အလင်းရောင် ဓမ္မ
"ဗုဒ္ဓ၏တရားများဖြင့် လောကကို အလင်းရောင်ပေးကြရန်"
Monday, August 19, 2019
သမီးရေ ဆန်မကုန်စေနဲ့ ••••••••••••••••••••• အလှူဒါနလုပ်တဲ့အခါ နည်းခြင်း များခြင်းက အဓိက မဟုတ်ပါ။ စေတနာထက်သန်ခြင်းက အဓိက ဖြစ်ပါသည်။ ထို့ကြောင့် စေတနာထက်သန်စွာ လှူဒါန်းသည့် ဆွမ်းတစ်ဇွန်း၊ အသီးတစ်လုံး၊ ပန်းတစ်စည်း အလှူကလေးများသည်ပင် ‘‘ ကြီးကျယ်သော ကောင်းမှုများ’’ ဖြစ်သည်။ ဗုဒ္ဓဘာသာနိုင်ငံများ၌ ရှင်ငယ် ရဟန်းငယ်များကို ဆွမ်းတစ်ဇွန်း, ဆွမ်းဟင်းတစ်ခွက် လောင်းခဲ့ကြသည့် ဒကာ ဒကာမများ၏ ကျေးဇူးကား တိုင်းတာ၍ မရပါ။ ယနေ့ ဗုဒ္ဓသာသနာ တည်တံ့နေခြင်းမှာ ဆွမ်းဒကာ ဒကာမများ၏ ထောက်ပံ့မှုကြောင့် ဖြစ်သည်။ ဆွမ်းတစ်ဇွန်း၏ တန်ဖိုးကား စကားလုံးဖြင့် မဖော်ပြနိုင်ပါ။ ထို့ကြောင့် ဆွမ်းအလှူကို ၁- ပါးလှူလှူ ၂- ပါးလှူလှူ၊ ၁၀--ပါးလှူလှူ ၁၅- ပါးလှူလှူ၊ နေ့တိုင်းလှူလှူ လတိုင်းလှူလှူ၊ ဘယ်လောက်ပဲလှူလှူ ‘‘ဆန်မကုန်သော အလှူကြီး’’ ပင် ဖြစ်ပါတော့သည်။ သမီးရေ ဆန်မကုန်စေနဲ့ ---------------------- ရွာတစ်ရွာမှာ သားအဖ နှစ်ယောက် ရှိတယ်။ ဖအေတစ်ခု သမီးတစ်ခုပေါ့။ တစ်နေ့တော့ အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကို မှာခဲ့တယ်။ ‘‘ သမီးရေ တကယ်လို့များ အဖေမရှိခင် ဧည့်သည်လာခဲ့လို့ရှိရင် ထမင်းလေးတော့ ကောင်းကောင်းမွန်မွန် ချက်ကျွေးလိုက်ပါ၊ တစ်ခုတော့ ရှိတယ် သမီးရေ ဆန်တော့ မကုန်ပါစေနဲ့နော်’’။ ထမင်းကျွေးမှတော့ ဆန်ကုန်မှာပေါ့ --------------- ဒီတော့ သမီးက ဖခင်ကြီးကို ပြန်ပြောတယ်။ ‘‘ဖေဖေကလည်း ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မှာပေါ့၊ မကုန်လို့ ဘယ်ဖြစ်မလဲ’’။ ‘‘သမီးရယ် ခက်လိုက်တာ၊ ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မယ်ဆိုတာ ဖေဖေလည်း သိတာပေါ့၊ ဒါပေမဲ့သမီး စေတနာထားပြီး ချက်ကျွေးရင် ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရတယ်လေ၊ ဒါကြောင့် အဲဒီအလှူကို ‘ဆန်မကုန်တဲ့ အလှူ’ လို့ ခေါ်တယ် သမီး’’။ ‘‘ စေတနာ မပါပဲ ချက်ကျွေးတော့ ဆန်လည်း ကုန်တယ်၊ ကုသိုလ်လည်းမရဘူး၊ ကုန်ရကျိုး မနပ်ဘူး၊ ဒါကြောင့် အဲဒီအလှူကို ဆန်ကုန်တဲ့အလှူလို့ ခေါ်တယ် သမီး’’။ အဲဒီလို ဖခင်ဖြစ်သူက ရှင်းပြလိုက်မှ သမီးဖြစ်သူလည်း သဘောပေါက်သွားတယ်။ အဲဒီကျတော့မှ ‘‘ ဟုတ်ကဲ့ပါ ဖေဖေ ဧည့်သည်လာလို့ ထမင်းချက်ကျွေးရင် ဆန်မကုန်စေရပါဘူး၊ စေတနာထားပြီး ကျွေးပါ့မယ်၊ သမီး သဘောပေါက်ပါပြီ’’ လို့ ပြန်ပြောလိုက်တယ်။ __________ သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
via အလင်းရောင် ဓမ္မ https://ift.tt/2NqtAzh
Newer Post
Older Post
Home