အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, August 19, 2019
သတိအစွမ်း အံ့မခန်း ___________________ ဟိုရှေးတုန်းက ရဟန်းတော်အပါးသုံးဆယ်ဟာ တောအုပ်တစ်ခုအတွင်း ၀ါတွင်းသုံးလ တရားအားထုတ်ဖို့ သီတင်းသုံး ၀ါဆိုကြသတဲ့။ တောက အလွန်နက်တော့ ကျားတွေကလည်း ပေါသတဲ့။ အဲဒီအထဲက ကျားဆိုးတစ်ကောင်ဟာ သစ်ပင်ရင်းမှာ တရားပွားများနေကြတဲ့ ရဟန်းတော်တွေကို တစ်ညလျှင် … တစ်ပါး တစ်ပါး ဆွဲဆွဲ ယူသွားသတဲ့။ ဒါပေမယ့် … ကျားဆွဲခံရတဲ့အခါ ရဟန်းတော်တွေက သတိပဋ္ဌာန်တရား အားထုတ်နေတဲ့ ရဟန်းလည်းဖြစ်၊ သူတော်ကောင်းစိတ် ရှိတဲ့သူတွေလည်း ဖြစ်တော့ - "ငါက ကျားဆွဲခံရတဲ့အကြောင်း သတင်းပေးလိုက်ရင် ငါ့ရဲ့ညီတော်၊ နောင်တော်တွေ တရားအားထုတ်ရာမှာ အနှောက်အယှက်ဖြစ်မယ်။ ဒီတော့ ငါသာ အသေခံမယ်၊ အသံမပြုဘူး၊ မအော်ဘူး" ဆိုပြီး ကျားဆွဲတာကိုပဲ ကြိတ်ပြီး ခံသွားကြသတဲ့။ ဒီလိုနဲ့ ရက်အတန်ကြာတဲ့အခါ ရဟန်းတွေ လျော့နည်းနေတာ သိရတော့ စုံစမ်းစစ်ဆေးကြတဲ့အခါ - ကျားရဲ့ခြေရာလက်ရာနဲ့ သွေးစသွေးနတွေကိုတွေ့ရပြီး၊ ရဟန်းတွေကို ကျားဆွဲ ခံနေရမှန်း သိကြတယ်။ ဒီတော့ အကြီးဆုံး ရဟန်းတော်က ရဟန်းတော်များကို စုဝေးစေပြီး - "အရှင်ဘုရားတို့… ဒီတောထဲမှာ ကျားဆိုးတစ်ကောင် ရှိနေပြီ။ အရှင်ဘုရားတို့ ညအခါ တရားအားထုတ်နေတုန်း ကျားဆွဲ ခံရရင်ဖြင့် ညီတော်နောင်တော်များကို အသိပေးပါ။ တပည့်တော်တို့မှာ တာဝန်ရှိပါတယ်" လို့ ကတိက၀တ် ထားကြသတဲ့။ အဲဒီနေ့ ညပိုင်းရောက်တဲ့အခါ လာနေကြ ကျားကြီးက- လာပြီး တောအုပ်အစွန်မှာ တရားရှုမှတ်နေတဲ့ ရဟန်းတော်ကို ဆွဲပါလေရော။ အဲဒီအခါ သတိပဋ္ဌာန်တရား ပွားများနေတဲ့ ရဟန်းတော်က ဣနြေ္ဒပျက်စိတ် ချောက်ချားမှုမရှိဘဲ - "သံဃာ့ အစည်းအဝေးမှာ ကတိ ပေးထားလေတော့ ငါ ကျားဆွဲခံရတာကို အသိ မပေးလို့ ရှိရင်ဖြင့် ညီတော်နောင်တော်များ စိတ်အနှောက်အယှက် ဖြစ်ကုန်လိမ့်မယ်၊စိတ်ဆင်းရဲကြလိမ့်မယ်"လို့ နှလုံးသွင်းမိပြီး … "အရှင်ဘုရားတို့ တပည့်တော်ကို ကျားဆွဲသွားပြီ ဘုရား” လို့ အသိပေးလိုက်တယ်။ ထိတ်ထိတ်လန့်လန့်နဲ့ ကြောက်ပြီးအော်တာ မဟုတ်ပါဘူး။ သတိ လက်မလွှတ်ဘဲ … တည်တည်ငြိမ်ငြိမ်နဲ့ အသံပေးလိုက်တာပဲ။ "ကျားဆွဲ ခံရပြီ” ဆိုတဲ့ အသံ ကြားလိုက်ရတယ်ဆိုရင်ပဲ နေရာအသီးသီးက တရားရှုမှတ်နေတဲ့ အရှင်မြတ်တွေအားလုံး … မီးတုတ်ကိုယ်စီနဲ့ ပြေးလာကြပါတယ်။ ပါးစပ်ကလည်း "ဟေ့… ကျားကြီး လွှတ်ပေးကွ၊ သူတော်ကောင်းကို မနှိပ်စက်ကောင်းဘူး” လို့ အော်ဟစ်ပြီး တုတ်များ၊ ခဲများနဲ့ ခြောက်လှန့်ပစ်ခတ်ကြသတဲ့။ ဒါပေမယ့် ကျားကြီးက အကြောက်အလန့် မရှိဘဲ၊ ကြောင်က ကြွက်ကလေး ဆွဲသွားသလို ရဟန်းတော်များ ရှေ့မှောက်မှာပင် ရဟန်းတော်ကို ပါးစပ်ဖြင့် ကိုက်ချီပြီး ဆွဲပြေးပါတယ်။ ရဟန်းတော်များက နောက်ကလိုက်၊ ကျားက ရှေ့ကပြေးနဲ့ ရှေ့နားရောက်တော့ အလွန်နက်တဲ့ ချောက်ကမ်းပါးပြတ်ကြီးကို ရောက်လာသတဲ့ …။ အဲဒီအခါ - ကျားကြီးက ရဟန်းတော်ကို ကိုက်ချီလျက်နဲ့ ဒီဘက်ကမ်းပါးကနေ ဟိုဘက်ကမ်းပါးထိပ် ရောက်အောင် ခုန်ပြီး ကူးလိုက်တယ်။ နောက်က လိုက်လာတဲ့ ရဟန်းတော်တွေကတော့ … ချောက်ထဲဆင်းပြီး လိုက်လို့ကလည်း မမီ၊ လှမ်းခုန်ကူးလို့ကလည်း မရ ဖြစ်နေတယ်။ အဲဒီတော့ ရဟန်းတော်တွေက - "အခြေအနေကတော့ … ဘယ်လို့မျှ မတတ်နိုင်တော့ဘူး။ ဒီတော့ တို့တတ်နိုင်တဲ့ နည်းနဲ့ပဲ ကူညီရတော့မယ်” ဆိုပြီး … ကျားပါးစပ်ထဲက ရဟန်းတော်အတွက် #တရားလက်ဆောင် ပေးလိုက်ကြတယ်။ #တရားလက်ဆောင် ပေးတယ်ဆိုတာ #သတိပေးတာကို ပြောတာပါ …။ #သတိဟာ သာသနာတော်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။ ဟိုဘက်ကမ်းပါးထိပ် ရောက်သွားတဲ့ ကျားကြီးဟာ သူ့နောက်က ရဟန်းတော်တွေ ဆက်ပြီး မလိုက်နိုင်တော့တာ သိလို့… ပါးစပ်ထဲက ရဟန်းတော်ကို မြေကြီးပေါ် ချလိုက်ပါတယ်။ ရဟန်းတော်မှာလည်း ကျားခဲတဲ့ ဒဏ်ရာနဲ့ မျော့မျော့ပဲကျန်ပါတယ်။ အဲဒီအချိန်ကလေးမှာပဲ ဒီဘက်က လိုက်လာတဲ့ ရဟန်းတော်တွေက ဟိုဘက်ကမ်းပါးမှာ ရှိနေတဲ့ ကျားလက်ထဲ ရောက်နေတဲ့ ရဟန်းကို - "အရှင်ဘုရား၊ အရှင်ဘုရား ယခုတွေ့နေတဲ့ ဆင်းရဲဒုက္ခအ၀၀ဟာ ကျားကြီးက နှိပ်စက်တာ မဟုတ်ပါဘူး၊ ခန္ဓာကြီးက နှိပ်စက်တာပါ။ တကယ်ဆိုရင် ခန္ဓာကိုယ်ကြီးကြောင့် ဒုက္ခရောက်နေတာပါ။ ဒါကြောင့် #တရားလက်မလွတ်ပါစေနဲ့၊ #ကျားကိုလည်း စိတ်မဆိုးမိပါစေနဲ့။ မိမိခန္ဓာကိုယ်မှာ ရှုမှတ်မြဲ … တရားအလုပ်ကိုသာ ဆက်လုပ်တော်မူပါ။ မိမိ အားထုတ်နေဆဲ တရားရဲ့ စွမ်းရည်ဆိုတာ အခုလို ပြင်းထန်တဲ့လောကဓံနဲ့ တွေ့ရတဲ့အခါ အစွမ်းပြစမြဲပါ။ အရှင်ဘုရားအတွက် တရားစွမ်းရည် စမ်းသပ်ဖို့ အခွင့်ကောင်းကြီးပါ။ ဒါကြောင့် ခန္ဓာက နှိပ်စက်နေတဲ့ သဘောတွေကို မြင်အောင် ကြည့်ပြီးတော့ အပ္ပမာဒသတိကိုသာ စိတ်အစဉ်မှာ ယှဉ်ပြီးတော့ ရှုမှတ်ပါ။ မြတ်စွာဘုရားရှင်ကလည်း အပ္ပမာဒေနသမ္ပာဒေထလို့ ဟောခဲ့တယ် မဟုတ်လား ငါ့ရှင်” လို့ … တရားလက်ဆောင် ပေးခြင်းဆိုတဲ့ မိမိတို့ တတ်နိုင်တဲ့ အကူအညီ ပေးပြီး ပြန်လှည့်သွားကြပါသတဲ့။ ______________________ ဟိုဘက်ကမ်းပါးထိပ်က ကျားဆွဲခံရတဲ့ ရဟန်းကလည်း တရားနှလုံးသွင်း မပ်က္ဘူးတဲ့ …။ ကျားကြီးကလည်း … သူ့နောက်က လိုက်လာတဲ့ ရဟန်းတော်တွေ လက်လျှော့ပြီး ပြန်သွားတဲ့အခါ မြေကြီးပေါ် ခဏချထားတဲ့ ရဟန်းတော်ကို စပြီး စားပါလေရော …။ သားကောင်ကို စားတဲ့နေရာမှာ ကျားနဲ့ ကြောင် မတူပါဘူး၊ ကြောင်များက ခေါင်းဘက်က စပြီးတော့ စားပေမယ့် … ကျားကတော့ ခြေထောက်က စပြီးတော့ စားတယ်လို့ ဆိုတယ်။ ဒါကြောင့် သူ့လက်ထဲ ရောက်နေတဲ့ ရဟန်းတော်ကို အေးအေးဆေးဆေး ခြေထောက်က စပြီး စားတော့တာပါပဲ။ အဲဒီအခါ ရဟန်းတော်ကလည်း - "ငါ့ခြေထောက်ကို ကျားကြီး စားနေတယ်" လို့ မသုံးသပ်ဘဲ … ခန္ဓာကိုယ်ရဲ့ နှိပ်စက်မှုပဲလို့ ခန္ဓာဘက်ကို စိတ်ဦးလှည့်ပြီးတော့ - အရှင်လတ်လတ် ကျားစားခံရလို့ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို … သတိနဲ့စိုက်ပြီး ရှုမှတ်နေပါသတဲ့။ သတိဆိုတာ အတိတ်နဲ့ အနာဂတ်တို့ရဲ့ ဖြားယောင်းမှုက လွတ်ပြီး ပစ္စုပ္ပန်တည့်တည့်မှာပဲ ရှိနေတာမို့ ဝေဒနာကို သည်းခံ ရှုမှတ်နေရင်း ၀ိပဿနာဥာဏ်အစွမ်းကြောင့် … အနိစ္စ- ဒုက္ခ- အနတ္တ လက္ခာရေးသုံးပါး ပြတ်ပြတ်သားသား ထင်မြင်လာပြီး၊ ကျားကြီးက ခြေဖျားကစပြီး စားလိုက်တာ ခြေမျက်စိလည်း ကုန်ရော၊ ကျားစားခံရတဲ့ ရဟန်းတော်က #သောတာပန် ဖြစ်သွားတယ်။ နောက် ကျားကြီး ဆက်စားလို့ ဒူးဆစ်လောက်လည်း ကုန်သွားရော ရဟန်းတော်က #သကဒါဂါမ်ဖြစ်။ နောက် ကျားကြီးက ဆက်စားလို့ ချက်လောက်လည်း ကုန်သွားရော ရဟန်းတော်က #အနာဂါမ်ဖြစ်လို့။ ကျားကြီးက ရဟန်းတော်ကို စားတယ်၊ ရဟန်းတော်က ကိလေသာကို စားတယ်။ "ဟယ်- ကျားကြီး၊ မင်းကပဲ ငါ့ကို