Wednesday, September 18, 2019

❝ သတိ မရှိရင် ကိလေသာ ဖြစ်တယ် ❞ ======================= မျက်စိဖြင့် အဆင်းကို မြင်တဲ့အခါ နှစ်သက်ဖွယ်အဆင်း၌ တပ်မက်တယ်။ နှစ်သက်ဖွယ် အာရုံကို တွေ့တဲ့အခါမှာ တပ်မက်တဲ့စိတ် ဖြစ်တယ်ပေါ့။ မနှစ်သက်ဖွယ် အာရုံနဲ့ တွေ့ကြုံတဲ့အခါ မနှစ်သက်ဖွယ်အဆင်းမှာ ဆိုလို့ရှိရင် အမျက်ထွက်တယ်။ ဒါ သာမန်လူတွေရဲ့သဘာဝ။ ကိလေသာ ရှိသူတို့ရဲ့ အနေအထားကို ပြောနေတာ။ တစ်စုံတစ်ခုကို မြင်လိုက်တဲ့အခါမှာ… နှစ်သက်ဖွယ်ရာကို မြင်တွေ့ရင် တပ်မက်စိတ် ဖြစ်တယ်။ မနှစ်သက်ဖွယ်ရာကို တွေ့တဲ့အခါမှာ မကျေနပ် သဘောမကျတဲ့ ဒေါသစိတ်ဖြစ်တယ်။ ကိုယ်၌ သတိကင်းလွတ်လျှက် ကျဉ်းမြောင်းသော စိတ်ရှိသည် ဖြစ်၍ နေတယ်။ သတိလွတ်တယ်။ သတိလွတ်လို့ ကိလေသာရှိတာ။ သတိ ဘယ်သူ့ကြောင့် လွတ်ရသလဲ။ ကိလေသာကြောင့် သတိလွတ်တာ။ နှစ်သက်ဖွယ်အဆင်း မြင်တဲ့အခါမှာ တပ်မက်တဲ့ လောဘဖြစ်… မနှစ်သက်ဖွယ်နဲ့ကြုံတဲ့အခါမှာ စိတ်ဆိုး ဒေါသဖြစ်တယ်ဆိုတာသည် သတိရှိလို့လား။ မရှိလို့လား။ သတိမရှိလို့ ကိလေသာဖြစ်တာ။ ကိလေသာစိတ်သည် ကျဉ်မြောင်းတဲ့စိတ် ကျယ်ပြန့်တဲ့စိတ်သည် ဘယ်စိတ်ကို ပြောတုန်း ဘာဝနာစိတ်။ ဘာဝနာစိတ် တရားဓမ္မ ရှုမှတ်ပွားများနေတဲ့ စိတ်သည် ကျဉ်းမြောင်းတဲ့စိတ်လား၊ ကျယ်ပြန့်တဲ့စိတ်လား။ ကိလေသာတွေ လွှမ်းမိုးသွားရင် စိတ်က ကျဉ်းမြောင်းသွားတယ်။ စိတ်က ကျဉ်းသွားတယ်ဆိုတာ ဒီလောဘဖြစ်ရင် လောဘအပေါ်မှာပဲ စိတ်ရှိပြီးနေတော့... ကုသိုလ်တွေ မတိုးပွားတော့ဘူး။ ဒေါသဖြစ်နေရင်လည်း ဒေါသစိတ်ကြီးပဲ ထပ်ခါထပ်ခါ ဖြစ်နေတယ်ဆိုတော့... ကုသိုလ်တရားတွေ မတိုးပွားတော့ဘူး။ ကုသိုလ်တွေ မတိုးပွားရင် ကျဉ်းမြောင်းတဲ့ စိတ်လို့ခေါ်တယ်။ ကုသိုလ်တွေ တိုးပွားနေရင် ကျယ်ပြန့်တဲ့စိတ်။ အခုယောဂီတို့... ဘာဝနာပွားနေကြတယ် ဆိုတာ... ဘာတွေ တိုးပွားနေကြလဲ ဆိုတော့ ကုသိုလ်တွေ တိုးပွားနေကြတာ။ ကုသိုလ်တိုးပွားအောင် ကျင့်ရင် ကျဉ်းမြောင်းတဲ့ စိတ်လား။ ကျယ်ပြန့်တဲ့စိတ်လား။ ကျယ်ပြန့်တဲ့စိတ်။ အဲဒီ ကျယ်ပြန့်တဲ့စိတ် ကုသိုလ် တိုးပွားတဲ့စိတ် ဖြစ်အောင်ဆိုလို့ ရှိရင်တဲ့ သတိရှိနေရမှာလား။ သတိလွတ်နေရမှာလား။ သတိလွတ်နေရင် ကိလေသာဖြစ်တယ်။ ခြုံပြီးတော့ မှတ်ထား။ တစ်ချက် သတိလွတ်ရင် ဘာဖြစ်တုန်း။ ကိလေသာဖြစ်တယ်။ သတိရှိနေရင် ကိလေသာ မဖြစ်ဘူး။ ကိလေသာရှိသူသည် ဘာဖြစ်မလဲ။ ချစ်စရာတွေ့ရင် ချစ်မှာပဲ။ မုန်းစရာတွေ့ရင် မုန်းမှာပဲ။ ချစ်ခြင်း မုန်းခြင်း တပ်မက်ခြင်း မနှစ်သက်ခြင်း ဆိုတာသည် ကိလေသာလို့ မှတ်ထား။ အဲဒါကိလေသာပဲ။ တပ်မက်ခြင်း လောဘကလည်း ကိလေသာ။ မနှစ်သက်ခြင်း ဒေါသကလည်း ကိလေသာ။ လောဘကလည်း နှိပ်စက်တယ်။ ဒေါသကလည်း နှိပ်စက်တယ်။ ကိလေသာသည် ပူပန်တတ်တဲ့ သဘောရှိတယ်။ နှိပ်စက်တတ်တဲ့ သဘောရှိတယ်။ ဘာစိတ်ဖြစ်နေလည်း ပြန်ကြည့်။ သတိရှိနေတဲ့ အချိန်အခါမှာ ကိလေသာကင်းတဲ့စိတ် ဖြစ်တယ်။ သတိလွတ်နေတဲ့ အချိန်အခါမှာ ကိလေသာစိတ်တွေ ဖြစ်နေတယ်။ ဒီအကုသိုလ်တွေ... အကြွင်းမဲ့ ချုပ်ငြိမ်းပြီးမှ သာလျှင် အကုသိုလ်တရားတို့ အကြွင်းမဲ့ ချုပ်ရာဖြစ်သော လွတ်မြောက်မှုကိုလည်း ကိလေသာရှိသူသည် မသိနိုင် မမြင်နိုင်ဘူး။ လွတ်မြောက်မှုဆိုတာကိုလည်း မသိနိုင်။ မမြင်နိုင်ဘူး။ ဘယ်က လွတ်မြောက်သွားသလဲ ခန္ဓာ သံသရာ ဒုက္ခ။ တရား တကယ်မြင်သွားသူသည် သံသရာက မလွတ်ဘူးလား။ ဒုက္ခကလည်း မလွတ်ဘူးလား။ ခန္ဓာတွေလည်း မလွတ်သွားဘူးလား။ ဒီသံသရာ စက်ဝိုင်းထဲမှာ ခန္ဓာပြီး ခန္ဓာ ဒုက္ခပြီး ဒုက္ခ တစ်ဝဲလည်လည် ဖြစ်နေတာသည် ဘယ်သူ့ကြောင့် ဖြစ်နေတာလဲ။ ပြန်ကြည့်ရင် " ကိလေသာကြောင့် " အဲတော့ ယောဂီတို့... ကိလေသာ မဖြစ်အောင် သတိရှိကြဖို့လိုတယ်။ သတိရှိသူနဲ့ မရှိသူ ဘာကွာလည်း ပြန်ကြည့်။ သတိရှိခြင်းနဲ့ သတိမရှိခြင်း။ သတိမရှိရင် ကိလေသာ ဖြစ်တယ်။ ကိလေသာတွေ ဖြစ်နေပြီ ဆိုရင်တော့ ခန္ဓာဒုက္ခ သံသရာကနေပြီး လွတ်မြောက်နိုင်ကြပါဦးမလား။ (ဓမ္မဒူတ ဒေါက်တာပညိဿရာဘိဝံသ) "ကိလေသာစိုစွတ်သူနှင့် မစိုစွတ်သူ" Credit•• Paral Lel 📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌 Credit - ဇာဏီ Zarni Copy from >> https://ift.tt/2QqjWQi >> Thanks


via အလင်းရောင် ဓမ္မ https://ift.tt/2AtBpfO