အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Sunday, September 15, 2019
ဗေဒင်နှင့် ယတြာချေခြင်း •••••••••••••••••••••••• ဗုဒ္ဓဝါဒနှင့် ဗေဒင်သည် လုံးဝဆန့်ကျင် ခြားနား၏။ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်၏။ ရေတစ်လမ်း မီးတစ်လမ်း ဖြစ်၏။ ယတြာချေသည့်အနေဖြင့် ဘုရားဆင်းတု တော်၏ ဦးခေါင်းမှ ရေတစ်ခွက်ပြီး တစ်ခွက် လောင်းချနေခြင်းမှာ ပြုသင့်ပြုအပ်ပါ၏လော။ ဗေဒင်ဆရာက ယတြာချေခိုင်းသောကြောင့် ဘုရားဆင်းတုတော်ကို ရေသပ္ပါယ်ရာ၌ ဦးခေါင်းတော်အပေါ်မှ ရေတစ်ခွက်ပြီး တစ်ခွက် ခပ်သွက်သွက် လောင်းချနေ ကြသည်ကို တွေ့မြင်နေရပါသည်။ ဘုရားရှင်အပေါ် သက်တော်ထင်ရှား သဘောထားပြီး ကြည်ညိုတတ်လျှင် ဤသို့သော အပြုအမူမျိုးကို ပြုလိမ့်မည် မထင်ပါ။ အဘယ်ကြောင့်မူ ဤအပြုအမူမှာ ဘုရားရှင် အပေါ် မရိုသေ မလေးစားရာ အဂါရဝပြုရာ ရောက်နေသောကြောင့် ဖြစ်ပါ၏။ ဗေဒင်ဆိုင်ရာအယူအစွဲများ အားလုံးသည် ထေရဝါဒရှုထောင့်မှ သုံးသပ်လျှင် အကျိုး စီးပွားနှင့် မဆက်စပ်သော မှားယွင်းသော အယူအမြင်များချည်း ဖြစ်ပါ၏။ ယုံကြည်နေစရာမလို။ ဦးထိပ်ပန်နေစရာ မလိုပေ။ မိမိကိုးကွယ်သော ဘုရားရှင်၏ ရွှေမျက်နှာတော်ကိုသာ မော်ဖူးရန်လို၏။ မြတ်စွာဘုရားကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော ဘာသာခြား ဝေဒပညာရှင်တို့၏ မျက်နှာကို မော်ကြည့်ရန်မလို။ ယတြာချေခြင်းသည် ထေရဝါဒဗုဒ္ဓ ဘာသာနှင့် မည်သို့မျှ မပတ်သက်။ မပတ်သက်ရုံမျှမက မြတ်စွာဘုရားက မိစ္ဆာ ဒိဋ္ဌိဟူ၍ ရှုတ်ချတော်မူသော ဗြဟ္မဏတို့၏ ဗေဒင်အတတ်မှ ဆင့်ပွားခြင်း ဖြစ်သော ကြောင့် သာသနာတော်နှင့်ဆန့်ကျင်၏။ မြတ်စွာဘုရားသည် ဗေဒင်ကို တိရစ္ဆာန် အတတ်ဟု ပယ်မြစ်တော်မူ၏။ သာသနာတော်နှင့်ဆန့်ကျင်သော ယတြာ ချေမှုကို လုပ်လိုသော် သာသနာ့ပရဝဏ် ပြင်ပ၌သာ လုပ်သင့်ပါ၏။ ဘုရားစေတီတော် ပရဝဏ်အတွင်းတွင် ဘုရားရှင် မနှစ်မြို့တော်မူသော ယတြာ ချေမှုကို မပြုသင့်ပါ။ ထေရဝါဒ အသိအမြင် နည်းပါးပြီး ဗေဒင် စေခိုင်းရာကို ဦးလည်မသုံ ကျေးကျွန် သဘောက်ပမာ ဆင်ခြင်တုံတရား ကင်းမဲ့စွာ လိုက်နာဆောင်ရွက်နေသမျှ ကာလပတ်လုံး စိတ်ဓာတ်အဆင့်အတန်းနှင့် အတွေးအခေါ် သည် မည့်သည့်အခါမျှ မြင့်မားလာမည် မဟုတ်ပါချေ။ မိမိ၏ ကံ ဥာဏ် ဝီရိယကို လေးလေးပင်ပင် အသုံးမချသူများ မိမိ၏ကိုယ်ကျင့်တရားကို ခိုင်မာအောင် မပျိုးထောင်နိုင်သူများမှာ မိမိ၏အနာဂတ်အပေါ် ယုံကြည်မှုကို တည်ဆောက်၍မရပါ။ ထိုအခါ မိမိ၏အနာဂတ်ဘဝ မည်သို့ဖြစ် မည်ကို ဗေဒင်ဆရာ ဘိုးတော် မယ်တော် နတ်ကတော်တို့ထံ မေးမြန်းကြသည်။ စင်စစ် ဤသည်မှာ ရူးသွပ်မှုတစ်ခုသာ ဖြစ်၏။ လူတစ်ယောက်၏ အနာဂတ်ဘဝ ဘာဖြစ်မည်ကို ဘုရားရဟန္တာမှအပ တိတိကျကျ ဂဃနဏ ပြောနိုင်သူဟူ၍မရှိပါ။ ငြိမ်းအေးချမ်းမြေ့သော ဘဝကို ပိုင်ဆိုင်လိုသော်… "မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင် စိတ်ကိုထား" ဟူသော ဘုရားရှင်၏ အဆုံးအမတော်အတိုင်း လိုက်နာ ကျင့်သုံးဖို့သာ လိုပါ၏။ မည်သည့်ဗေဒင်ဆရာ၏ စကားကိုမှ လိုက်နာစရာ မလိုပေ။ ကောင်းမှုကိုသာ ဆောင်ပါ။ ယတြာကို ဆောင်ရန်မလိုပါ။ မြတ်စွာဘုရား၏ ဓမ္မဒေသနာများကို ကြည်ကြည်လင်လင် သိမြင်နားလည် သဘောပေါက်လာသော ထေရဝါဒီစစ်စစ် များသည် ဗေဒင်ကို မယုံကြည်။ ဗေဒင်ဆရာထံသို့လည်း လုံးဝမသွား။ ဗေဒင်လည်း လုံးဝမမေး။ ထေရဝါဒီစစ်စစ်တို့၏ ဘဝ၌ ဗေဒင်ပညာ ဗေဒင်ဆရာတို့၏ အခန်းကဏ္ဍ လုံးဝမရှိ။ ရှင်ရဟန်းများ ဗေဒင်အတတ်ကို လေ့လာ လိုက်စားခြင်း ဗေဒင်ဟောခြင်း မပြုရန်လည်း ဝိနည်းသိက္ခာပုဒ်များ ပညတ်၍ တားမြစ်တော် မူပါသည်။ မင်းနန် (မော်ကျွန်း) "ဓမ္မလမ်းညွှန် စာစုမွန်" စာအုပ်မှ
via အလင်းရောင် ဓမ္မ https://ift.tt/2UUVrck
Newer Post
Older Post
Home