Thursday, September 19, 2019

"အမြတ်ဆုံးလေးဖြာ_သိဖွယ်ရာ” •••••••••••••••••••••••••••• ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များနှင့်တကွ လူ့ဘဝသို့ ရောက်ရှိနေကြသော အားလုံးသောပုဂ္ဂိုလ်တို့သည် မိမိတို့ရယူဖွယ်များကို ရယူကြမည့်အခါမှာ အယုတ်၊အလတ်၊အမြတ်ဟူ၍ သုံးမျိုးရှိရာတွင် အမြတ်ဆုံးကိုသာ ရွေးချယ်၍ ရယူလိုကြပေသည်။ သို့ပါသော်လည်း မိမိတို့အမြတ်ဆုံးထင်၍ ရွေးချယ်လိုက်သော အရာဝတ္ထုတို့သည် တစ်ခါတစ်ရံ အမြတ်ဆုံး မဖြစ်ပါဘဲ အယုတ်အလတ်များလည်း ဖြစ်နေတတ်ကြပေသည်။ သို့ဖြစ်၍ အမြတ်ဆုံးကို ရယူနိုင်ဖို့ရာ အမြတ်ဆုံးတရားလေးပါးကို ပသေနဒီကောသလ မင်းကြီးအား အကြောင်းပြု၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။ (၁)။ ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ဖြစ်သည်။ (၂)။ ရောင့်ရဲခြင်းသည် အမြတ်ဆုံးပစ္စည်းဖြစ်သည်။ (၃)။ အကျွမ်းဝင်သောသူသည် အမြတ်ဆုံးဆွေမျိုးဖြစ်သည်။ (၄)။ နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဖြစ်သည်ဟူ၍ အမြတ်ဆုံးတရား လေးပါးကို ဟောကြားတော်မူခဲ့ပါသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၁)။ “ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၁)။ “ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ဖြစ်သည်”ဟု ဟောကြားရာ၌ သေရမည်၊ရှင်ရမည် အဖြစ်ကို မသိနိုင်လောက်အောင် ပြင်းထန်သော ရောဂါဝေဒနာများ စွဲကပ်၍ ဆင်းရဲဒုက္ခခံနေကြရသူတို့သည် သူ့အတွက် အလွန်ကောင်းမြတ်သော အဝတ်အထည်၊ စားဖွယ် ကိုရရှိလာပါသော်လည်း သူ့မှာ စိတ်ချမ်းသာမူ ရရှိနိုင်တော့မည် မဟုတ်ပေ။ ဒုက္ခဝေဒနာကြောင့် နှစ်သက်ဝမ်းသာခြင်း ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ဒုက္ခဝေဒနာကြောင့် စိတ်မချမ်းသာဖြစ်ခြင်းကပင် များနေမည် ဖြစ်ပေသည်။ သို့ဖြစ်၍ ပြင်းထန်သော ရောဂါဝေဒနာ များစွဲကပ်၍ မကျန်းမမာဖြစ်နေမှ ရလာသော ပစ္စည်းလာဘ်လာဘတို့သည် ကောင်းမြတ်သော လာဘ်လာဘများဖြစ်သည်ဟု မဆိုနိုင်တော့ပေ။ ကျန်းမာခြင်းနှင့် ပြည့်စုံနေသော ပုဂ္ဂိုလ်တို့သည် လောကီရေးရာ အတွက် ပစ္စည်းဥစ္စာရှာဖွေလျှင်လည်း မိမိတို့၏ ကိုယ်အား= ဉာဏ်အား နှင့်လျော်ညီစွာ ပစ္စည်းဥစ္စာရတနာ လာဘ်လာဘများ ရရှိကြမည် ဖြစ်ပေသည်။ လောကုတ္တရားအတွက် တရားဓမ္မ - ရှာမှီး အားထုတ်ကြလျှင်လည်း