှိတယ်လို့ မခံစားမိဘူးဆိုရင် - - - ပတ်ဝန်းကျင်ရဲ့ အကူညီတွေရဖူးပါလျက်နဲ့ ကိုယ့်ကိုယ်ကိုယ်ကလွဲရင် ဘယ်သူကိုမှ သနားစရာကောင်းတယ်လို့ မခံစားမိဘူးဆိုရင် - - - ကွဲလွဲချက်တွေ အရမ်းများတဲ့ လောကအကြောင်းကို သိထားပါလျက်နဲ့ ကိုယ့်သဘောနဲ့ မတူညီတဲ့အမြင်တွေကို လေးစားဖို့ ခက်နေသေးတယ်ဆိုရင် - - - သတ္တိရှိတယ်လို့ ကြွေးကျော်ထားပါလျက်နဲ့ ကိုယ်ယူသင့်မှန်းသိနေတဲ့ လူမှုတာဝန်တွေကို မသိလိုက်မသိဖာသာ ထားတတ်နေတုန်း ဆိုရင် - - - ကိုယ့်ကိုကိုယ် သိပ်တော်တဲ့သူလို့ ယူဆထားပါလျက်နဲ့ လူ့စည်းကမ်း၊ လူ့ကျင့်ဝတ်တွေကို ဘယ်သူမှမမြင်မသိနိုင်တဲ့ အခြေအနေတွေမှာ အလွယ်တကူ ချိုးဖောက်ချင်စိတ် ရှိနေတုန်းပဲဆိုရင် - - - မတရား မမျှတမှုကို ခံစားဖူးပါလျက်နဲ့ မထိုက်တန်တဲ့ အခွင့်အရေးတွေကို အရူးအမူးမျှော်လင့်နေတုန်းပဲ ဆိုရင် - - - နိုင်လိုဖိနှိပ်မှုတွေ ခံစားခဲ့ဖူးပါလျက်နဲ့ ကိုယ်တိုင်က နိုင်ရာစားပြီး ဖော်လံဖားတတ်တဲ့အကျင့်ကို မပြင်နိုင်သေးဘူးဆိုရင် - - - သူတစ်ပါးကုန်းတိုက်လို့ ဘဝယိမ်းယိုင်ခဲ့ဖူးပါလျက်နဲ့ သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်း ပြောနေရတာကို အရသာတွေ့နေတုန်းပဲဆိုရင် - - - မင်းရဲ့သဘောထားတွေကို ပြောင်းလဲချိန်တန်ပြီ သူငယ်ချင်း - - - ကံတရားမှာ ဉာဏ်ဘယ်လောက်ပဲများများ တမာပင်စိုက်ပြီး သရက်သီးခူးချင်လို့တော့မရဘူး - - - "စိတ်နဲ့တန်တဲ့ဘဝကို ရကြတာချည်းပဲ" ဆိုတဲ့စကားက အလကားရေးထားတာမှမဟုတ်တာ - - - Credit to Original Writer


via အလင်းရောင် ဓမ္မ https://ift.tt/2QsJtIe