ကုန်အောင် စားနိုင်မလား၊ ငါကပဲ ကိလေသာကို ကုန်အောင် စားနိုင်မလား၊ အစား ပြိုင်ကြတာပေါ့ကွာ" လို့ … မပြောသော်လည်း ပြောသကဲ့သို့ အပြိုင်အဆိုင် အားထုတ်လိုက်တာ ကျားကြီးက စားလိုက်တာ … နှလုံးသားနားကိုလည်း ရောက်ရော ရဟန်းတော်ကလည်း ကိလေသာအားလုံး ကုန်ခန်းပြီး #ရဟန္တာဖြစ်တော်မူပါတယ်။ ကျားကြီးက နှလုံးသားကိုလည်း စားလိုက်ရော ရဟန်းတော်သည် … ပရိနိဗ္ဗာန် စံသွားတော်မူပါတယ်။ တိပိဋကဓရ၊ ဓမ္မဘဏ္ဍဂါရိက ယော ဆရာတော်ကြီး _______________________ ဤဓမ္မပုံပြင်ဖြင့် (ယော) ဆရာတော်က - #အဆိုးလောကဓံတွေဆိုတာ စိတ်ကို နီရဲလုနီးပါး ပူလာအောင် မီးဖုတ်ပေးလိုက်တဲ့ သဘောပဲ။ အဲဒီလို အခါမျိုးမှာ လောကဓံဆင်းရဲ အပူမီးထဲက မိမိစိတ်ကလေးကို အပ္ပမာဒသတိ- ညှပ်နဲ့ ဆွဲယူလိုက်ဖို့ လိုပါတယ်။ ပြီးရင် သဒ္ဓါတရား- ရေအေးနဲ့ လောင်းပေး၊ ယောနိသောမနသိကာရ- တူနဲ့ ထုပေးပြီး ဘာဝနာပုံစံ ပေါ်လာအောင် … အသိဉာဏ်ကလေးနဲ့ ဦးစီးမှု ပေးလိုက်ရင် ကျားပါးစပ်ထဲ ရောက်နေတဲ့ ရဟန်းတော်မှ ဘာဝနာအင်အားတွေ ပေါ်လာပြီး ရဟန္တာ ဖြစ်ရသေးတယ် …။ #ကျားစားခံရတဲ့ဝေဒနာဆိုးကြီး ကိုတောင်မှ #သတိနဲ့ တော်လှန်နိုင်သေးတယ် ဆိုရင် #ဒိပြင်လောကဓံတွေနဲ့တွေ့တဲ့အခါ #သတိရဲ့စွမ်းအားဟာ … #ဘယ်လောက်အားကိုးနိုင်တယ်ဆိုတာ #သတိပြုမိဖို့နဲ့ - လောကကြီးအနေနဲ့ ကြည့်ရင် ကျားကိုက်ခံရတာဟာ #ပြဿဒါးပေါ့၊ ဂြိုလ်ဆိုး ၀င်တာပေါ့ …။ ဒါပေမယ့် … သတိတရား လက်ကိုင်ထားလိုက်တာနဲ့ ကျားကိုက်ခံရပေမယ့် ရဟန္တာအထိ ဖြစ်ရတယ်ဆိုတော့ #ရက်ရာဇာပေါ့။ ကံကောင်းတာပေါ့ …။ #ဒါကြောင့် သတိဟာ #အဆိုးထဲမှ အကောင်း ဖြစ်လာအောင်၊ #အရှုံးထဲမှ အမြတ်ပေါ်လာအောင် #လုပ်ပေးနိုင်တဲ့ အံ့သြဖွယ်တရား။ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို အချိန်မရွေး နေရာမရွေး ရစေနိုင်တဲ့ တရားတစ်ခု ဖြစ်တယ်ဆိုတာကို သတိပြုမိဖို့ လိုအပ်ကြောင်း ပြောပြလိုရင်း ဖြစ်ပါတယ်။ စာရှုသူများလည်း သတိမမေ့ ချမ်းသာတွေ့နိုင်သူများ ဖြစ်ကြပါစေ။ #ဓမ္မဒါန 🙏ဓမ္မမိတ်ဆွေများ ကောင်းကျိုးတရား တိုးပွားကြပါစေ🙏 Save & Copy & Share.
via အလင်းရောင် ဓမ္မ https://ift.tt/2zcT9Lv
Newer Post
Older Post
Home