မိမိတို့၏ ပါရမီအားလျှော်စွာ မဂ်ဖိုလ်နိဗ္ဗာန် တရားထူးတရားမြတ်များ ရရှိနိုင်ကြမည် ဖြစ်ပေသည်။ သို့ဖြစ်၍ “ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ် ဖြစ်သည်”ဟု ဟောတော်မူခြင်း ဖြစ်ပေသည်။ အမြတ်ဆုံးကျန်းမာခြင်းလာဘ်ကို ရရှိလိုသော ပုဂ္ဂိုလ်တို့သည် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော ကျန်းမာခြင်း၏ အကြောင်းတရားလေးပါး ကို ကောင်းမွန်အောင် ပြုပြင်ကြရပေသည်။ အမြတ်ဆုံးကျန်းမာခြင်းလာဘ်ကို ရရှိလိုသော ပုဂ္ဂိုလ်တို့သည် ကံ ကိုလည်း ပြုပြင်ကြရပေသည်။ ကံသည် အတိတ်ဘဝများကပြုခဲ့ဖူးသော ကံနှင့် ယခုမျက်မှောက် ပစ္စုပ္ပန်ဘဝမှာ ပြုလုပ်သောကံ ဟူ၍ နှစ်မျိုးရှိပေသည်။ ထိုနှစ်မျိုးတို့တွင် အတိတ် ဘဝကပြုခဲ့ဖူးသော ကံကိုတော့ မမြင်၍ ပြုပြင်လို့ မရနိုင်ကြတော့ပေ။ ကျန်းမာဖို့ရာ ယခုမျက်မှောက် ပစ္စုပ္ပန်ကံကိုသာ ပြုပြင်ကြရပေသည်။ အမြတ်ဆုံးကျန်းမာခြင်းလာဘ်ကို ရရှိလိုသော ပုဂ္ဂိုလ်တို့သည် အချိန် မှန်မှန်အိပ်ခြင်း၊ အချိန်မှန်မှန် စားသောက်ခြင်း၊ စားနိုင်သည်မှ အနည်းငယ်လေး လျော့စားခြင်း၊ လမ်းလျှောက်ခြင်း စသော ကိုယ်လက်လူပ်ရှားမှုများကို အချိန်မှန်မှန် ပြုလုပ်ခြင်း စသည်တို့ဖြင့် ပစ္စုပ္ပန်ကံကို ပြုပြင်ကြရပေသည်။ ဤကဲ့သို့ မှန်မှန်အိပ်၊ မှန်မှန်စား၊ အနည်းငယ် လျော့စားခြင်း၊ မှန်မှန် ကိုယ်လက်လှုပ်ရှားခြင်းစသော ပစ္စုပ္ပန်ကံကို ပြုပြင်၍နေထိုင်ခြင်းတို့ဖြင့် အမြတ်ဆုံးကျန်းမာခြင်းလာဘ်ကို ရရှိနိုင်ကြပေသည်။ အမြတ်ဆုံးကျန်းမာခြင်းလာဘ်ကို ရရှိလိုကြသော ပုဂ္ဂိုလ်တို့သည် စိတ်ကိုလည်း ပြုပြင်ကြရပေသည်။ စိတ်ချမ်းသာမှုကို ရရှိစေနိုင်သော အိမ်သူ၊အိမ်သား လင်ယောက်ျား၊ ဇနီးမယား၊ သားသမီးကောင်းများနှင့် အတူတကွ ချမ်းသာစွာ နေထိုင်ခြင်းတို့ဖြင့်လည်း စိတ်ကို ပြုပြင်ကြရပေသည်။ မေတ္တသုတ်၊ ဓမ္မစကြာသုတ်စသော ဘုရားဟော ပါဠိတော်များကို ရွတ်ဖတ်ခြင်း၊ သမထ၊ဝိပဿနာ တရားပွားများအားထုတ်ခြင်းဟူသော တရားဓမ္မနှင့် မွေလျော်ခြင်းတို့ဖြင့်လည်း စိတ်ကို ပြုပြင်ကြရပေသည်။ ဤကဲ့သို့ မိသားစုများနှင့် ချမ်းသာစွာ နေထိုင်ခြင်း၊ တရားဓမ္မနှင့် မွေ့လျော်ခြင်း ဟူသော စိတ်ကို ပြုပြင်၍ နေထိုင်ခြင်းတို့ဖြင့်လည်း အမြတ်ဆုံး ကျန်းမာခြင်းလာဘ်ကို ရရှိနိုင်ကြပေသည်။ အမြတ်ဆုံးကျန်းမာခြင်းလာဘ်ကို ရရှိလိုကြသော ပုဂ္ဂိုလ်တို့သည် အအေးအပူ ဥတုနှင့် အစာအာဟာရ တို့ကိုလည်း ပြုပြင်ကြရပေသည်။မိမိတို့ ခန္ဓာကိုယ်နှင့် သင့်လျော်မျှတသော အအေးအပူတို့ကို ဉာဏ်မှီသလောက် ပြုပြင်၍ နေကြရပေသည်။ ချိုချဉ်ဆိမ့်ငန်စပ်ခါးသော အာဟာရများကိုလည်း သင့်လျော်သော အာဟာရဖြစ်အောင် ပြုပြင်၍ စားသောက်ကြရပေသည်။ ဤကဲ့သို့ သင့်လျော်သော ဥတုအာဟာရဖြစ်အောင် ပြုပြင်၍ နေထိုင်ခြင်း၊ စားသောက်ခြင်းတို့ဖြင့်လည်း အမြတ်ဆုံး ကျန်းမာခြင်းလာဘ်ကို ရရှိနိုင်ကြပေသည်။ “ယုံကြည်ကျန်းမာ၊ ဖြောင့်စွာစိတ်ထား၊ ကြိုးးစားတွင်တွင် ဖြစ်ပျက်မြင်၊ ငါးအင်တရား ရကြောင်းတည်း”ဟူသော တရားထူးတရားမြတ် ရရှိကြောင်း အင်္ဂါ(၅)ပါးတို့တွင် ကျန်းမာခြင်းသည် နံပါတ် ၂-အင်္ဂါ ဖြစ်ပေသည်။ ကျန်းမာခြင်းရှိမှသာ အမြတ်ဆုံး မဂိဖိုလ်နိဗ္ဗာန်ချမ်းသာကို ရရှိနိုင်မည် ဖြစ်သောကြောင့် “ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ဖြစ်သည်” ဟု မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၂)။ “ရောင့်ရဲခြင်းသည် အမြတ်ဆုံးပစ္စည်း” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၂)။“ရောင့်ရဲခြင်းသည် အမြတ်ဆုံးပစ္စည်းဖြစ်သည်”ဟု ဟောကြားရာ၌ တရားသဖြင့် ရှာဖွေရရှိသည့် ရရသမျှသောပစ္စည်းဥစ္စာဖြင့် မရောင့်ရဲနိုင်သော ပုဂ္ဂိုလ်တို့သည် ပစ္စည်းဥစ္စာ၌ တပ်မက်မောခြင်း လောဘ ထူထပ်များပြားနေသည်ဖြစ်၍ အလှူဒါနလည်း မပြုလုပ်နိုင်၊ သီလလည်း မဆောက်တည်နိုင်၊ သမထ ဝိပဿနာတရားလည်း အားမထုတ်နိုင်သဖြင့် မရောင့်ရဲနိုင်သောသူတို့၏ ပစ္စည်းဥစ္စာတို့သည် ဤဘဝအတွက် နောင်ဘဝများ အတွက် အကျိုးမများသောကြောင့် ကောင်းမြတ်တန်ဖိုး ရှိသော ပစ္စည်းဥစ္စာတို့ မဟုတ်ကြပေ။ ယုတ်ညံ့သော ပစ္စည်းဥစ္စာတို့ ဖြစ်ကြပေသည်။ တရားသဖြင့် ရှာဖွေရရှိသည့် ရရသမျှသော ပစ္စည်းဥစ္စာများဖြင့် ရောင့်ရဲနိုင်သောပုဂ္ဂိုလ်တို့သည် ပစ္စည်းဥစ္စာ၌ တပ်မက်ခြင်း လောဘနည်းသည်ဖြစ်၍ အလှူဒါနလည်း ပြုလုပ်နိုင်ကြပေသည်။ သီလလည်း ဆောက်တည်နိုင်ကြပေသည်။ ဝိပဿနာတရားများကိုလည်း ပွါးများအားထုတ် နိုင်ကြပေသည်။သို့ဖြစ်၍ ရရသမျှသော ပစ္စည်းဥစ္စာဖြင့် ရောင့်ရဲနိုင်သောပုဂ္ဂိုလ်တို့၏ ပစ္စည်းဥစ္စာတို့သည် ဤဘဝအတွက် နောင်ဘဝများ အတွက် နိဗ္ဗာန် ချမ်းသာရောက်သည့်တိုင်အောင် အကျိုးများသောကြောင့် အမြတ်ဆုံးပစ္စည်း ဖြစ်သည် ဟု မြတ်စွာဘုရား