Saturday, August 24, 2019

စိတ်ချမ်းသာမှုဟာ စိတ်ရဲ့ဓန -------------------------------- ကိုယ့်ဘဝမှာ အားလုံးစိတ်တိုင်းကျဖြစ်မှ ကိုယ့်ကိုယ်ကို ပျော်ခွင့်ပေးမယ့်သူကို ပြပါ။ အဲဒီလိုဆိုရင် ဘယ်တော့မှ ပျော်မှာ မဟုတ်တဲ့သူကို ဘုန်းဘုန်းပြမယ်။ ဘဝမှာ စိတ်တိုင်းကျ ဖြစ်တာ ဘာမှ မတွေ့ရဘူး။ သင့်ရုံပဲ ဖြစ်တာတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာအောင် နေမှ ဖြစ်မယ်။ အခြေအနေကောင်းနေလို့ စိတ်ချမ်းသာနေတဲ့ သူဟာ စိတ်ချမ်းသာအောင် နေတတ်ပြီလို့ မပြောနိုင်ဘူး။ အခြေအနေဆိုတာ အမြဲ ပြောင်းနေတယ်။ စိတ်ချမ်းသာမှုက အရေးကြီးပါတယ်။ စိတ်ချမ်းသာနေရင် ဘဝဟာာ နေပျော်တယ်။ စိတ်ချမ်းသာနေရင် ကျန်းမာရေး ပိုကောင်း တယ်။ ရောဂါဖြစ်ရင်တောင် ပျောက်တာမြန်တယ်။ စိတ်ချမ်းသာနေရင် ဆက်ဆံရေးပိုကောင်း တယ်။ စိတ်ချမ်းသာနေတဲ့သူဟာ သူများကို လည်း စိတ်ချမ်းသာစေချင်တယ်။ လောကဓံက ရိုက်လှဲလိုက်တာကို မခံရတဲ့ သူမရှိဘူး။ * အရေးကြီးတာက ဘယ်လောက် မြန်မြန်ပြန်ထသလဲ ဆိုတာပဲ။ ငွေကြေးချမ်းသာပေမယ့် စိတ်မချမ်းသာတဲ့သူ ရာထူးကြီးပြီး စိတ်မချမ်းသာတဲ့သူဟာ အောင် မြင်တဲ့သူ မဟုတ်ဘူး။ စိတ်ချမ်းသာမှု မရှိဘဲ အောင်မြင်မှုမရှိဘူး။ ငွေက ကိုယ့်ကို ပိုကောင်းတဲ့လူတစ်ယောက် ဖြစ်အောင် လုပ်မပေးနိုင်ပါဘူး။ ပိုပြီးနေရေး ထိုင်ရေး အဆင်ပြေအောင်ပဲ လုပ်ပေးပါတယ်။ ငွေက စိတ်ချမ်းသာမှုကို ဝယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် စားဝတ်နေရေး အဆင်မပြေလို့ စိတ်ဆင်းရဲနေတဲ့သူအတွက် စားဝတ်နေရေး အဆင်ပြေစေမယ့် ဝင်ငွေက အဲဒီစိတ်ဆင်းရဲမှုကို ဖျောက်ပေးနိုင်ပါတယ်။ ငွေများများရလေ စိတ်ပိုချမ်းသာလေတော့ မဖြစ်ဘူး။ * စိတ်ချမ်းသာမှုရဖို့ စိတ်အကြောင်း ကောင်းကောင်း သိမှဖြစ်မယ်။ စိတ်ချမ်းသာမှုဟာ စိတ်ရဲ့ဓန ဖြစ်ပါတယ်။ ဘဝက စိတ်ချမ်းသာမှုကို မပေးပါဘူး။ ဖြစ်လာတဲ့ ကိစ္စကို စိတ်ချမ်းသာအောင် တွေးယူမှ စိတ်ချမ်းသာတယ်။ ကူညီတတ်တာ ကြင်နာတတ်တာ ကိုယ်ချင်း စာတတ်တာ စိတ်ထားမြင့်မြတ်တဲ့ လက္ခဏာ ဖြစ်တယ်။ စိတ်ချမ်းသာအောင် နေတတ်တာ ပညာရှိတဲ့ လက္ခဏာ ဖြစ်တယ်။ ကိုယ်ချင်းမစာတတ်သေးရင် စိတ်ထား မြင့်မြတ်မှု မရှိသေးဘူး။ စိတ်ချမ်းသာအောင်မှ မနေတတ်သေးရင် ဘာပညာမှ မရှိသေးဘူး။ စိတ်ချမ်းသာတဲ့သူဟာ သူလုပ်နိုင်တာကို လုပ်နိုင်တဲ့အချိန်မှာ လုပ်တယ်။ သူ့စိတ်နဲ့ သူလုပ်တယ်။ အခြေအနေက အတင်းအကြပ် တောင်းဆိုလာတဲ့အထိ မစောင့်ဘူး။ ကိုယ်ဘာလုပ်ချင်တယ်ဆိုတာ မသိတဲ့သူ ဟာ အခြေအနေက တောင်းဆိုမှ လုပ်တယ်။ အဲဒီလိုလူဟာ စိတ်ချမ်းသာတဲ့သူမဖြစ်နိုင်ဘူး။ စိတ်ချမ်းသာတဲ့သူဟာ သူလုပ်ချင်တယ် ဆိုတာကို သိတယ်။ အခုလုပ်နိုင်တာကို လုပ်တယ်။ အခုလုပ်တယ်။ ဘယ်သူ့ကိုမှ မစောင့်ဘူး။ ဘယ်သူမှ တောင်းဆိုနေဖို့ မလိုဘူး။ စိတ်ချမ်းသာတဲ့သူဟာ ပြင်ပအခြေအနေက ကိုယ့်စိတ်ချမ်းသာမှုအတွက် အဓိက အကြောင်းတရားလို့ မယုံကြည်ဘူး။ ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ) Copy from Paral lel.


via အလင်းရောင် ဓမ္မ https://ift.tt/2Ntz9wQ