ဟောကြားတော်မူခြင်းဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၃)။ “အကျွမ်းဝင်သောသူသည် အမြတ်ဆုံးဆွေမျိုး” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၃)။ “အကျွမ်းဝင်သောသူသည် အမြတ်ဆုံးဆွေမျိုး ဖြစ်သည်”ဟု ဟောကြားရာ၌ တစ်မိဝမ်းတွင်း အတူဆင်းသော ညီအစ်ကိုမောင်နှမ၊ဆွေမျိုးရင်းပင် ဖြစ်ပါသော်လည်း စိတ်ထားသဘောထားချင်း မတူ၍ အကျွမ်းမဝင်ပါက လောကဓမ္မနှစ်ဌာန၌ အကျိုးးရှိရာ၊အကျိုးရှိကြောင်းများကိုပင် တိုင်ပင်ပြောဆို၍ မရသောသူတို့သည် ကောင်းမြတ်သော ဆွေမျိုးဟူ၍ မဆိုနိုင်ပေ။ သာမန်ဆွေမျိုးမျှသာ ဖြစ်ပေသည်။ ဆွေမျိုး တော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ စိတ်ထားသဘောထားချင်း တူသောသူတို့သည် အကြောင်းကိစ္စရှိလာသောအခါ ကောင်းဆိုး နှစ်မျိုးလုံး တိုင်ပင်လို့ ရရှိကြပေသည်။ လောကဓမ္မနှစ်ဌာနလုံး တို့၌ အကျိုးရှိရာ၊ အကျိုးးရှိကြောင်းများကို တိုင်ပင်လို့ ရရှိကြပေသည်။ တစ်ဦး၏ချွတ်ယွင်းချက်ကို တစ်ဦးက လွယ်ကူစွာ ပြုပြင်လို့ ရကြပေသည်။ တစ်ဦး၏ အပြောမှား အပြုမှားတို့ကို တစ်ဦးက သည်းခံ နိုင်ကြပေသည်။ ဤကဲ့သို့ တိုင်ပင်လို့လည်း ရကြ၊ ပြုပြင်လို့လည်း လွယ်ကူကြ၊သည်းလည်း ခံနိုင် ကြသောကြောင့် “အကျွမ်းဝင်ဆုံးသူသည် အမြတ်ဆုံး ဆွေမျိုးဖြစ်သည်”ဟု မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၄)။ “နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဖြစ်သည်” ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬ (၄)။ “နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာဖြစ်သည်”ဟု ဟောကြားရာ၌ ချမ်းသာသည် လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာဟူ၍ နှစ်မျိုး ရှိပေသည်။ ထိုနှစ်မျိုး တို့တွင် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဟူသော လောကီချမ်းသာတို့သည် အမြဲတမ်း ချမ်းသာနိုင်တဲ့ ချမ်းသာမှုမျိုး မဟုတ်ပေ။ ဈာန်သမာပတ်ရရှိ၍ အမြင့်ဆုံးဘဝဂ် = နေဝသညာနာသညာယတနဗြဟ္မာဘုံသို့ ရောက်သွားသော်လည်း ဈာန်အရှိန် ကောင်းမူအရှိန်များ ကုန်သွားသောအခါ ဆင်းရဲဒုက္ခများသော ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဟူသော အပါယ်လေးဘုံသို့ ပြန်ရောက်ကြမည် ဖြစ်ပေသည်။ သို့ဖြစ်၍ လောကီချမ်းသာတို့သည် ဆင်းရဲမကင်းသောကြောင့် အမြတ်ဆုံးချမ်းသာတို့ မဟုတ်ကြပေ။ အညံ့စားချမ်းသာများသာ ဖြစ်ကြပေသည်။ ဝိပဿနာတရားအားထုတ်၍ သောတာပတ္တိမဂ်ဉာဏ်ဖြင့် လောကုတ္တရာနိဗ္ဗာန်ချမ်းသာသို့ တစ်ကြိမ်ရောက်သွားသော ပုဂ္ဂိုလ်တို့သည် ဆင်းရဲဒုက္ခ အလွန်များကြတဲ့ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်ဟူသော အပါယ်လေးဘုံသို့ ဘယ်သောအခါမှ ပြန်မရောက်ကြရတော့ပေ။ အပါယ်ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်၍ အမြတ်ဆုံးချမ်းသာကို ရရှိကြပေသည်။ ဝိပဿနာတရားအားထုတ်၍ သကဒါဂါမိမဂ်ဉာဏ်ဖြင့် လောကုတ္တရာနိဗ္ဗာန်ချမ်းသာကို တစ်ကြိမ်ရောက်သွားသော ပုဂ္ဂိုလ်တို့သည် လူ့ပြည် နှင့် နတ်ပြည်(၆)ထပ် တို့၌ ဖြစ်၍ခံကြရမည့် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးငိုကြွေးရခြင်းစသော ဆင်းရဲဒုက္ခအမျိုးမျိုး တို့ကို ယခုဘဝနှင့် နောင်တစ်ဘဝသာ ခံကြရတော့မည် ဖြစ်ပေသည်။ ထိုနှစ်ဘဝမှ နောင်ဘဝများတွင် ကာမဘုံ၌ ဖြစ်၍ခံကြရမည့် ဆင်းရဲဒုက္ခအမျိုးမျိုးတို့မှ အပြီးတိုင် လွတ်မြောက်၍ အမြတ်ဆုံးချမ်းသာကို ရရှိကြပေသည်။ ဝိပဿနာတရားအားထုတ်၍ အနာဂါမိမဂ်ဉာဏ်ဖြင့် လောကုတ္တရာနိဗ္ဗာန်ချမ်းသာသို့ တစ်ကြိမ် ရောက်သွားသော ပုဂ္ဂိုလ်တို့သည် လူ့ပြည် နှင့် နတ်ပြည်(၆)ထပ်တို့၌ ဖြစ်၍ခံကြရမည့် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးငိုကြွေးးရခြင်းစသော ဆင်းရဲဒုက္ခအမျိုးမျိုးတို့မှ အပြီးတိုင်လွတ်မြောက်၍ အမြတ်ဆုံးချမ်းသာကို ရရှိကြပေသည်။ ဝိပဿနာတရားအားထုတ်၍ အရဟတ္တမဂ်ဉာဏ်ဖြင့် လောကုတ္တရာနိဗ္ဗာန်ချမ်းသာသို့ တစ်ကြိမ် ရောက်သွားသော ပုဂ္ဂိုလ်တို့သည် (၃၁)ဘုံ၌ ဖြစ်၍ခံကြရမည့် အိုခြင်း၊ နာခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးငိုကြွေးရခြင်းစသောက ဆင်းရဲဒုက္ခအမျိုးမျိုး တို့မှ အပြီးတိုင် လွတ်မြောက်သွားကြရပေသည်။ နောင်ဘယ်သောအခါမှ ဆင်းရဲဒုက္ခအမျိုးမျိုးတို့နှင့် မတွေ့ကြရတော့ပါဘဲ အမြတ်ဆုံးနိဗ္ဗာန်ချမ်းသာကို ရရှိသွားကြပေသည်။ သို့ဖြစ်၍ “နိဗ္ဗာန်သည် အမြတ်ဆုံး ချမ်းသာဖြစ်သည်”ဟု မြတ်စွာဘုရား ဟောကြားတော်မူခြင်း ဖြစ်ပေသည်။ (မဟာစည်နာယက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အရှင်ကုဏ္ဍလာဘိဝံသ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး) Thanks - Young Buddhist Association ဖတ်ရှုမျှဝေပူဇော်ပါသည် #Sandar Aung


via အလင်းရောင် ဓမ္မ https://ift.tt/2LBunM5